နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂ဝ၂ဝ ပြည့်နှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်၍ မဟော်ဂနီပင်စိုက်ပျိုးပေး

နေပြည်တော်  သြဂုတ်  ၆

၂ဝ၂ဝ ပြည့်နှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းဘေးရှိ ဖိုးဇောင် တောင်ကြိုး ဝိုင်း အကွက်အမှတ် (၂ဝ)၌ ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်သည်။

အခမ်းအနားသို့  ဒုတိယသမ္မတများ ဖြစ်ကြသည့်  ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မဟော်ဂနီပင်ကို သတ်မှတ်နေရာ၌ စိုက်ပျိုးပေးသည်။

အလားတူ ဒုတိယသမ္မတ ဦးမြင့်ဆွေက ကျွန်းပင်ကိုလည်းကောင်း၊ ဒုတိယ သမ္မတ   ဦးဟင်နရီဗန်ထီးယူက  သပြေပင်ကို လည်းကောင်း  သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိသူများက သတ်မှတ် နေရာများ၌ သစ်ပင်ပျိုးပင်များကို စိုက်ပျိုး ပေးကြသည်။

ယင်းနောက် နိုင်ငံတော် သမ္မတသည် ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ် (၂ဝ)၌  သစ်ပင်ပျိုးပင်များ စိုက်ပျိုး ထားမှု အခြေအနေကို လိုက်လံကြည့်ရှုသည်။

ယင်းအခမ်းအနားတွင် မဟော်ဂနီ၊ ကျွန်း၊ သပြေ၊ ပျဉ်းကတိုး၊ မြန်မာပိတောက်၊ တမ လန်း၊ အင်ကြင်း၊ ဖျောက်ဆိပ်၊ ရုံး၊ ကံ့ကော်၊ ရင်းမာ၊ ရေသဖန်း၊ ပန်းမဲဇလီ၊ ထောက်ကြံ့၊ မဏိသြဃ၊ စစ်၊ သင်းဝင်၊ လယ်စ၊ မအူ လက်တံတို၊ ယမနေ၊ ပျဉ်းမ၊ ပင်လယ်ကဗွီး၊ တင်းဝါး၊ ဝါးဘိုးမျက်ဆံကျယ်၊ ကြသောင်း၊ ဝါးမင်း၊ ဝါးဘိုး စသည့် ပျိုးပင် စုစုပေါင်း ၇ဝဝ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဖိုးဇောင်တောင်ကြိုးဝိုင်းသည် ဧရိယာ ၈၅၁၇ဒသမ ဝ၉ဧက အကျယ်အဝန်းရှိပြီး အကွက်ပေါင်း ၅၁ ကွက်ရှိကာ အပင် မျိုးပေါင်း ၂ဝ ကျော် ပေါက်ရောက် လျက်ရှိကြောင်း သိရသည်။