ဒုတိယအကြိမ် COVID-19 Fund ချေးငွေအတွက် လုပ်ငန်း ၁၀၀၀ ကျော် စတင်ခွင့်ပြု

COVID-19 ရောဂါအခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီမှ စက်တင်ဘာ ၂၂ ရက်က ဒုတိယအကြိမ် COVID-19 Fund ချေးငွေအတွက် ပထမအသုတ်အဖြစ်  လုပ်ငန်း  ၁၀၀၀  ကျော်စတင်ခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၏ ပြောပြချက်အရ သိရသည်။

ဒုတိယအကြိမ် COVID-19 Fund ချေးငွေရရှိသည့် လုပ်ငန်းများတွင် ပလတ်စတစ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဝါးအချောထည်လုပ်ငန်း၊ ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ကော်ဖီလုပ်ငန်း၊ ဘာသာစကားသင်တန်း၊ အနုပညာသင်တန်း၊ မုန့်လုပ်ငန်း၊ ဖိနပ်လုပ်ငန်း စသည့်လုပ်ငန်းများ ပါဝင်ပြီး  ချေးငွေများကို  အတိုးနှုန်း ၁  ရာခိုင်နှုန်းနှင့် ချေးငွေကာလ တစ်နှစ်သတ်မှတ်ထားကြောင်း သိရသည်။

ဒုတိယအကြိမ်ချေးငွေအတွက် ဇူလိုင်၂၉ ရက်မှ သြဂုတ် ၁၀ ရက်အထိ လျှောက်လွှာများကို  လက်ခံခဲ့ပြီး UMFCCI မှတစ်ဆင့် လျှောက်ထားလာသော လျှောက်လွှာအစောင်ရေ ၁၅၇၀၊ Online မှတစ်ဆင့်လျှောက်ထားသော  လျှောက်လွှာ  ၉၉၃ စောင်နှင့်   တိုင်းဒေသကြီးနှင့်ပြည်နယ် CCI    များမှ လျှောက်ထားသော လျှောက်လွှာ ၇၆၄၈ စောင် စုစုပေါင်း လျှောက်လွှာ ၁၀၂၁၁ စောင် လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့   လျှောက်ထားလာသည့် လျှောက်လွှာများအနက် ယခုအခါ လုပ်ငန်း ၁၀၄၁ ခုကို စတင်ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ချေးငွေထုတ်ယူခွင့် ရရှိသူများကို ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ   စိစစ်၍ ချေးငွေထုတ်ပေးမည်ဖြစ်ပြီး ဒုတိယအကြိမ်  COVID-19 Fund ချေးငွေအတွက် ပထမအသုတ်ကို   စတင်ထုတ်ပေးခြင်းဖြစ်ကာ ဆက်လက်၍ ကျန်ရှိသည့် လျှောက်လွှာများအတွက် ချေးငွေများထုတ်ပေးနိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း    သိရသည်။

Kaykay