STAR စက်ရုပ်က လူသား အကူအညီ အနည်းငယ်ဖြင့် ဝက်များကို ခွဲစိတ်မှုပြုလုပ်

STAR စက်ရုပ်က လူသား အကူအညီ အနည်းငယ်ဖြင့် ဝက်များကို ခွဲစိတ်မှုပြုလုပ်

Smart Tissue Autonomous Robot (STAR) အမည်ရှိ စက်ရုပ်သည် လူသား အကူအညီ အနည်းငယ်ဖြင့် ဝက်များတွင် ဝမ်းတွင်းကြည့်ကိရိယာဖြင့် အသေးစား ခွဲစိတ်မှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

ထိုစက်ရုပ်သည် ဝက်လေးကောင်၏ ဝမ်းဗိုက်တွင် အပေါက်ငယ်များ ဖောက်ကာ ခွဲစိတ်မှုကို လုပ်ဆောင်ခြင်းဖြစ်ပြီး အဆိုပါခွဲစိတ်မှုမှာ အူနှစ်ခုကို ဆက်ခြင်းဖြစ်ကြောင်းနှင့်စက်ရုပ်ဖြင့် ပထမဆုံး ခွဲစိတ်မှုဖြစ်ကြောင်း သုတေသီများက ပြောသည်။

စက်ရုပ်အနေဖြင့်     ခွဲစိတ်မှုကို ကိုယ့်ဆုံးဖြတ်ချက်နှင့် ကိုယ် အများဆုံး ဆောင်ရွက်ကြောင်းနှင့် ထိုစမ်းသပ်မှုသည် အနာဂတ်တွင် လူသားများကို ခွဲစိတ်မှုများ၌ စက်ရုပ်များကို ကျယ်ပြန့်စွာ အသုံးပြုနိုင်မှု အတွက် လမ်းခင်းပေးကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်မှ သုတေသန ပညာရှင်များက ပြောသည်။

ထိုစက်ရုပ်သည် ခွဲစိတ်ရာတွင် ချုပ်ရိုးစုစုပေါင်း ၈၆ ချက်ကိုချုပ်ပြီး ခွဲစိတ်မှု အချိန်သုံးပုံနှစ်ပုံကို စက်ရုပ်ကိုယ်တိုင်က ပြုလုပ်ကာ ကျန်အချိန်ကို လူသားများက လမ်းညွှန်ပေးခြင်းဖြစ်သည်။

ခွဲစိတ်မှုပြီးနောက် ချုပ်ရိုးစစ်ဆေးမှုများတွင် စက်ရုပ်အနေဖြင့် လူသားများထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် အင်ဂျင်နီယာကျောင်းမှ စက်မှုအင်ဂျင်နီယာဌာန လက်ထောက်ပါမောက္ခ အက်ဆယ်ကရစ်ဂါက ပြောသည်။

စက်ရုပ်ဖြင့်ဆောင်ရွက်သော   ယခုခွဲစိတ်မှုသည် ၂ဝ၁၆ ခုနှစ်တွင် ပြုလုပ်သော စမ်းသပ်မှု၏  နောက်တစ်ဆင့်ဖြစ်သည်။ ယခင်စမ်းသပ်မှုတွင် စက်ရုပ်က တိရစ္ဆာန် တစ်ကောင်၏အူကို ခန္ဓာကိုယ်အပြင်ဘက်သို့ ဆွဲထုတ်ပြီးနောက် ပြန်ချုပ်ခြင်းဖြစ်သည်။

သို့သော် စက်ရုပ်အနေဖြင့် ယခုခွဲစိတ်မှုတွင် အပေါက်ငယ်လေးများ ဖောက်ကာ ဝမ်းဗိုက်အတွင်းခွဲစိတ်မှုကို ဆောင်ရွက်စဉ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများက ပုံမှန်လှုပ်ရှားနေသည့် အတွက် စိန်ခေါ်မှုပိုများကြောင်း သိရသည်။