အင်အားပြင်း အန်နာမုန်တိုင်းကြောင့် မာဒါဂတ်စကာတွင် ၃၄ ဦးနှင့် မိုဇမ်ဘစ်တွင် နှစ်ဦးသေဆုံး

 

အင်အားပြင်း အန်နာမုန်တိုင်းကြောင့် မာဒါဂတ်စကာတွင် ၃၄ ဦးနှင့် မိုဇမ်ဘစ်တွင် နှစ်ဦးသေဆုံး

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ခတ်သည့် အင်အားပြင်းအန်နာကြောင့် မာလာဝီနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး မာဒါဂတ်စကာနိုင်ငံ၌ လူ ၃၄ ဦးနှင့် မိုဇမ် ဘစ်နိုင်ငံ၌ လူနှစ်ဦးသေဆုံးကြောင်း ထို နိုင်ငံများမှ တာဝန်ရှိသူများက ဇန်နဝါရီ ၂၅ ရက်တွင် ပြောသည်။

အာဖရိက၏ အကြီးဆုံးကျွန်းဖြစ်သော မာဒါဂတ်စကာ နိုင်ငံအရှေ့ဘက် ကမ်းရိုး တန်းတွင်ဖြစ်ပေါ်နေသည့် ထိုမုန်တိုင်း ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုနှင့် ရွှံ့နွံဖုံးလွှမ်းခြင်းများဖြစ်ပွားကာ မြို့တော်အန်တာနာနာရီဗိုမြို့ရှိ နေအိမ်များ ရေစီးနှင့်အတူ မျောပါသွားသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်မှစ၍လူ ၃၄ ဦးသေဆုံးကာ ၆၅ဝဝဝ  နီးပါး အိုးပစ်အိမ်ပစ် စွန့်ခွာရကြောင်း မာဒါဂတ်စကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန၏ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံး ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အလားတူ မုန်တိုင်းကြောင့် ဇမ်ဘီဇီယာပြည်နယ်၌ လူနှစ်ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိကြောင်း  မိုဇမ်ဘစ်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသည်။

အိန္ဒိယသမုဒ္ဒရာတစ်လျှောက် တိုက်ခတ်လာသည့် အန်နာမုန်တိုင်းသည် ဇန်နဝါရီ ၂၄ ရက်တွင် အာဖရိကဒေသ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာသည့်အတွက် မိုဇမ်ဘစ်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်းသည်။

ထို့ပြင် အန်နာမုန်တိုင်းကြောင့် အခြေခံအဆောက်အအုံများ  ထိခိုက်ပျက်စီးပြီး ရေလွှမ်းမိုးမှု ဖြစ်ပေါ်နိုင်သည်ဟု ကုလသမဂ္ဂ မိုးလေဝသအဖွဲ့က ကြိုတင်ခန့်မှန်းထားသည်။

အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့၏ ခန့်မှန်းချက်များအရ မိုဇမ်ဘစ်နိုင်ငံရှိ နမ်ပူလာ၊ ဇမ်ဘီဇီယာနှင့် ဆိုဖာလာပြည်နယ်တို့မှ လူငါးသိန်းခန့်မှာ အဆိုပါသဘာဝ ဘေးဒဏ်ကို  ခံစားရနိုင်ဖွယ်ရှိကြောင်း    သိရသည်။