နိုင်ငံပြင်ပရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ ဒုတိယအကြိမ် ပေးအပ်

နေပြည်တော်  စက်တင်ဘာ  ၂၃

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်  အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့်   ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာမြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့်ရှိ၊ မရှိ စိစစ်ပြီး သက်ဆိုင်ရာမြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ အချိန်မီပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရုံး ၁၀ ရုံးမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို ၁၈--၂၀၂၀ ရက်နေ့တွင် ပထမအကြိမ်လွဲှပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်စိစစ်ပြီးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက်   ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက  နိုင်ငံခြားရေးဝန်ကြီးဌာန   စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းထံသို့ ယနေ့တွင် ဒုတိယအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့သည်။

ယနေ့လွှဲပြောင်းပေးအပ်ခဲ့သည့်   ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်   စာအိတ်များသည် ဗန်ကောက်မြို့၊ စင်ကာပူမြို့၊ ဆိုးလ်မြို့နှင့် ကွာလာလမ်ပူမြို့တို့ရှိ မြန်မာသံရုံးများတွင် ကြိုတင်ဆန္ဒမဲပေးကြမည့် တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ဖြစ်ကြောင်း သတင်းရရှိသည်။