(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် မျိုးဆက်သစ်  ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွန်းလာစေရေး Township Sports Development Programအစီအစဉ်ဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်က မြိတ်ခရိုင် အားကစားခန်းမ၌ ကျင်းပသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲ    ဗိုလ်လုပွဲတွင် တောင်ပေါ်သားကလပ် အသင်းနှင့် မွန်စုကလပ်အသင်းတို့    ယှဉ်ပြိုင်ကစားရာ တောင်ပေါ်သားကလပ် အသင်းက မွန်စုကလပ် အသင်းကို နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ဒုတိယဆုရရှိသော မွန်စုကလပ် အသင်းကို မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသောင်းအေးနှင့် ပထမဆုရရှိသော တောင်ပေါ်သားကလပ်အသင်းကို မြိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးငွေစိုးတို့က ဆုများပေးအပ်ချီးမြှင့်ပြီး ပထမဆု ရရှိသောတောင်ပေါ်သား ကလပ်အသင်းကို မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဌေးက တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်  ကလပ်ပေါင်းစုံ  ပိုက်ကျော်ခြင်းပြိုင်ပွဲကို    ပြိုင်ပွဲဝင်အသင်းရှစ်သင်း အားကစားသမား ၄ဝ ဦး ပါဝင်ယှဉ်ပြိုင်ပြီး အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၁၃ ရက်မှစ၍  အုပ်စုပတ်လည် ပွဲစဉ်များဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။