ရေနံယိုစိမ့်မှုကြောင့် ထိုင်းနိုင်ငံရှိကမ်းခြေတစ်ခုကို ဘေးသင့်နယ်မြေအဖြစ် သတ်မှတ်

ရေနံယိုစိမ့်မှုကြောင့် ထိုင်းနိုင်ငံရှိကမ်းခြေတစ်ခုကို ဘေးသင့်နယ်မြေအဖြစ် သတ်မှတ်

ထိုင်းပင်လယ်ကွေ့ရှိ ရေအောက်ပိုက် လိုင်းတစ်ခုမှ   ရေနံများယိုစိမ့်မှုကြောင့် အစိုးရက နိုင်ငံအရှေ့ဘက်ရှိ ကမ်းခြေတစ်ခုကို ဘေးသင့်နယ်မြေအဖြစ် ဇန်နဝါရီ ၂၉ ရက်တွင် သတ်မှတ်လိုက်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက်တွင် စတားရေနံချက် စက်ရုံကုမ္ပဏီ၏ ရေအောက်ပိုက်လိုင်းမှ ရေနံယိုစိမ့်မှုဖြစ်ပွားခြင်းဖြစ်ကာ ဇန်နဝါရီ ၂၉ ရက်တွင် ထိန်းချုပ်လိုက်နိုင်သည်။

အဆိုပါ   ပိုက်လိုင်းယိုစိမ့်မှုကြောင့် ခန့်မှန်းခြေအားဖြင့် လီတာ ၅ဝဝဝဝ ခန့်ရှိ သည့်ရေနံများသည် အရှေ့ပိုင်းပင်လယ် ကမ်းခြေမှ  ကီလိုမီတာ ၂ဝ  အကွာရှိ သမုဒ္ဒရာအတွင်းသို့ ရောက်ရှိသွားသည်။

ရေနံယိုစိမ့်မှုမှာ  ထိုင်းပင်လယ်ကွေ့ရှိ ပင်လယ်ပြင်အတွင်း ၄၇ စတုရန်းကီလို မီတာအထိပျံ့နှံ့ပြီး   နောက်တစ်ရက်တွင် ရာယောင်းပြည်နယ်ရှိ    မယ်ရန်ဖောင်း ကမ်းခြေအထိ ရောက်ရှိလာခြင်းဖြစ်သည်။

ကမ်းခြေသန့်စင် ရှင်းလင်းရေးနှင့် ပင်လယ် အတွင်း ရေနံယိုစိမ့်မှုကို တားဆီးရေးအတွက် ရေတပ်စစ်သည်အင်အား ၂ဝဝ နှင့် စတား ရေနံချက်စက်ရုံမှ အလုပ်သမား ၁၅ဝ ခန့် ကိုစေလွှတ်ထားသည်ဟု ရေတပ်က ထုတ်ပြန်သည်။