ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှု ယခင်ဘဏ္ဍာနှစ်ထက်ပိုမို

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သော်လည်း ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ လယ် ယာထွက်ကုန်တင်ပို့မှုတွင်  ယခင်ဘဏ္ဍာ နှစ်ထက် ပိုမိုတင်ပို့ထားနိုင်ကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်အရ သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်အထိ စာရင်း များအရ  ပြည်ပသို့  ဆန်၊ ဆန်ကွဲ၊  ပဲ မျိုးစုံ၊ ပြောင်းနှင့်နှမ်း   ပိုမိုတင်ပို့နိုင်ခဲ့ပြီး ရော်ဘာစိမ်းတင်ပို့မှု  တိုးတက်ခဲ့သော်လည်း ဈေးကျဆင်းမှုကြောင့် ငွေကြေးရရှိ မှု လျော့နည်းခဲ့ကြောင်း၊ ထို့ပြင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂၅ သိန်းကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၆၀ ကျော်ရ ရှိထားပြီး ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၂၂ သိန်းခန့်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၆၆၀ ကျော်သာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၅ သိန်းငါးသောင်း ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ကျော်၊ ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၁၅ သိန်းကျော်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ သန်း  ၉၄၀  ကျော် ရရှိခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပြောင်းတန် ချိန် ၂၂ သိန်းကျော်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ  သန်း ၃၆၀ ကျော်၊ ယခင်ဘဏ္ဍာ နှစ်က တန်ချိန် ၁၄ သိန်းကျော်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်ရရှိ ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့  နှမ်းတန်ချိန်  ၁၅၀၀၀၀ ကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  သန်း ၂၄၀ ကျော်၊ ယခင်ဘဏ္ဍာနှစ်က တန်ချိန်  တစ်သိန်း ကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။           

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ကမ္ဘာ့နိုင်ငံများအနေဖြင့်   ၎င်းင်းတို့နိုင်ငံ အတွက် စားနပ်ရိက္ခာဖူလုံရေး အရန်ဆန် နှင့်ပဲမျိုးစုံကို   ပြည်ပနိုင်ငံများမှ မှာယူ ဖြည့်တင်းကြမည်ဖြစ်၍  မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးမှုနှင့်  ပိုလျှံမှုအပေါ် တွက်ချက်ကာ ပိုမိုချိတ်ဆက်တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

                     သုသု(AMIA)