ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးမင်းသူအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးမင်းသူအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော်  ဇန်နဝါရီ  ၂၅

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ အပေါ်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ    အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍   အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏   စစ်ဆေးတွေ့ရှိချက်အရ   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူသည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ အတွင်းက  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ကုမ္ပဏီပိုင်ရှင် တစ်ဦးထံ ဆက်သွယ်၍ NLD တံဆိပ်ပါသော  တီရှပ်အင်္ကျီ အထည် ၁၈ဝဝဝ အတွက် ကာလတန်ဖိုး ငွေကျပ် ၃၁၅ သိန်းကို လည်းကောင်း၊ NLD တံဆိပ်ပါသော လွယ်အိတ်များ ဝယ်ယူရန်အတွက်  ငွေကျပ်သိန်း ၃၆ဝ ကို လည်းကောင်း  လက်ခံရယူခဲ့ခြင်းသည်  ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း   စစ်ဆေးပေါ်ပေါက်သဖြင့်  ၎င်းအပေါ်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ  နေပြည်တော်  ဥတ္တရသီရိမြို့နယ် ဘုရားကုန်မြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။