မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမည့် လူနာတင်ဆောင်လာသည့် လူနာတင်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းသေဆုံးကာ အကူယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့၊  လူနာတင်ယာဉ်အား မီးရှို့

မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမည့် လူနာတင်ဆောင်လာသည့် လူနာတင်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းသေဆုံးကာ အကူယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့၊  လူနာတင်ယာဉ်အား မီးရှို့ဖျက်ဆီးခံရ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁
    
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသမည့် လူနာတင်ဆောင်လာသည့် လူနာတင်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် လူနာတင်ယာဉ် ယာဉ်မောင်း သေဆုံးကာ အကူယာဉ်မောင်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါလူနာတင်ယာဉ်အား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး ခဲ့ကြောင်း  သိရသည်။
    
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရင်စိန်ဆေးရုံ၌ သွေးကြောပိတ်ရောဂါဖြင့် ဆေးကုသမှုခံယူလျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာနေ ဦးဒီလေး (၅၄)နှစ် (ဘ)ဦးပါရ်ဒါရမ်း၏ ကျန်းမာရေးအခြေအနေအရ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရမည်ဖြစ်သဖြင့် ဦးဒီလေးအား အဆိုပါဆေးရုံမှ သူနာပြုဆရာမ မသင်းနုအေး (၃၈)နှစ် (ဘ)ဦးမင်းအောင်နှင့်အတူ မြစ်ကြီးနားမြို့ရှိ “ဧရာဝတီဂရုဏာ” လူမှုရှာဖွေကယ်ဆယ်ရေး အသင်းပိုင် NOTE အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် မြစ်ကြီးနားမြို့၊ အေးစေတီ ရပ်ကွက်နေ ကိုဆန်းနိုင် (၂၉)နှစ် (ဘ)ဦးအောင်မြတ် မောင်းနှင်ပြီး  အကူယာဉ်မောင်းဖြစ်သူ ဝိုင်းမော်မြို့နေ ကိုအောင်ဖြိုးဦး (၂၃)နှစ်(ဘ) ဦးဝင်းမြင့်တို့နှင့်အတူ မြစ်ကြီးနား-အင်းတော်- ထီးချိုင့်- မန္တလေးကားလမ်းအတိုင်း ထွက်ခွာလာခဲ့ပါသည်။
    
ထိုသို့ထွက်ခွာလာစဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ထီးချိုင့်မြို့နယ်၊ ဇီးဖြူကျင်းကျေးရွာနှင့် ဘိုတဲကုန်းကျေးရွာအကြားအရောက်၌ လက်နက်များကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမားများက လူနာတင်ယာဉ်အား တားဆီးခဲ့ရာ ယာဉ်မောင်း ကိုဆန်းနိုင်မှာ လူနာအရေးကြီးနေသဖြင့် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ခဲ့ရာ အကြမ်းဖက်သမား များက လူနာတင်ယာဉ်အား သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် လူနာတင်ယာဉ်မောင်း ကိုဆန်းနိုင်တွင် နဖူးနှင့် ဝဲလက်ဖျံတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ပြီး အကူယာဉ်မောင်းဖြစ်သူ ကိုအောင်ဖြိုးဦးတွင် ကျောကုန်း ဝဲဘက် ကျည်ထိမှန်ဒဏ်ရာ တစ်ချက်နှင့် ဝဲပါး ကျည်ရှပ်ထိဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ပြီး လူနာတင် ယာဉ်၏ ရှေ့လေကာမှန်၊ ဝဲ/ယာလေကာမှန်တို့ ကွဲအက်၍ ကားရှေ့ဘီး ၂ လုံးတို့ ထိခိုက်ပျက်စီးခဲ့ပါသည်။
    
ထို့နောက်အကြမ်းဖက်သမားများက လူနာတင်ယာဉ်အနီးသို့ ရောက်ရှိလာပြီး အော်ဟစ် ဆဲဆို ကြိမ်းမောင်းကာ ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် သူနာပြုဆရာမ မသင်းနုအေးမှ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် လူနာတင်ယာဉ်မောင်း၊ အကူယာဉ်မောင်းနှင့် ဆေးရုံလွှဲပြောင်းကုသမည့် ဦးဒီလေးတို့အား လမ်းကြုံမော်တော်ယာဉ်ဖြင့် တင်ဆောင်ကာ ထီးချိုင့်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးဒီလေးနှင့် သူနာပြုဆရာမ မသင်းနုအေးတို့အား မန္တလေးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အကြမ်းဖက်သမားများ၏ ပစ်ခတ်ခဲ့မှု ကြောင့် အခင်းဖြစ်နေရာတွင် ကျန်ရှိခဲ့သည့် လူနာတင်ယာဉ်အား သယ်ဆောင်နိုင်ရေးနှင့် ထိုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများအား ကူညီစောင့်ရှောက်မှုပေးသည့် လူမှုကူညီရေးယာဉ်များကို ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံ တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလူနာတင်ယာဉ်မှာ အခင်းဖြစ်နေရာတွင် မတွေ့ရှိရသဖြင့် လိုက်လံရှာဖွေခဲ့ရာ လူနာတင်ယာဉ်အား အခင်းဖြစ်နေရာနှင့် ကိုက် ၃၀၀ ခန့်အကွာ လမ်းဘေး၌ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးထားသဖြင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရပါသည်။
    
ထိုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာအခက်အခဲ များအား ကူညီစောင့်ရှောက်မှုပေးသည့် လူမှုကူညီရေးယာဉ်များကို ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိ သည်။