အစ္စရေးက အရွယ်ရောက်ပြီးသူများကို စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရန် စဉ်းစားလျက်ရှိ

အစ္စရေးက အရွယ်ရောက်ပြီးသူများကို စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရန် စဉ်းစားလျက်ရှိ

နိုင်ငံအတွင်းရှိ  အရွယ်ရောက်ပြီးသူ အားလုံးကို စတုတ္ထအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် အစ္စရေးအစိုးရ အကြံပေးအဖွဲ့က အကြံပြုထောက်ခံကြောင်းနှင့် အစိုးရကလည်း ထိုသို့ထိုးပေးရန် စဉ်းစားနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၅ ရက်တွင်ပြောသည်။

စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးခြင်းကို တတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး သို့မဟုတ် ရောဂါပိုးကူးစက်မှုမှ နေပြန်ကောင်းလာပြီး အနည်းဆုံး ငါးလရှိသူများကို ထိုးပေးသွားမည်ဖြစ်သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံအစီအစဉ်ကို ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားရေး မှူးချုပ်က အကြံပြု ထောက်ခံပေးရမည်ဖြစ်သည်။

စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးရာတွင် ယခင်လို အသက် ၆ဝ ကျော်နှင့် ရောဂါ ကူးစက်နိုင်ခြေ များသူများကိုသာ အဓိကဦးစားပေး ထိုးပေးမည်မဟုတ်ဘဲ အခြားသူများကိုပါ ထိုးပေးသွားမည်ဖြစ်သည်။ သို့သော် ကာကွယ်ဆေး ထိုးပေးမည့်ရက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးနှံသူသည် တတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူနှင့်နှိုင်းယှဉ်ပါက ရောဂါပြင်းထန်မှုကို သုံးဆမှငါးဆအထိ ကာကွယ်နိုင်ပြီး ကိုဗစ်- ၁၉ ရောဂါကူးစက်နိုင်မှုကို  နှစ်ဆ ကာကွယ်ပေးကြောင်း တွေ့ရှိပြီးနောက် အစိုးရအကြံပေး အဖွဲ့က စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးရန် အကြံပြု ထောက်ခံခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။