ကိုင်ဟာဗက်၏ အချိန်ပို ပယ်နယ်တီသွင်းဂိုးဖြင့် ဘရာဇီးကလပ် ပါမီးရက်စ်အသင်းကို အနိုင်ရရှိပြီး ချယ်လ်ဆီးအသင်း ပထမအကြိမ်ချန်ပီယံဆု ဆွတ်ခူး

ကိုင်ဟာဗက်၏ အချိန်ပို ပယ်နယ်တီသွင်းဂိုးဖြင့် ဘရာဇီးကလပ် ပါမီးရက်စ်အသင်းကို အနိုင်ရရှိပြီး ချယ်လ်ဆီးအသင်း ပထမအကြိမ်ချန်ပီယံဆု ဆွတ်ခူး

၂ဝ၂၁ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်  ပရီးမီးယားလိဂ်ထိပ်သီး ချယ်လ်ဆီး အသင်းနှင့်ဘရာဇီး ထိပ်သီးကလပ်   ပါမီးရက်စ်အသင်းတို့ ကစားရာ ချယ်လ်ဆီးအသင်းက ကိုင်ဟာဗက်၏ အချိန်ပိုသွင်းဂိုးဖြင့် အနိုင်ရရှိပြီး အသင်းသမိုင်း တစ်လျှောက် ပထမ အကြိမ်အဖြစ် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဂျပန်နိုင်ငံ၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဂျပန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုများ မြင့်တက်နေသည့်အတွက်     အိမ်ရှင်နိုင်ငံ အပြောင်းအလဲပြုလုပ်ပြီး ယခုနှစ်မှသာ ဆော်ဒီနိုင်ငံ၌ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အဆိုပါပြိုင်ပွဲတွင် ဆီမီး ဖိုင်နယ်အဆင့်မှ စတင်ကစားခဲ့ရပြီး   ဆီမီးဖိုင်နယ်အဆင့်တွင် အိမ်ရှင်ကလပ် အယ်ဟီလယ်အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲစဉ်တွင် ပါမီးရက်စ်အသင်း၏ အကောင်းဆုံး တုံ့ပြန်ကစားနိုင်မှုကြောင့်  ချယ်လ်ဆီးအသင်း အခက်တွေ့ကြုံခဲ့ရပြီး ပွဲချိန် ၅၅ မိနစ်တွင် လူကာကူက  ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၆၄ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့်  ဗီဂါက ပါမီးရက်စ် အသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့သည်။

ပါမီးရက်စ်အသင်း၏ ချေပဂိုးကြောင့် ချယ်လ်ဆီး အသင်း ပိုမိုအခက်တွေ့ကြုံခဲ့ရပြီး ပွဲချိန် မိနစ် ၉ဝ အတွင်း  နှစ်သင်းစလုံး  ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက်  အချိန်ပို မိနစ် ၃ဝ ဆက်လက်ကစားခဲ့ရ သည်။ အချိန်ပို မိနစ် ၃ဝ တွင် ချယ်လ်ဆီးအသင်းက ပိုမိုဖိအားပေး ကစားရာမှ ပွဲပြီးဆုံးခါနီး ၁၁၇ မိနစ်တွင် ချယ်လ်ဆီး အသင်းက ပယ်နယ်တီပြန်လည် ကန်သွင်း ခွင့်ရရှိခဲ့ရာ ကိုင်ဟာဗက်က အမှားအယွင်းမရှိ ကန်သွင်းပြီး ချယ်လ်ဆီး အသင်းအတွက် အဖိုးတန်အနိုင် ဂိုးသွင်းယူနိုင်ပြီးနောက် ပွဲပြီးဆုံးချိန်အထိ နှစ်သင်း စလုံး     ဂိုးသွင်းယူနိုင်ခြင်း မရှိတော့သည့်အတွက် ချယ်လ်ဆီးအသင်းက ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းသည် ယခုအကြိမ်အပါအဝင် ဗိုလ်လုပွဲသို့ နှစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်က ဘရာဇီးကလပ် အသင်း ကိုယန်သီရင် အသင်းကိုရှုံးနိမ့်ပြီး ယခုအခါမှသာ ပထမအကြိမ်အဖြစ် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

၂ဝ၂၁ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချယ်လ်ဆီး အသင်းက ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒုတိယဆု ကို ပါမီးရက်စ်အသင်းက လည်းကောင်း၊ တတိယဆု ကို  အယ်လ်အာလီအသင်းက လည်းကောင်း၊  ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံးကစားသမား ဆုကို ချယ်လ်ဆီးအသင်း ဝါရင့်ခံစစ်ကစားသမား သီယာဂိုဆေးလ် ဗားက လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ပလီကွီတာ အနေဖြင့်လည်း ယခုကဲ့သို့ အသင်းနှင့်အတူ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  ချန်ပီယံဆု ဆွတ်ခူးနိုင်ပြီး နောက် အသင်းသမိုင်း တစ်လျှောက်တွင် ဆုဖလားအစုံ ရရှိခဲ့သည့် တစ်ဦးတည်းသော ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။