ယခုနှစ်အတွင်း တရုတ်ကရေနံစိမ်းတင်သွင်းမှုမြင့်တက်နိုင်

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုပမာဏက  ၆  ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတွေနဲ့ တာဝန်ရှိသူများက ပြောပါတယ်။

မနှစ်ကတော့   ရေနံစိမ်းတင်သွင်းမှုပမာဏ   ရှားရှားပါးပါးကျဆင်းခဲ့ပေမယ့် ဒီနှစ်မှာတော့   ဝယ်လက်တွေ အနေနဲ့ လိုအပ်ချက်ကိုဖြည့်တင်းနိုင်စေဖို့ ပိုမိုတိုးမြှင့်ဝယ်ယူလာနိုင်ဖွယ်ရှိတယ်လို့ ရေနံကုမ္ပဏီ တာဝန်ရှိသူများက ဆိုပါတယ်။

ကမ္ဘာ့ရေနံစိမ်း ကုန်သွယ်မှုပမာဏရဲ့ ၁၀ ပုံ ၁ ပုံကိုသိမ်းပိုက်ထားတဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအား မြင့်တက်မှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာလည်း မြင့်တက်လာနိုင်ပါတယ်။

လက်ရှိအချိန်မှာ ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀ အထိမြင့်တက်နိုင်တယ်လို့  ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ဘရန့်နဲ့ WTI တို့ရဲ့လတ်တလောရေနံစိမ်းပေါက်ဈေးက  ခုနစ်နှစ်အတွင်းမှာ အမြင့်ဆုံးအထိ ရောက်ရှိနေပြီး   ရေနံစိမ်းတစ်စည်ကို  ဒေါ်လာ ၉၀ နားအထိကပ်လာပါပြီ။

ဒါပေမဲ့လည်း   ဒီနှစ်ရဲ့ဒုတိယနှစ်ဝက်မတိုင်မီအထိတော့ ဝယ်လိုအားမြင့်တက်ဦးမှာ မဟုတ်ပါဘူး။ အကြောင်း ရင်းက တရုတ်နိုင်ငံအနေနဲ့လက်ရှိအချိန်မှာ  ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်နေရပြီး  အသေးစား ရေနံချက်စက်ရုံတွေ ကလည်း ထုတ်လုပ်မှုကို အကန့်အသတ်နဲ့ ထုတ်လုပ်နေရတဲ့အတွက်ပါပဲ။

ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံရဲ့ပျမ်းမျှ ရေနံစိမ်းတင်သွင်းမှုပမာဏက တစ်ရက်ကို စည်ပေါင်း ၅၉၀၀၀၀ အထိရှိခဲ့ကာ ဒီနှစ်မှာတော့ တစ်ရက်ကိုစည်ပေါင်း ၆ သိန်းကနေ ၇ သိန်းအထိ  မြင့်တက်လာနိုင်တယ်လို့ စွမ်းအင်အရေး လေ့လာသူများက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့   ရေနံချက်လုပ်မှု ပမာဏက တစ်ရက်ကိုစည်ပေါင်း ၅ သိန်းအထိမြင့်တက်လာနိုင်ကြောင်းနဲ့   အထူး သဖြင့် ဒီနှစ်အတွင်းမှာပြန်လည်ပတ်လာမယ့် ရေနံချက်စက်ရုံတွေကြောင့် ဖြစ်တဲ့အပြင် သယ်ယူပို့ဆောင်ရေးနဲ့ လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲမှုကနေ  လောင်စာဆီ လိုအပ်ချက်မြင့်တက် လာမှုကြောင့် ဖြစ်တယ်လို့  စွမ်းအင်သုတေသနကုမ္ပဏီတစ်ခုမှ လေ့လာသူတစ်ဦးကပြောပါတယ်။

သို့သော်   တရုတ်နိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းမှုပမာဏက  ရုတ်တရက်ဆိုသလို မြင့်တက်သွားမှာမဟုတ်ဘဲ တဖြည်းဖြည်း သာမြင့်တက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယခုလအတွင်း ရေနံတင်သွင်းမှု ပမာဏဟာ တစ်ရက်ကိုစည်ပေါင်း ၉ ဒသမ ၆၉ သန်း (တန်ပေါင်း ၄၁ ဒသမ ၁၃ သန်း)ရှိတယ်လို့ ဈေးကွက်စာရင်းဇယားတွေအရသိရပါတယ်။

နောက်တစ်ချက်က  အရန်ရေနံဝယ်ယူစုဆောင်းမှုကြောင့်   ရေနံစိမ်းတင်သွင်းမှု ပမာဏမြင့်တက်လာမယ အခြေအနေဖြစ်ပါတယ်။

အထူးသဖြင့်  နိုင်ငံပိုင်ရေနံချက်ကုမ္ပဏီတွေဖြစ်တဲ့ ဆိုင်နိုပက်နဲ့ပက်ထရိုင်း ချိုင်းနားတို့က ပြီးခဲ့တဲ့နှစ်အတွင်း လျော့ကျသွားတဲ့ အရန်ရေနံသိုလှောင်မှုကို   ပြန်လည်ဖြည့်တင်းမှာဖြစ်ပါတယ်။

ကုန်းပေါ်ရေနံစိမ်းသိုလှောင်မှု ပမာဏအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ စည်ပေါင်းသန်း ၁၄၀ အထိ လျော့နည်း ကျဆင်းသွားတာကိုတွေ့ရပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း    အကြီးမားဆုံးလျော့နည်း ကျဆင်းမှုဖြစ်တယ်လို့ သုတေသနစာရင်းဇယားများအရ သိရပါတယ်။

ဒါကြောင့်  တရုတ်နိုင်ငံဟာ  အရန်ရေနံဖြည့်တင်းမှုကို  ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက  စတင် လုပ်ဆောင်လာတာကို တွေ့ရပါတယ်။  အခုဆိုရင်  နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အရန်ရေနံကန်တွေထဲကို အီရန်နိုင်ငံဆီက ဝယ်ယူထားတဲ့ ရေနံစိမ်းစည် ၄ သန်းကို ထည့်သွင်းထားပြီးပါပြီ။

ဒါ့အပြင်   ဆိုင်နိုပက်ရဲ့ဝယ်ယူရေး ကုမ္ပဏီဖြစ်တဲ့ ယူနီပက်က ဒီလအတွင်းမှာ အမေရိကန်၊ ရုရှားနဲ့  အရှေ့အလယ်ပိုင်း တို့ဆီကနေ ရေနံစိမ်းစည် သန်းပေါင်းများစွာကို လိုက်လံဝယ်ယူနေကြောင်းနဲ့ ဒါဟာမကြုံစဖူး ထူးခြားတဲ့ဝယ်လိုအား မြင့်တက်မှုဖြစ်ကြောင်း ကုန်သည်တွေက ပြောထားပါတယ်။                    

 Ref:CNA

ကိုထက်