ပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဆက်လက် ကျင်းပ

ပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဆက်လက် ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ  ၁၁

မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်း အားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သော လူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစား သမားများနှင့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိသည်။

အဆိုပါ ၂ဝ၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆက်လက်ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ   ဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ   တက်ရောက်ကြည့်ရှု အားပေးကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား၊ အမျိုးသမီး) ကီလိုတန်းအလိုက် တစ်ကိုယ်တော်လက်သိုင်းပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ တစ်ကိုယ်တော် ဓားတစ်လက်ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ တစ်ကိုယ်တော် တုတ်ရှည်ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓားသိုင်းအတိုက်(ဓားတစ်လက်၊ ဓားနှစ်လက်)ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

မြန်မာ့သိုင်းပြိုင်ပွဲအား နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ပြိုင်ပွဲအမျိုးအစားအလိုက် ဆက်လက် ကျင်းပသွားမည်ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း၊ အားကစားသမားအင်အား  ၁၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း  သတင်း ရရှိသည်။