ဓနိဈေးကောင်းရသဖြင့် ဓနိထိုးသားများနှင့် ရောင်းချသူများ အဆင်ပြေ

ဓနိဈေးကောင်းရသဖြင့် ဓနိထိုးသားများနှင့် ရောင်းချသူများ အဆင်ပြေ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း ဒေသထွက်ကုန် တစ်ခုဖြစ်သည့် ဓနိလုပ်ငန်းသည် ယခုနှစ်အတွင်း ဈေးကောင်းရရှိသဖြင့် ဓနိထိုးသားများနှင့် ရောင်းချသူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

''ဓနိဈေးက အရင်နှစ်တွေထက် အခုနှစ်က ပိုဈေးကောင်းရတယ်။ ဓနိအကြီးတစ်ပျစ်ကို ၆ဝနှုန်းလောက် ရောင်းချရတယ်။ နောက်ကျမှရောင်းမယ် ဆိုရင်လည်း ဈေးကပိုရတယ်။ မိုးမကျခင်အထိပေါ့။ တပေါင်းလလောက်ဆို ဈေးကတက်သွားပြီ။ ခုက ဓနိပေါ်ခါစဆိုတော့ ဒီဈေးလောက် ရတောင်ဓနိခုတ်ခ၊ ထိုးခနဲ့အဆင်ပြေပါတယ်။ ထိုးခအနေနဲ့အပျစ်ရေ ၁ဝဝ ကို ငွေကျပ်  ၁၂ဝဝ လောက်ရတော့ မိသားစုဝင်ငွေ အဆင်ပြေတာပေါ့''ဟု သိလ္လာကျေးရွာမှ ဓနိလုပ်ငန်း လုပ်ကိုင်သူ ဒေါ်သူဇာအောင်က ပြောသည်။

အဆိုပါဓနိလုပ်ငန်းများကြောင့် မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အမျိုးသမီးများ ပုံမှန်အလုပ်ရရှိနေပြီး အိမ်ထောင်သည်အမျိုးသမီးများသာမက အမျိုးသမီးငယ်များလည်း ပါဝင်လုပ်ကိုင်လာကြသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ   အဆင်ပြေလျက်ရှိကြပြီး မြောင်းမြမြို့နယ်အတွင်း သိလ္လာ၊  ဂတ်စု၊ထန်းကုန်း၊ ရှမ်းရေကျော်၊ ထုံးဘို၊ မိကျောင်းအိုင်၊ဆင်ကူးစသည့်ကျေးရွာတို့တွင် ဓနိအများအပြားထွက်ရှိပြီး အိမ်မဲ၊ ကျောင်းကုန်းနှင့် ပန်းတနော်မြို့တို့သို့ အဓိကရောင်းချနေရပြီး ဈေးကောင်းရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဓနိရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ဇင်ထံမှ သိရသည်။