မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် မျှမျှတတ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ လွှဲပြောင်းရယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့်တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးတို့ကို ဦးတည်၍ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။ 

နိုင်ငံသားအားလုံး လိုလားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး တရားမျှတသည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်၊ ကာကွယ်ရန်၊ မြှင့်တင်ရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည့်အတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

နိုင်ငံတော်တွင် ငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အခြေခံ လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရန် လိုအပ်ချက်များနှင့် တရားစီရင်ရေး ကဏ္ဍတွင်လည်း မလိုအပ်ဘဲ ကြန့်ကြာ နေသည့် တရားမမှုများ၊ ရာဇဝတ်မှုများ၊ အယူခံမှု၊ ပြင်ဆင်မှုများကို အချိန်တိုတိုအတွင်း မှန်ကန်မြန်ဆန်စွာ ပြီးမြောက်အောင်မြင်ရေး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။  ထိုသို့ ဆောင်ရွက်ရာတွင် ခေတ်ကာလနှင့် လျော်ညီစေရန် အချို့သောဥပဒေများ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊  ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။ ဤသို့ ဆောင်ရွက်နေခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး တရားမျှတသည့်ဒီမိုကရေစီစနစ်တည်တံ့ခိုင်မြဲရေးတို့အတွက် ဖြစ်သည်။

ကိုယ်ပိုင်ထီးနန်းနှင့် နေထိုင်ခဲ့စဉ်က မြန်မာတို့၏ တရားစီရင်ရေးကို လေ့လာကြည့်လျှင် မြန်မာ့လူ့အဖွဲ့အစည်းသည် မြန်မာ့ရိုးရာတရားစီရင်ရေးစနစ်ကို အသုံးပြုပြီး တရားစီရင်ရေးကို ဆောင်ရွက်ခဲ့ကြသည်။ ရှေးမြန်မာ့ တရားစီရင်ရေးသည် ဓလေ့ထုံးတမ်း ဥပဒေအပေါ်တွင် အခြေခံသည့် တရားစီရင်ရေး ဖြစ်သည်။ မြန်မာဘုရင်များလက်ထက်တွင် တိုင်းပြည်အုပ်ချုပ်သူ ဘုရင်သည် နိုင်ငံ၏ အမြင့်ဆုံးတရားစီရင်ရေး အာဏာပိုင်ဖြစ်သည်။ တရားစီရင်ရေး အာဏာများသည် ဘုရင်မှတစ်ဆင့် မိဖုရားခေါင်ကြီး၊ အိမ်ရှေ့စံ၊ လွှတ်တော်မှ မင်းညီမင်းသားများ၊ လွှတ်တော်ဝန်ကြီးများ၊ ဘုရင်ကခန့်ထားသည့် တရားသူကြီးများ၊ မြို့ဝန်၊ မြို့အုပ်၊ သူကြီးစသည်ဖြင့် အဆင့်ဆင့် ဆင်းသက်သွားကြသည်ပင် ဖြစ်သည်။ မြန်မာဘုရင်များခေတ်တွင် တရားစီရင်ရေး၌ ကျင့်သုံးခဲ့သည့် ဥပဒေအရင်းအမြစ်များမှာ  ရာဇသတ်များ၊ ဓမ္မသတ်များ၊ ဖြတ်ထုံးများပင်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဥပဒေချုပ်ရုံးနှင့် တရားလွှတ်တော် အဆောက်အဦ သစ်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် “နိုင်ငံသားအားလုံးလိုလား သည့်စစ်မှန်၍ စည်းကမ်းပြည့်ဝပြီးတရားမျှတသည့်ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အခြေခံလိုအပ် ချက်ဖြစ်သည့် လူ့အခွင့်အရေးကိုလေးစားလိုက်နာရန်၊ ကာကွယ်ရန်၊ မြှင့်တင်ရန်နှင့်ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး အခြေခံလူ့အခွင့် အရေးများ ရရှိခံစားနိုင်ရန်လည်း လိုကြောင်း၊ တရားစီရင်ရေး ကဏ္ဍတွင်လည်း မလိုအပ်ဘဲကြန့်ကြာနေသည့် တရားမမှုများ၊ ရာဇဝတ်မှုများ၊ အယူခံမှု၊ ပြင်ဆင်မှုများကိုအချိန်တိုတိုအတွင်း မှန်ကန်မြန်ဆန်စွာ ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ တရားစီရင်ရေးအာဏာသည် နိုင်ငံတော်၏ အာဏာသုံးရပ်ထဲမှ တစ်ရပ်ပင် ဖြစ်သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။ ထို့အတူ ဥပဒေရေးရာ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအတွက် အဓိကကျ သည့်အခန်းကဏ္ဍတွင်ရှိနေပြီး ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်၏ အကြီးအကဲကို တာဝန်ခံရသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များသည်လည်း ဝန်ကြီးချုပ်များမှတစ်ဆင့် နိုင်ငံတော်၏အကြီးအကဲ ကိုတာဝန်ခံရခြင်းဖြစ်သည်။ တရားစီရင်ရေး ဥပဒေအကြံပြုရေးတို့နှင့် ပတ်သက်ပြီး မှုခင်းကိစ္စများကို ဆောင်ရွက်ရာတွင်လည်း မှန်ကန်မြန်ဆန်မှုရှိစေရန်နှင့် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရန်အတွက် တရားလွှတ်တော် အဆောက်အဦများနှင့် ဥပဒေရုံးသစ်များကို ရန်ပုံငွေများ နှစ်အလိုက် လျာထားပြီး လိုအပ်သည့်နေရာများတွင် တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရသည် ပြည်သူများ၏ဆန္ဒနှင့်အညီ  ပါတီစုံဒီမိုကရေစီကျင့်သုံးသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးခိုင်မာစွာ ဖြစ်ပေါ်ရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိခြင်းကြောင့် တရားစီရင်ရေးသည် မှန်ကန်မြန်ဆန်ပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးနှင့် အဂတိလိုက်စားမှုကင်းရှင်းရေးသည် လည်း အဓိက အရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ တရားစီရင်ရာတွင် အမြန်ဆုံးတရားစီရင်ရေး သည် အမှန်ဆုံးတရားစီရင်ရေးကို တိုက်ရိုက် အကျိုးပြုပါသည်။ အနှစ်ချုပ်ဆိုရသော် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားစီရင်ရေးပိုင်းဆိုင်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် မျှမျှတတ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။