စစ်ဘက်ဆိုင်ရာ အာဆီယံဒေသတွင်း ပေါင်းစည်းညီညွတ်မှု

နိုင်ငံတစ်နိုင်ငံသည် နိုင်ငံတကာပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် မလွဲမသွေ ဆက်ဆံရသည်။ ယင်းသို့ ဆက်ဆံရာတွင် မိမိအကျိုး၊ သူတစ်ပါးအကျိုး(အတ္တဟိတ၊ ပရဟိတ)မျှတမှုရှိသည်နှင့်အမျှ နိုင်ငံအချင်းချင်း ဆက်ဆံမှုသည် ကောင်းမွန်နေမည်။ လူ့အဖွဲ့အစည်းသည်လည်း တိုးတက်စည်ပင်ဝပြောပြီး ငြိမ်းချမ်းသာယာပေမည်။ နိုင်ငံအချင်းချင်းဆက်ဆံကြရာတွင် မာန်မာနနှင့်အသာစီးရလိုမှုကို လျှော့ချ၍ ညီညွတ်မျှတသည့် လူမှုစီးပွားဝန်းကျင်နှင့် ကြီးပွားဖွံ့ဖြိုးတိုးတက်သည့် အခြေအနေသို့ ရောက်အောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ကမ္ဘာကြီးတွင် မည်သည့်နိုင်ငံမျှ တစ်နိုင်ငံတည်း သီးခြားရပ်တည်၍ မဖြစ်တော့ပေ။ ထိုအခါ တည်နေရာဒေသကိုမူတည်၍ နိုင်ငံများပူးပေါင်း ဆောင်ရွက်ကြရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တည်ရှိသည့်အတွက် အခြားသော အရှေ့တောင်အာရှနိုင်ငံများနှင့် လက်တွဲဆောင်ရွက်နေသည်။ နိုင်ငံတော်အစိုးရအချင်းချင်းဆက်ဆံရေးရှိသကဲ့သို့ အာဆီယံ တပ်မတော်များအချင်းချင်းသည်လည်း ပူးပေါင်းဆောင်ရွက်ကြရသည်။ မိမိတို့နိုင်ငံအသီးသီးရှိ ပြည်သူလူထု

၏လူနေမှုဘဝမြင့်မားစေရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများ ပေါင်းစည်းညီညွတ်သော စွမ်းအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း လူသားစွမ်းရည်ဖွံ့ဖြိုးရေးကို ဦးတည်၍ စီးပွားရေးအင်အားခိုင်မာ တောင့်တင်းရန်နှင့် ဒေသတွင်းရင်ဆိုင် ကြုံတွေ့နေရသည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တပ်မတော်များ အတူတကွ လက်တွဲ

ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်တစ်ခု၊ ဒေသတစ်ခု၏ အေးချမ်းသာယာရေး၊ တိုးတက်စည်ပင်ရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေးကဏ္ဍ ခိုင်ခိုင်မာမာရှိနေမည်ဖြစ်သည်။ ထို့အတွက် အာဆီယံဒေသတွင် စစ်ဘက်ဆိုင်ရာ ပေါင်းစည်းညီညွတ်မှု တည်ဆောက်နေခြင်းဖြစ်သည်။ အာဆီယံတပ်မတော်များအနေဖြင့် ဒေသတွင်းရှိ ပြည်သူများ၏ဘဝ တည်ငြိမ်လုံခြုံရေးအတွက် ညီညွတ်မှုအားကို အသုံးချပြီး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းဖြင့် အာဆီယံနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်မှုစွမ်းရည်များ တိုးတက်မြင့်မားစေမည် ဖြစ်သည်။

(၁၇)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် Video Conferencingဖြင့် ချိတ်ဆက်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  နေပြည်တော်ရှိ  ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှတစ်ဆင့် ပါဝင်တက်ရောက်ဆွေးနွေးသည်။ အစည်းအဝေး တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Screenshot ဖြင့် စုပေါင်းဓာတ်ပုံ ရိုက်ကြပြီး အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။ အစည်းအဝေးသဘာပတိ ဗီယက်နမ်ပြည်သူ့တပ်မတော်ဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ အာဆီယံနိုင်ငံများမှ တပ်မတော်အကြီးအကဲများက ပေါင်းစည်း ညီညွတ်မှုရှိပြီး လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံအတွက် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ခြင်းအပေါ် အမြင်များအား နိုင်ငံအလိုက် အသီးသီး ဆွေးနွေးကြသည်။

အရှေ့တောင်အာရှဒေသသည် လက်ရှိကာလတွင် သမားရိုးကျလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပြင် အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ အရင်းအမြစ်ရှားပါးလာမှု၊ ကူးစက်ရောဂါပြန့်ပွားမှု၊ သဘာဝဘေး အန္တရာယ်၊ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ အစာရေစာရှားပါးမှု၊ လူမှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သတင်းအချက်အလက်လုံခြုံရေး၊ ပင်လယ်ဓားပြမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ကဲ့သို့သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ ထိုစိန်ခေါ်မှု များ လျင်မြန်စွာတုံ့ပြန်နိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း ဆက်ဆံရေးမြှင့်တင်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများတွင် ညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရပေမည်။ အဓိကအချက်မှာ အာဆီယံတပ်မတော်များအကြား ယုံကြည်မှုတည်ဆောက်ခြင်း၊ သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီဖလှယ်ခြင်း၊ စွမ်းရည်တည်ဆောက်ခြင်း လုပ်ငန်းများတွင် ပူးပေါင်း လေ့ကျင့်ဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေး ခရီးများ အပြန်အလှန်သွားရောက် လည်ပတ်ခြင်းအားဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဟန်ချက်ညီညီ ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။

အနှစ်ချုပ်အားဖြင့်ဆိုရသော် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းညီညွတ်မှုအား တည်ဆောက်ခြင်းဖြစ်ပေရာ နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် ပူးပေါင်းဆောင်ရွက်မှု၊ သဘောထားကွဲလွဲမှု၊ အငြင်းပွားမှုနှင့် ပဋိပက္ခဖြစ်မှုများ ပေါ်ပေါက်ခဲ့သော်  အာဆီယံ၏ဆောင်ပုဒ်ဖြစ်သည့် “One  Vision, One  Identity,One  Community” အတိုင်း မိမိတို့၏ မတူကွဲပြားမှုများကို လိုက်လျောညီထွေမှုရှိအောင် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။