အာရှဒေသအတွက် သဘာဝဓာတ်ငွေ့အရည်ဈေးနှုန်းမြင့်တက်

ယခုသီတင်းပတ်အတွင်း  အာရှဒေသအတွက်  သဘာဝဓာတ်ငွေ့အရည်ဈေးနှုန်း မြင့်တက်လာပါတယ်။   အကြောင်းရင်းကတော့ ဂျပန်နိုင်ငံရဲ့ရာသီဥတုက ပိုအေးလာပြီး   တရုတ်နိုင်ငံမြောက်ပိုင်းဒေသရှိ နယ်မြေ တချို့ကလည်း ဝယ်လိုအားမြင့်တက်လာကာ ရုရှားနိုင်ငံကနေ ဥရောပဒေသကို သဘာဝဓာတ်ငွေ့ အရည်ရောင်းချမှု အတားအဆီး ဖြစ်လာနိုင်ဖွယ်ရှိမှုတို့ကြောင့်ပါပဲ။

မြင့်တက်သွားတဲ့ ဈေးနှုန်းအနေနဲ့ မတ်လအတွက်   အရှေ့မြောက်အာရှဒေသကို သဘာဝဓာတ်ငွေ့အရည်   အရောက်ပို့ဈေးနှုန်းက mmBtu ကို အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာရှိလာပါတယ်။

ဒီပမာဏဟာ  ပြီးခဲ့တဲ့သီတင်းပတ်က ဈေးနှုန်းထက် ၁၇ ဒသမ ၄ ရာခိုင်နှုန်း ဒါမှမဟုတ် ၄ ဒေါ်လာအထိ မြင့်တက်လာတာဖြစ်ကြောင်း  စွမ်းအင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ရာသီဥတုအေးလာခြင်းက စုဆောင်းထားတဲ့ သဘာဝဓာတ်ငွေ့အရည်ပမာဏကို ခဏအတွင်းမှာ ပင်ကုန်သွားစေပြီး နိုင်ငံအတွင်း  သဘာဝဓာတ်ငွေ့အရည်ပြတ်လပ်မှု မရှိစေရေးအတွက်  ရတဲ့ဈေးနဲ့ ဝယ်ယူဖြည့်တင်းနေရတယ်လို့  ကုန်သည်တွေကပြောပါတယ်။

အာရှဒေသတစ်ဝန်း အပူချိန်ကလာမယ့် ဖေဖော်ဝါရီလအထိ  ပုံမှန်ထက်အေးနေဦးမှာဖြစ်ကာ ဂျပန်နိုင်ငံရဲ့ ပုံမှန်အပူချိန်အောက် ၁ ဒီဂရီစင်တီဂရိတ်ကနေ ၂ ဒီဂရီစင်တီဂရိတ်အတွင်း   ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်   အိုင်းဆက်ဟန့်က ခန့်မှန်းထားပါတယ်။

ဒါကြောင့်လည်း   အာရှဒေသမှာရှိတဲ့ ကုန်သည်တွေက လက်ရှိဥရောပကိုပို့နေတဲ့ အမေရိကန်ရဲ့  သဘာဝဓာတ်ငွေ့အရည်တွေကို   အာရှတိုက်ဆီ ရောက်ရှိလာစေဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်စတင်ဖို့ နီးကပ်လာချိန်နဲ့ တရုတ်အစိုးရကလည်း သန့်ရှင်းကောင်းကင်ယံစီမံကိန်းကို အကောင်အထည်ဖော် နေချိန်တို့မှာ သူတို့အနေနဲ့ သန့်ရှင်းတဲ့ လောင်စာတွေကို  အသုံးပြုဖို့ လိုအပ်လာတာကြောင့် လာမယ့် သီတင်းပတ်အတွင်း သဘာဝဓာတ်ငွေ့အရည်ဝယ်လိုအား မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့    ဈေးကွက်ကျွမ်းကျင်ပညာရှင်   ရိုင်ယန်မက်ကေးက ပြောထားပါတယ်။

နောက်တစ်ချက်က  ဥရောပဒေသရဲ့ သဘာဝဓာတ်ငွေ့အရည်ဝယ်လိုအား အခြေအနေပါ။ ဥရောပဒေသဟာ ယခုလအတွင်း သဘာဝဓာတ်ငွေ့အရည်ကို  စံချိန်တင်နှုန်းထားတစ်ခုအထိ တင်သွင်းထားပါတယ်။

စုစုပေါင်းပမာဏအားဖြင့် ၁၀ ဒသမ ၈ ဘီလီယံကုဗမီတာရှိပါတယ်။   အဲဒီထဲကမှ ၄၅ ရာခိုင်နှုန်းလောက်ကို  အမေရိကန်ဆီ ကနေတင်သွင်းနေတာပါ။

လက်ရှိအနေအထားအရတော့ အမေရိကန်ဆီက သဘာဝဓာတ်ငွေ့အရည်တွေ ဥရောပဒေသကို ပုံမှန်ဝင်နေသေးတဲ့အတွက် ဥရောပအနေနဲ့ အသက်ရှူချောင်နေသေးတယ်လို့ ယူဆနိုင်ပါတယ်။

ဒါပေမဲ့  လတ်တလောဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ  ရုရှားနဲ့ယူကရိန်းတို့ကြား လက်နက်ကိုင်ပဋိပက္ခဖြစ်ပြီဆိုရင်   ဥရောပဆီ အများဆုံးဝင်နေတဲ့ ရုရှားရဲ့ သဘာဝဓာတ်ငွေ့ အရည်ထောက်ပံ့မှုလမ်းကြောင်းက ပြတ်တောက်သွားနိုင်ပါတယ်။

အကယ်၍   ဒီလိုသာပြတ်တောက်သွားပြီဆိုရင်   ဥရောပဝယ်လက်တွေအနေနဲ့ သဘာဝဓာတ်ငွေ့ အရည်ပမာဏ အမြောက်အမြားကို လိုအပ်လာမှာပါ။

ဒါကြောင့် ဒီလိုအခြေအနေသာ ဖြစ်လာခဲ့မယ်ဆိုရင် ဥရောပဒေသအတွက်နဲ့ အာရှဒေသအတွက်   သဘာဝဓာတ်ငွေ့ အရည်ဈေးနှုန်းဟာ   မိုးထိအောင်မြင့်တက်သွားနိုင်ပါတယ်။ ဒါ့အပြင် ဥရောပဒေသကို ဝင်ရောက်နေတဲ့   သဘာဝဓာတ်ငွေ့တင် သင်္ဘောတွေဟာလည်း သူ့ထက်ဈေးကောင်းရတဲ့ အာရှဒေသနဲ့ တခြားဈေးကွက်တွေဆီကို ဝင်ရောက်သွားနိုင်ပါတယ်။

အခုလက်ရှိအခြေအနေမှာကိုပဲ ဥရောပဒေသက   အမေရိကန်ဆီက  သဘာဝဓာတ်ငွေ့ အရည်တင်ပို့မှု အမြောက်အမြားကိုလက်ခံရရှိထားပေမယ့်   တချို့သဘာဝဓာတ်ငွေ့တင်သင်္ဘောတွေကတော့ အာရှဒေသဆီ ဦးတည်သွားရောက်နေပါပြီ။

Ref:NCA

ကိုထက်