ထီးဝေါဟာရ လောကအမြင် ဆင်ခြင်တွေးရှု မြန်မာမှု

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဘ၀ အေးအေးလူလူနေထိုင်ခွင့်ရှိသော်လည်း အရင်းခံစာပေသံယောဇဉ်က ရစ်နွှယ်ဆဲဖြစ်၏။ ဖတ်နိုင်သမျှဖတ်၊ စူးစမ်းနိုင်သမျှ လေ့လာအားထုတ်၊ သင်ပြနိုင်စွမ်းရှိသမျှဖော်ထုတ်ဖြစ်၏။ တစ်ခုသောနေ့လယ်တွင် အနီးရှိစာအုပ်စင်မှစာအုပ်ကို ဆွဲငင်ကြည့်မိ၏။ ထင်ရှားသော ကဗျာဆရာကြီးတင်မိုး၏  “ထီးကလေးနှင့်မနီ”  ကဗျာစာအုပ်ဖြစ်၏။ အတွေးရသပေးသော အရည်အသွေး ကောင်းလက်ရာဖြစ်လေသည်။ စာရေးသူကမူ ယင်းခေါင်းစီး ထီးအကြောင်း အတွေးနယ်ချဲ့မဆုံးအောင် ရှိနေ၏။ လူသားတို့အတွက် ရာသီဥတုဒဏ် အပူအအေးအရိပ်အကာအကွယ် ပေးသော လက်မှုအတတ်ပညာနှင့် နွှယ်သောပစ္စည်းဖြစ်၏။ ဒေသနှင့် နေရာဌာနအလိုက်   မြန်မာမှုအသွင် ပေါ်လွင်ထင်ရှားကြ၏။

အိမ်တော်ရာထီး၊  ပုသိမ်ထီး၊   ထီးတန်းစသည်ဖြင့် စွဲမှတ်အောင်မြင်ထင်ရှားလေသည်။ သာသနိက ဘုရားကျောင်းကန်၊ ဘုရင်၊ မှူးမတ်၊ ပရိက္ခရာရှစ်ပါး၊ လူတန်းစားအလွှာ အသီးသီး သုံးစွဲကြသည်။ ဘုရားတန်ဆောင်း၊  ရဟန်းတို့အတွက်  ကနက္ကဒဏ်ထီးဖြူသည် မြင့်မြတ်သကဲ့သို့ ဘုရင်မင်းမြတ်၏ ထီးရိပ်နန်းရိပ်သြဇာအာဏာက ထင်ရှားပါ၏။   ထီးကို အကြောင်းပြု၍ ဆင်ခြင်တုံတရား၊ အသိပညာသင်ခန်း စာပေးတွေးတောကြံဆ နည်းလမ်းရသည့် စာပေနှင့် လောကအမြင် အသွင်ထူးခြားစွာ ပြောလေ့ဆိုထ မရိုးရသည့်စာစုနှင့် နှလုံးစိတ်ဝမ်းညီညွတ်စွာ သုံးစွဲကြသည့် သာဓကများကို တင်ပြချင်၏။

ထီးသည် ယဉ်ကျေးမှုအနွယ်ဝင်ပစ္စည်း ဖြစ်သကဲ့သို့ မြန်မာတို့၏ လက်မှုပညာစွမ်းရည်ပြလုပ်ငန်းဖြစ်၏။ ဒေသအလိုက် စီးပွားရေး အသွင်ဆောင်၏။ ခြားနားသောသုံးစွဲမှုပစ္စည်းတွေကိုတွေ့နိုင်၏။ “ဌာနာဌာနကောသလ”ဟု ဆိုနိုင်၏။ သင့်မြတ်စွာ သုံးစွဲတတ်ဖို့လည်း ဖြစ်လေသည်။ ယင်းတို့အနက်မှ မြန်မာမှုဝေါဟာရ အသုံးအနှုန်းကို လှစ်ဟပြလိုစိတ်ဖြစ်ပါ၏။

အဆုံးအဖြတ်တစ်ခုခုကို အသေအချာခိုင်ခိုင်မာမာ မဆောင်ကြဉ်းနိုင်သူတို့သည် ဆုံးရှုံးမှုနှင့် ကြုံရကြောင်းကို “ဘုရားပွဲလည်းမမီ၊ ထီးတင်ပွဲလည်းမမီ”ဟု ဆိုတတ်ကြပါ၏။ ဗိမ္ဗိသာရနှင့် အဇာတသတ်ဇာတကတွင် သားဖြစ်သူ အဇာတသတ်၏ မလုပ်သင့်သောလုပ်ရပ်၊ ထီးရိပ်နန်းဖြူလုယူရခြင်း အကြောင်းအရာအတွက် ပြင်းထန်သည့် ဒဏ်ရာဒဏ်ချက် ခံစားရပုံကို ရွှေတိုင်ညွန့်က  မိဘမေတ္တာဘွဲ့ရေးခဲ့ခြင်း ဖြစ်လေသည်။

မြန်မာမှုတွင် နှစ်ဦးနှစ်ဖက်အလိုကျဖြစ်မှုကို “ထီးလိုနန်းလို”ဟု တင်စားကြ၏။ ပုဂံမင်းဆက်ရာဇဝင်တွင် အကျုံးဝင်ပါ သေး၏။ ကျွန်တော်တို့ ဝန်ထမ်းဘဝတွင် အထက်အရာရှိကြီး၏ အရိပ်အောက်တွင် နေတတ်ထိုင်တတ်ဖို့ “ထီးရိပ်နှင့် မကင်းကွာစေဖို့”ဟု သင်ကြားပေးတတ်၏။ အနေဝေးကွာလျှင် သူကောင်းပြုခံရဖို့ လွယ်မည်မဟုတ်သည်က လက်တွေ့ဖြစ်လေသည်။ နည်းလမ်းမှန်သော ထီးရိပ်ခိုနားခြင်းက နှစ်လိုဖွယ်ဖြစ်ရပါ၏။

မြင့်မြတ်ခြင်း၊ သင့်မြတ်ခြင်း၊ နေရာပုံစံနမူနာပြထီး အကြောင်းသည် တစ်ခါတစ်ရံရှုတ်ချစရာဖြစ်ရပါ၏။ အလုပ်အကိုင် မည်မည်ရရမရှိ၊ အခြေအနေမရှိခြင်းကို “ထီးထမ်းလမ်းလျှောက်”ဟု နှိမ့်ချစကားဆိုကြပေသည်။

ထို့အတူ လုပ်စရာကိုင်စရာမရှိ၊ ရှိသော်လည်း  အဆင်မပြေ၊ ထီးအသုံးချမှုကအရာမရောက်ခြင်းကို “ထီးဖြူဖိနပ်ပါး”ဟု ဆိုလေသည်။ စာပေလောကတွင် အဆင့်မြင့်မားစွာရေးဖွဲ့ခြင်း၊ ဂန္ထဝင်မြောက်ဖန်တီးခြင်းကို ရှေးအခါက  “ထီးသုံးနန်းသုံးစာပေ” ဟု  ဆိုသည်။ ထီးဟန်နန်းဟန်ကြငှန်းဆန်စွာ ပျို့ကဗျာ အလင်္ကာ သီဆိုခြင်းဖြစ်၏။ ခေတ်အဆက်ဆက်  မရိုးနိုင်သော ထီးမူနန်းရာကြငှန်းဆန်သော အမှတ်အသားဟု ကင်ပွန်းတပ်ရသေး၏။ မြန်မာဘုရင်များခေတ်တွင် ဘုန်းလက်ရုံးအာဏာပြည့်စုံမှုပေါ် မူတည်လျက် ရှည်လျားစွာ အုပ်ချုပ်စိုးစံရခြင်းကို “ထီးနန်းသက်”ဟု မှတ်တမ်းတင်ကြပါ၏။ ထီးတစ်ချောင်းပြုလုပ်ရာတွင် အရိုး၊ အရွက်၊ ခရိုင်စုံလင်ရ၏။ လှပခြင်း၊ ခိုင်ခံ့ခြင်း၊ အကျုံးဝင်၏။ စနစ်ရှိရ၏။ ထိုသဘောသည် မြန်မာမှု၌ သက်ဝင်လာ၏။ “သဘင်မှာစည်း၊ ထီးမှာခရိုင်၊ ရဟန်းမှာဝိနည်း”ဟု အမှတ်အသားရှိခြင်း သာဓကက လမ်းညွှန်ပေသည်။

လူမှုလောကတွင်  အပြောရ  အဆိုရခက်၊ အကဲပိုတတ်သူများကို ဥပမာပေးသောစကားရပ်ရှိ၏။

“မောင်မောင်ဆိုလေ  ထီးရိုးရှည်” ဖြစ်၏။  ဒဏ္ဍာရီစကားဟု ဆိုနိုင်သော်လည်း အဓိပ္ပာယ်ရှိသည်။ ဘုရင်က မောင်မောင်ဆိုသူကို ထီးတော်မိုးအရာပေးထားသည်။ ဘုရင်က မောင်မောင်ဟု ခေါ်လိုက်တိုင်း ထီးရိုးကို လက်တစ်ဆစ်တိုးလိုက်၏။ သို့ဖြင့် ထီးရိုးအတော်ရှည်သွားသည်ကို အကြောင်းပြု၍ ထိုစကားရပ်တွင် ကျယ်လာခြင်းဖြစ်၏။ ကျွန်တော်တို့ငယ်စဉ်က ဆရာမတစ်ဦးဆုံးမလေ့ရှိသော “ပြောလေ  ကဲလေ၊ မန်းလေ ပြဲလေ”ဆိုသည့် စကားအသွားအလာနှင့် ဆင်တူဟန်ရှိပေသည်။

ထီးတော်မိုးရာထူးကလည်း အကြီးအကဲနှင့် နီးစပ်၏။ သူကောင်းပြုခြင်းခံရသည်အထိ ရှိဖူးသည်။ မဝေးလှသော ကာလက ထီးတော်မိုးရာထူးရခဲ့သော သူတစ်ဦးကို ရှုတ်ချသံကြားရဖူးလေသည်။ ဇာတကများတွင် ထီးချက်စောင့်နတ်သမီး အကြောင်း ပါလာတတ်ရာ မှတ်သားဖွယ်ဖြစ်၏။ အဆင်မပြေလှသော လုပ်ငန်းများ ကြုံကြိုက်သည့်အခါ၊ အမူအကျင့်ကို မနှစ်မြို့သည့်အခါ တာဝန်ရှိသူကို “ထီးပြန် ဖိနပ်ပြန်”ဟု ပြောသံကြားဖူး၏။ ရင်းမြစ်အဓိပ္ပာယ်ရှင်းလင်းစွာ မသိသည်ကို ဝန်ခံပါ၏။

မြန်မာမှုတွင် ထီးဝေါဟာရကို အထွတ်အမြတ်ထားကြသည်။ ဘုရင်၏သားတော်များကို “ထီးမွေနန်းလျာ”ဟု ကင်ပွန်းတပ်၏။ ဗုဒ္ဓဇာတက၊ ဝီသတိနိပါတ်၊ ဟတ္ထိပါလပျို့တွင် ဘုရင်ဧသုကာရီ၌ ထီးမွေနန်းလျာမရှိသည်ကို ပူပန်စွာ  ဘုရင်နှင့် ပုရောဟိတ်တို့ ကြိုးပမ်းမှုကို မှတ်သားရလေသည်။ နိုင်ငံတကာ ဖြစ်ရပ်များ၌လည်း တွေ့ကြရာ သင်ခန်းစာရကြရာ ဖြစ်ရပေ၏။

ထီးဟန် နန်းဟန် ကြငှန်းဆန်မှုသည် အဆင့်မြင့်သာဓက နည်းနာယူစရာ ဖြစ်လေသည်။   နိုင်ငံ၏အထွတ်အထိပ် ထီးနန်းအပျောက်မခံနိုင် အချုပ်အခြာအာဏာဖြစ်သဖြင့် ကာကွယ်ရာ၏။ သို့တိုင်အောင် မြန်မာနိုင်ငံသည် ထီးနန်းစွန့်ခွာခဲ့ရပြီး တိုင်းတစ်ပါးလက်အောက် ကျရောက်သဖြင့် ပြန်လည်ရယူဖို့ အားထုတ်ခဲ့ရ၏။ သံဝေဂတွေ၊ သင်ခန်းစာတွေ၊ ယူကျုံးမရသံတွေ၊ အပြစ်တင်သံတွေ ထွက်လာပေသည်။ အတိတ်တဘောင်တွေလည်း အမျိုးမျိုးပေါ်ပေါက်လာ၏။ ထီးကျိုးစည်ပေါက် မင်းလည်းပျောက်ရသည့် အခြေ

အနေကို  အချုပ်တန်းဆရာဖေက  “မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ”ဟု အားမလိုအားမရ တေးထပ်ရေးစပ်ခဲ့၏။ ခေတ်ပြိုင်မျက်မြင်ကိုယ်တွေ့ ဆီးဘန်နီဆရာတော်ကမူ “ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုဉ်းနှင့်၊ သုံးသုဉ်းဘဝ၊ သုညခေတ်တွင်၊ ဖြစ်လာရချေ၊ တို့တစ်တွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏” ဟု သံဝေဂလင်္ကာဖွဲ့ဆိုပါ၏။ အချုပ်အခြာအာဏာဖြစ်သော ထီးနန်း၏အရေးပါမှုကို တွေ့ရပမည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း ဘဝ၏နေထိုင်မှုကို   တမ်းတရခြင်းမဖြစ်ရအောင်   ခေတ်တိုင်း၌ သတိဆောင်ရဆဲဖြစ်ပါ၏။

လူတိုင်းနှင့်သက်ဆိုင်သော လူမှုအသုံးအဆောင် နေ့စဉ်သုံးထီးကို ခေတ်အလျောက်ပုံစံမျိုးစုံတွေ့ရ၏။ ယခု ပေါ့ပေါ့ပါးပါး၊ လှလှပပ၊ ခိုင်ခိုင်ခံ့ခံ့ လွယ်လင့်တကူသုံးနိုင်သော အနေအထားကို အသုံးချနေကြပါပြီ။ အမှုမဲ့အမှတ်မဲ့မဟုတ် တွေးဆစရာတွေ တစ်လှေကြီးထဲက မြန်မာမှုအတွေးအချို့ကို လှစ်ဟပြခြင်းမျှသာ ဖြစ်ပါ၏။ သမားရိုးကျ အသုံးအဆောင်မျှသာ မှတ်ယူခြင်း မပြုဘဲ ယဉ်ကျေးမှုအနုပညာလက်ရာ၊ ဘာသာရေး၊ သာသနာရေး၊ မင်းခမ်းမင်းနား အထိ အစွမ်းထက်ဟန် လူမှုကိစ္စအဖြာဖြာ၌ သတိပေးချင်စရာတွေကလည်း ပြောမကုန်၊ ရေးမခန်းဟု ထင်မိပေသည်။    ။

ညွှန့်ဟံ(ကြူတော)