အရိပ်လည်းခို အခက်လည်းပျိုစေချင်

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်သည်။ ရှေးဘိုးဘေးဘီဘင် အဆက် ဆက်သည် ဘုရားတည်ခြင်း၊ ကျောင်းဆောက်လုပ်လှူဒါန်းခြင်း၊ ဆည်မြောင်း တာတမံများ ဖော်ထုတ်ခြင်းများကိုပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ရွှေရောင်ဝင်း သော ဘုရားပုထိုးစေတီများ၊ မြန်မာမှုအနုလက်ရာ စီခြယ်ထားသော ဘုန်းတော်ကြီး ကျောင်းများနှင့် စိမ်းလန်းစိုပြည်သော လယ်ကွင်းများကို တွေ့မြင်ရတိုင်း ရှေးက မြန်မာကြီး များကိုကျေးဇူးတင်သည်။ သြော်...သူတို့ကြောင့်၊ သူတို့ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ကျေးဇူး ကြောင့် ယနေ့တိုင်ရှေးဟောင်း အမွေအနှစ်များမြင်တွေ့နေရခြင်း ဖြစ်ပါကလားဟူ၍ အောက်မေ့မိသည်။

ရှေးမြန်မာအစဉ်အဆက်က အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့၍ ယနေ့ ခေတ်တွင် ဘာသာသာသနာ မကွယ်ပျောက်ခြင်းဖြစ်သည်။ အချို့သော နိုင်ငံများတွင် မိဘဘိုးဘွား အစဉ်အဆက်ထိန်းသိမ်းခဲ့သော ဘာသာတရားများ ကွယ်ပျောက်ပြီး ထိုနေရာ တွင် အခြားသော ဘာသာယဉ်ကျေးမှုတို့ လွှမ်းမိုးသွားခဲ့သည်။ ဘုရားတည်၊ ကျောင်းဆောက် ခြင်း အလေ့အထရှိခဲ့ခြင်းကြောင့်သာ တစ်ချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့ကြောင်း ခိုင်ခိုင်မာ မာပြောဆိုနိုင်ခြင်း ဖြစ်သည်။ တူးဖော်တွေ့ရှိထားသော ရှေးဟောင်း အမွေအနှစ်များက သက်သေခံလျက်ရှိသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံအဖြစ်ရပ်တည်နေနိုင်ခြင်းမှာ ရှေးလူကြီး များ၏ ထိန်းသိမ်းစောင့်ရှောက်မှုကြောင့်ဖြစ်ပေရာ ယနေ့မျိုးဆက်များ လက်ထက်တွင် လည်း နောင်လာနောက်သားတို့အတွက် ကောင်းသော အမွေပေးနိုင်ကြရန် လိုအပ်ပေသည်။ ဘိုးဘွားစဉ်ဆက်က ထိန်းသိမ်းလာခဲ့သော ဤနိုင်ငံတွင်နေထိုင်ပြီး မိမိတို့လက်ထက်ကျမှ ထိန်းသိမ်းနိုင်မှုမရှိ၍ ဘာသာသာသနာ ကွယ်ပျောက်မည်ဆိုလျှင် လူဖျင်းလူညံ့များ ဖြစ်ရုံ သာမက အရိပ်နေနေ အခက်ချိုးချိုး စကားပုံကဲ့သို့ ဖြစ်နေလိမ့်မည်။

လောကတွင် သစ်ပင်ဝါးပင်တို့၏ အရိပ်သည် အေးမြ၏။ မိဘတို့၏အရိပ်သည် သစ်ပင်ထက် ပို၍ အေးမြ၏။ မြတ်စွာဘုရားရှင်တို့၏ အရိပ်သည်ကား အအေးမြဆုံးဖြစ်လေသည်။ အရိပ် ဟူသည်မှာ ပင်ပန်းနွမ်းနယ်နေသူများကို အမောပြေစေပါသည်။ အရိပ်အာဝါသကောင်းတွင် ခိုနားမိလျှင် ထိုသစ်ပင်၏ကျေးဇူးကို သိတတ်ဖို့လိုပေသည်။ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ အပင်ရိပ်တွင်လူဖြစ်ကာ ခိုနားနေထိုင်ကြပြီး ဤသစ်ပင်ကြီး၏ အခက်အလက် တို့ကို ပျက်စီးအောင်ပြုလုပ်မည်ဆိုပါလျှင် တာဝန်မကျေသူများအဖြစ် သမိုင်းတွင် ကျန်မည် ဖြစ်ပေသည်။ မိမိကိုအရိပ်ပေးခဲ့သော သစ်ပင်၏ အကိုင်းအခက်တို့ကို ချိုးဖဲ့ပစ်လျှင် ထိုသူ သည် ကျေးဇူးတရားကို မသိတတ်သူ၊ ကျေးဇူးကန်းသူဖြစ်ပေလိမ့်မည်။

နိုင်ငံတော်ကို သစ်ပင်ကြီးတစ်ပင်ဟု တွေးမြင်ကြည့်လျှင် မိမိတို့ဘိုးဘွားများက ထိုသစ်ပင် ကြီး မပျက်မစီးရလေအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသည်။ အခက်အလက်များ ဖြာဝေနေအောင် ရေလောင်းပေါင်းသင်ပြုစုခဲ့ကြသည်။ လေပြင်းမုန်တိုင်းတိုက်ခတ်၍ ယိုင်နဲ့ သွားသည်ကိုပင် လုံးဝမပြိုကွဲ၊ မယိုင်လဲအောင်ထိန်းသိမ်းခဲ့ကြသည်။ ထိန်းသိမ်းစောင့်ရှောက် ခဲ့သူများတွင် ဗိုလ်ချုပ်အောင်ဆန်းအစရှိသော တပ်မတော်သားကြီးများလည်း ပါဝင်သည်။ အသိပညာရှင်၊ အတတ်ပညာရှင် ပေါင်းမြောက်မြားစွာသည်လည်း ကျရာအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် ယနေ့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ကြွားကြွား ဝင့်ဝင့် ငွားငွားစွင့်စွင့် တည်ရှိနေခြင်းဖြစ်သည်။

နိုင်ငံတော်ကိုတည်ဆောက် ကာကွယ်နေသူများရှိသကဲ့သို့ အရိပ်နေနေ အခက်ချိုးချိုး သဖွယ် ပြုမူနေသော အဖျက်သမားများလည်း ရှိနေသည်။ အကြမ်းဖက်လက်နက်ကိုင်ကာ အဖျက် လုပ်ရပ်များကို လုပ်ဆောင်နေသူများ ရှိနေသည်။ တစ်မျိုးသားလုံးကို ဒုက္ခပေးနေသည့် မူးယစ်ဆေးဝါးကို ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများသည် တိုင်းပြည်နှင့် လူမျိုး ကိုထိခိုက်စေသည်။ တစ်ကိုယ်ကောင်းစိတ်နှင့် ဝိသမလောဘသမားများသည် အရိပ်နေနေ အခက်ချိုးချိုးဆိုသည့် လူစားပင်ဖြစ်သည်။

တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုသည့်အတိုင်း နိုင်ငံတော် နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် အန္တရာယ်မှန်သမျှ တားဆီးတိုက်ဖျက် ကာကွယ်လျက်ရှိသည်။ မူးယစ်ဆေး ပပျောက်ရေးတွင်လည်း တပ်မတော်သားတို့ ပါဝင် သည်။ ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရလျှင်လည်း တပ်မတော်သား တို့ကူညီလျက်ရှိသည်။ COVID-19 ကူးစက်မှုမြင့်တက်နေစဉ် ပြည်သူလူထု အခက်အခဲနှင့် ကြုံတွေ့ရသောအခါ တပ်မတော်က ချိန်ခါမရွေး၊ နေရာဒေသမရွေး ကူညီလျက်ရှိသည်။ အနှစ်ချုပ်ဆိုရလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုသော သစ်ပင်ကြီး အခက် အလက်များ စိမ်းလန်းဖြာကာ သာသာယာယာရှိနေစေရေးအတွက် တပ်မတော်က ဆောင် ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။  ။