အနန္တော အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၏ နာသုံးနာလက်ကိုင်ထား၍ ကျောင်းသား၊ ကျောင်းသူများအပေါ် မိဘသဖွယ်စိတ်ဓာတ်ဖြင့် သင်ကြားရေး တာဝန်ထမ်းဆောင်နေမှုအား အသိအမှတ်ပြု သတင်းထုတ်ပြန်ခြင်း

နေပြည်တော်  ဇန်နဝါရီ   ၁၃

မြန်မာနိုင်ငံ၌ ဆရာ၊ဆရာမများအပေါ်  ရိုသေလေးစားမှုပြုရသည့် အနန္တောအနန္တဂိုဏ်းဝင် အဖြစ်   ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့် နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည်ဖြစ်ပါသည်။  အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ သည်လည်း စေတနာကိုအရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား  ဂုဏ်သိက္ခာပြည့်ဝစွာဖြင့်   အတတ်ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊  သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့”ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသူများဖြစ်ပါသည်။      

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့်  ရပ်နားထားရသည့် ကျောင်းများကို  လက်ရှိအချိန်တွင် အတိုင်းအတာတစ်ခုအထိ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်  အခြေခံပညာဦးစီးဌာနအောက်ရှိ   အခြေခံပညာအထက်တန်းအဆင့်၊  အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌  တစ်ပြိုင်တည်း အေးချမ်း တည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

စာသင်ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့် ကာလနှင့် လက်ရှိသင်ကြားနေသည့်ကာလတွင် မိမိတစ်ပါတီ ကောင်းစားရေးကိုသာ ရှေးရှု၍ နိုင်ငံရေး အမြတ်ထုတ်လိုသူများ၊ နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကိုထောက်ခံသူများ၊ NUG ၊ CRPH နှင့် PDF စသည့်အဖွဲ့များသည် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင်   ပါဝင်လာစေရန် Social Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများအပြင် ကလေးငယ်များ ပညာသင်ကြားရေးကို အခက်အခဲ ဖြစ်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲ ဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများအပြင်  ဆရာ၊ ဆရာမများကို   စာပေသင်ကြားမှုမပြုနိုင်စေရန် ခြိမ်းခြောက် ခြင်း၊  နှောင့်ယှက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသောကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း များသာမက အချို့အသက်သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ရပြီး သေဆုံးထိခိုက် ဒဏ်ရာ ရရှိသူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   မိသားစုများနှင့် ထပ်တူ  အထူး ဝမ်းနည်းကြေကွဲရပါသည်။

မကောင်းမှု၊  မတရားမှုတို့ကို ပြုလုပ်ရမည့်အပေါ်ရှက်ခြင်း၊ ကြောက်ခြင်းဟူသော ဟီရိ၊ သြတ္တပ္ပတရားတို့ အပေါ်၌  သာမန်လူတို့ထက် ပိုမိုသိရှိ စောင့်ထိန်းတတ်သည့် ဆရာ၊ ဆရာမတို့အနေဖြင့်  ထိုကဲ့သို့သော အခက်အခဲ၊ အကျပ်အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံတို့ကြားမှ    အနန္တောအနန္တဂိုဏ်း ဝင်ဆရာဟူသည့် မွန်မြတ်လှသည့်ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သည့် စိတ်ထားများဖြင့် နိုင်ငံ့အတွက် ပညာတတ် လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရေး ရှေးရှု၍ သင်ကြားရေး တာဝန်များကို မလစ်ဟင်း ရအောင်   အားကြိုးမာန်တက် ထမ်းဆောင်လျက် ရှိသည်ကို တွေ့ရှိရသဖြင့် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

နိုင်ငံ့အနာဂတ် ရင်သွေးငယ်များ၏ စာပေပညာတတ်မြောက်ရေး၊ ပညာရည်မြင့်မားရေးအတွက် အခက်အခဲ မျိုးစုံကြားမှ သင်ကြားရေးတာဝန်များကို ကြိုးပမ်းထမ်းဆောင် လျက်ရှိသည့် ဆရာ၊ ဆရာမများ ဘေးကင်း လုံခြုံရေးအတွက်   လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အထူးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မိဘပြည်သူ များအနေဖြင့်လည်း ရပ်ရွာအေးချမ်း သာယာရေး၊ ကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြား နိုင်ရေးတို့အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိထားကာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ