စင်ကာပူ၌ အိုမီခရွန်မျိုးကွဲရောဂါပိုး BA.2 ကူးစက်ခံရသူ ၁၉၈  ဦးရှိဟုဆို

စင်ကာပူ၌ အိုမီခရွန်မျိုးကွဲရောဂါပိုး BA.2 ကူးစက်ခံရသူ ၁၉၈  ဦးရှိဟုဆို

စင်ကာပူနိုင်ငံ၌ မူလအိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးဖြစ်သော BA.1ထက် ပိုမိုကူးစက်မြန်သည့် အိုမီခရွန် မျိုးကွဲရောဂါပိုး BA.2 ကူးစက်ခံရသူ ၁၉၈ ဦးရှိကြောင်း အစိုးရ၏ မကြာသေးမီက ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ထောင်ပေါင်းများစွာ ရှိနေသော်လည်း ဆေးရုံများအနေဖြင့် ကောင်းစွာကိုင်တွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စင်ကာပူ၌ ယခုနှစ်ဇန်နဝါရီ ၂၅ ရက်မှစ၍ BA.2 ကူးစက်ခံရသူများအနက် အယောက် ၁၅ဝ သည် ပြည်ပမှပြန်လာသူများ ဖြစ်ပြီး ကျန် ၄၈ ဦးသည် ပြည်တွင်းမှဖြစ်ကြောင်း TODAY သတင်းစာက ရေးသား ဖော်ပြထားသည်။

BA.2မျိုးကွဲ၏ ကိုယ်ခံအားကို ကျော်လွှားနိုင်မှုများနှင့် ပြင်းထန်မှု အပါအဝင် ရောဂါလက္ခဏာများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို BA.1 နှင့်သီးခြားနှိုင်းယှဉ်ကာ ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်သည်။

BA.2၏ စပိုက်ပရိုတင်းအပါအဝင် သန္ဓေပြောင်းမှု အချို့သည် BA.1 နှင့်ကွဲပြားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BA.2 မျိုးကွဲကို ဇန်နဝါရီ ၂၈ ရက်မှစ၍ ဒိန်းမတ်နှင့်ဗြိတိန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၅ဝ ကျော်၌ တွေ့ရှိထားသည်။

ယခုအခါ စင်ကာပူနိုင်ငံ၌ ဇန်နဝါရီ ၂၈ ရက်တွင် ပြည်ပမှပြန်လာသူ ၂၈၂ ဦးအပါအဝင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၅၅၅၄ ဦး၊  သေဆုံးသူသုံးဦးနှင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၃၈၆၂၅ ဦး ရှိလာကြောင်း သိရသည်။