အမျိုးသားတစ်ဦးအား ၁၂ ဘီး မော်တော်ယာဉ် တိုက်မိ၍ သေဆုံးမှုဖြစ်ပွား

အမျိုးသားတစ်ဦးအား ၁၂ ဘီး မော်တော်ယာဉ် တိုက်မိ၍ သေဆုံးမှုဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းမြို့ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၁ဝရက်က ခရီးသည်တင်မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသားတစ်ဦးအား ၁၂ ဘီးယာဉ်က တိုက်မိကာ သေဆုံးမှုဖြစ်ပွားကြောင်း မိုးညှင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ဝရက် နံနက် ၆နာရီ ခွဲက မိုးညှင်းမြို့ မော်ဟဲကျေးရွာ အောင်စုဝိုင်း ထမင်းဆိုင်အနီးရှိ  ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကာ အသက်(၄ဝ)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ မိုးညှင်းမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁ဝ၁)မှ ဒုရဲအုပ် ဖြိုးမြတ်ဇော်နှင့် တပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေးရာ အသက် (၄ဝ) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးသည်

ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာ၊ မျက်နှာနှင့် ရင်ဘတ်တွင် ပြင်းထန်ဒဏ်ရာများ ရရှိပြီး သေဆုံးနေသဖြင့် ရဲဆေးစာဖြင့် မိုးညှင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူမှာ ဖားကန့်ရတနာခရီးသည်တင်မှန်လုံယာဉ်ဖြင့် မိုးကောင်းမြို့မှ လိုက်ပါလာသူ ခရီးသည်ဖြစ်ပြီး ခရီးသည်တင် မော်တော်ယာဉ်မှ  အောင်စုဝိုင်း ထမင်းဆိုင်တွင် ရပ်နားစဉ် ထမင်းစားပြီး ဆိုင်ပြင်သို့ လမ်းလျှောက်ထွက်ရာမှ ၁၂ ဘီး အပြာရောင်ယာဉ် တစ်စီးက တိုက်မိပြီး ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးညှင်းမြို့မရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၂/၂ဝ၂၂၊ပြစ်မှုပုဒ်မ ၃ဝ၄-က/၂ဝ၂ အရ အမှုဖွင့်ထားကြောင်း သိရသည်။