ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က အမေရိကန်နှင့် ကုန်သွယ်ရေး အငြင်းပွားမှုတွင် တရုတ်ကို ထောက်ခံ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က အမေရိကန်နှင့် ကုန်သွယ်ရေး အငြင်းပွားမှုတွင် တရုတ်ကို ထောက်ခံ

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သည် တရုတ်နှင့်အမေရိကန်တို့ကြား  ဖြစ်ပွားနေသော ကုန်သွယ်ရေး အငြင်းပွားမှုတွင် တရုတ်ကို ထောက်ခံလိုက်ကြောင်း သိရသည်။

အမေရိကန်က နိုင်ငံတကာ ကုန်သွယ်ရေး စည်းမျဉ်းများကို မလိုက်နာမှုအတွက် တရုတ်အနေဖြင့်  တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆၄၅ သန်းရှိသော အမေရိကန် သွင်းကုန်များအပေါ်    အခွန်ကောက်ခံရန် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့က ယခုသီတင်းပတ်တွင်  ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ထိုကိစ္စသည် တရုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အမေရိကန်ကချမှတ်သည့် ထောက်ပံ့မှုယူသော ကုန်စည်များအပေါ် အခွန်ကောက်ခံမှုအတွက် ဆယ်စုနှစ်တစ်ခုကြာမြင့်ပြီဖြစ်သော ကုန်သွယ်ရေး အငြင်းပွားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အမေရိကန်က ၂ဝဝ၈ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်ကြားတွင် စက္ကူ၊ ဆိုလာပြား၊ သံမဏိကြိုးအပါအဝင် တရုတ်ကုန်ပစ္စည်း ၂၂ မျိုးအပေါ် တစ်ဖက်သတ် အခွန်ကောက်မှုကို လက်တုံ့ပြန်သည့် အနေဖြင့် တရုတ်အစိုးရက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ  ၂ဝ၁၂ ခုနှစ်တွင်  လျှောက်ထား တင်ပြခဲ့ခြင်း ဖြစ်သည်။

ထိုသို့တင်ပြမှုတွင် တရုတ်အစိုးရက ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံရှိသော အမေရိကန် ကုန်ပစ္စည်းများကို   အခွန်ကောက်ခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင်    အမေရိကန်ဒေါ်လာ ၇၈၈ ဒသမ ၇၅ သန်းအထိ  လျှော့ချတင်ပြခဲ့သည်။

အမေရိကန်အနေဖြင့် တရုတ်ကို တိုက်ခိုက်သော ကုန်သွယ်ရေး ကုစားမှုစုံစမ်း စစ်ဆေးမှုများတွင် လုပ်ဆောင်နေသည့် အမှားများကို ချက်ချင်းပြင်ဆင်ပြီး အကြောင်းပြချက်များရှာဖွေမှုကို ရပ်တန့်ရန် တရုတ်အစိုးရအနေဖြင့်တိုက်တွန်းကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂေါင်ဖန်းကပြောသည်။

ယခု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က တရုတ်နိုင်ငံကို အမေရိကန်ကုန်ပစ္စည်းများ အပေါ်အခွန်ကောက်ခွင့်ပြုခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။

၂ဝ၁၉ ခုနှစ်ကလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က တရုတ်အနေဖြင့် ဒေါ်လာ ၃ ဒသမ ၅၈ ဘီလီယံရှိသော အမေရိကန်ကုန်ပစ္စည်းများကို အခွန်ကောက်ခံရန် ခွင့်ပြုထားကြောင်း သိရသည်။