အင်ဒိုနီးရှားရှိ နိုက်ကလပ်တစ်ခု၌ မီးလောင်၊ လူ ၁၈  ဦးသေဆုံး

အင်ဒိုနီးရှားရှိ နိုက်ကလပ်တစ်ခု၌ မီးလောင်၊ လူ ၁၈  ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ပါပူအာပြည်နယ် ဆိုရောင်းမြို့ရှိ နိုက်ကလပ်တစ်ခု၌ အုပ်စုနှစ်ခုကြား ခိုက်ရန်ဖြစ်ပွားခြင်းနှင့် မီးလောင်ခြင်းတို့ကြောင့် လူ ၁၈ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၅ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါ အုပ်စုနှစ်ခုသည် ဇန်နဝါရီ ၂၂ ရက်တွင် စတင် ရန်ဖြစ်ရာမှ နောက်ဆက်တွဲ အနေဖြင့် ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီတွင် ထပ်မံရန်ဖြစ်ခြင်း ဖြစ်သည်ဟု ဆိုရောင်းမြို့ ရဲတပ်ဖွဲ့မှူးက ပြောသည်။

ဒဘယ်အိုအမည်ရှိ နိုက်ကလပ်၌ဖြစ်သော ခိုက်ရန်ဖြစ်ပွားမှု အတွင်း လူတစ်ဦးဓားထိုးခံရကာ သေဆုံးပြီး ကျန် ၁၇ ဦးမှာ နိုက်ကလပ် မီးလောင်မှုကြောင့် သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

နိုက်ကလပ်၏ ပထမထပ်မှာ  မီးလောင်ကျွမ်းထားပြီး ၎င်းတို့အနေဖြင့်   လူများကို တတ်နိုင်သမျှဘေးကင်းရာ  ရွှေ့ပြောင်းပေးရန် တာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိ သည်။

ထို့နောက် ဇန်နဝါရီ  ၂၅  ရက် နံနက်အစောပိုင်းတွင် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် လိုက်နိုင်သည်ဟု ရဲတပ်ဖွဲ့ အကြီးအကဲကပြောသည်။ ရဲတပ်ဖွဲ့အနေဖြင့် မီးလောင်မှုနှင့် ပတ်သက်၍  စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။