ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လေ့လာစရာ ရေတံခွန်တောင်အလှတရား

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာအနီးရှိ ရေတံခွန်တောင်မှာ   စိတ်ဝင်စားဖွယ်ကောင်းသော တောင်တစ်တောင်ဖြစ်သည်။ ပုသိမ်ကြီးမြို့နယ်ကို ပိုန်သုကြီ၊ ပန်သူကြီးနှင့် ပံသုကျီအမည်များဖြင့် စတင်ခေါ်ဝေါ်ကာ နောက်ပိုင်းပုသိမ်ကြီးအဖြစ် ပြောင်း လဲခေါ်တွင်လာပုံမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ဧရိယာအကျယ်အဝန်း ၂၃၁ ဒသမ ၈၂  စတုရန်းမိုင်ရှိပြီး အရှေ့ဘက်တွင် ရှမ်းရိုးမတောင်ကုန်း တောင်တန်းများ ကာဆီးထားသည့်  လှပသော နေရာပင်ဖြစ်သည်။

ရေတံခွန်တောင်တွင် သဘာဝအတိုင်း ကျင်လည်ကျက်စားနေသည့် မျောက်တို့၏ နေထိုင်မှု ပုံစံကို  မြင်တွေ့နိုင်သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာချိန်တွင် ဧည့်လမ်းညွှန်များက နိုင်ငံတကာခရီးသွား ဧည့်သည်များကို အလေးထားပို့ဆောင်သည့် နေရာတစ်ခုအထိ ဖြစ်လာ သည်။ ဧည့်သည်များမှာ သဘာဝဂေဟစနစ် ကောင်းမွန်ကာ မျောက်တို့၏ သဘာဝအတိုင်း ကျက်စားနေသည်ကို အလေးထား မှတ်တမ်းယူလေ့ရှိသည်။

မျောက်အများစုမှာ ရေတံခွန်တောင်ပေါ်တွင် နေထိုင်ပြီး ရေတံခွန်တောင်ထိပ် မျောက်စာ ကျွေးရာနေရာတွင် လာရောက်အစာစားလေ့ရှိသည်။ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များက နေ့စဉ်အစာကျွေးသည့်အတွက် မျောက်အများစုမှာ တောင်ထိပ်တွင် စုဝေးလေ့ ရှိသည်။ ယခင်က မျောက်အနည်းငယ်သာရှိခဲ့ရာမှ ယခုအခါ မျောက်တစ်ထောင်ကျော်အထိ ရှိလာသည်။ ရေတံခွန်တောင်တွင် မျောက်များ လူနှင့်နီးနီးကပ်ကပ် ကျင်လည် ကျက်စားလာ သည်မှာ နှစ် ၂၀ ခန့်ရှိပြီ ဖြစ်သည်။ မျောက်အုပ်စုသုံးစုရှိကာ သူ့အုပ်စုနှင့် သူအလှည့်ကျ  လာရောက်စားသောက်ကြသည်။

ရေတံခွန်တောင်ပေါ်တွင် အဝေးမှကြည်ညိုဖွယ် မြင်တွေ့နေရသော ရဟန္တာငါးရာကျော်  တာဝတိံသာမှ ကြွလာဟန် ရုပ်တုများပင်ဖြစ်သည်။ အဝေးမှပင် ကြည်ညိုဖွယ်ဖူးမြင်ရပြီး စီစဉ်တည်ဆောက် ထုလုပ်မှုမှာ စနစ်ကျလှသည်။ ရေတံခွန်တောင်ပေါ်မှ တောင်ခြေရှိ  ရွှေနတ်တောင် မုနိအောင်မြေကျောင်းအထိ ရဟန္တာရုပ်တုများ ကြွလာဟန်ပုံများမှာ ကြည် ညိုဖွယ်ကောင်းလှသည်။

ရဟန္တာရုပ်တုများကိုလည်း ဆက်လက်ပြုလုပ်ပူဇော်လျက်ရှိသည်။ လက်ရှိကာလ ရေတံခွန် တောင်မှာ ဂေဟစနစ်ကောင်းမွန်ကာ မန္တလေးမြို့အနီးမှ လှပသောနေရာ တစ်ခုအဖြစ်  တည်ရှိကြောင်း သိရသည်။        

နွေနဒီ၊ မြစ်ငယ်