ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဂုဏ်ပြုယာဉ်များ ပြသပေးနေမှုနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချပေးမှုအပေါ် ပြည်သူများ၏ ဝမ်းသာပီတိစကားသံများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနားတွင်  ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဂုဏ်ပြုယာဉ်များအား  နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်းပြသထားသည့်အပြင် တိုင်းရင်းသားရိုးရာ အစားအစာများကိုလည်း  သတ်မှတ်နေရာ များအလိုက် ရောင်းချပေးလျက်ရှိရာ လာရောက်လေ့လာကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ယခုကဲ့သို့ ဂုဏ်ပြုယာဉ်များနှင့် တိုင်းရင်းသားရိုးရာအစားအစာဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးမှုနှင့် ပတ်သက်၍ ဂုဏ်ပြုယာဉ်များနှင့်အတူ ပါဝင်ကပြ ဖျော်ဖြေကြသည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချသူများ၊ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ရင်တွင်းစကားသံများကို မျှဝေလိုက်ရပါသည်။

မဂျူးဂျူး(မကွေးတိုင်းဒေသကြီးယဉ်ကျေးမှုအဖွဲ့)

စိန်ရတု ဂုဏ်ပြုအခမ်းအနားမှာ ကပြဖျော်ဖြေခွင့်ရတာ ကိုယ့်ကိုယ်ကိုယ် အားရမှုရှိသလို ဒီပြပွဲကြီးမှာလည်း   ပြည်သူတွေကို   ကပြဖျော်ဖြေခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ ပြပွဲကို ပြည်သူတော်တော်များများ  လာကြပြီး စည်စည်ကားကားဖြစ်သွားတာ တွေ့ရတော့ ပျော်ရွှင်မိပါတယ်။ ပြပွဲနောက်ဆုံးနေ့အထိ အားရပါးရ  ကပြဖျော်ဖြေသွားမှာပါ။ တိုင်းရင်းသား အစားအစာတွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါတယ်။ ဒါကြောင့် ပြည်သူတွေလာရောက်ဝယ်ယူအားပေးကြပါလို့ နှိုးဆော်ပါတယ်။

မအေးအေးသန့်

(ပြပွဲလေ့လာကြည့်ရှုသူ)

ဒီပြပွဲလာကြည့်ရတာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ကိုယ်တိုင်ရောက်သွား သလိုခံစားရပါတယ်။  တိုင်းရင်းသားရိုးရာ အစားအစာတွေကိုလည်း တစ်နေရာတည်းမှာ  စားခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ပြီးတော့ ကချင်ပြည်နယ်ရိုးရာယဉ်ကျေးမှု အဖွဲ့ရဲ့  ကချင်ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေမှုဟာ  ပျော်စရာ ကောင်းတဲ့အပြင်  ကိုယ်တိုင်ပါဝင်   ဆင်နွှဲခွင့်ရတဲ့အတွက် ပျော်စရာကောင်းပါတယ်။   ဒီပြပွဲကို လာရောက် လေ့လာခြင်းအားဖြင့် အသိအမြင်ဗဟုသုတတွေ၊ ဒေသန္တရဗဟုသုတတွေ များစွာရရှိမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့  အခွင့်အရေးကို     လက်လွတ်မခံဘဲ  လာရောက်လေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။

https://www.myawady.net.mm/sites/default/files/14222w.jpg

မချိုချိုလတ်(ပြပွဲလေ့လာကြည့်ရှုသူ)

စိန်ရတုပြည်ထောင်စုနေ့ပွဲမှာ တိုင်းဒေသကြီး/ပြည်နယ်တွေကိုယ်စားပြု  ဂုဏ်ပြုယာဉ်တွေ ပါဝင်မယ်လို့ သိရပါတယ်။ ဒီလိုသိရကတည်းက ဂုဏ်ပြုယာဉ်တွေကို စုစည်းပြီး ပြည်သူတွေကို ပြန်လည်ပြသပေးရင် ကောင်းမယ်လို့  စိတ်ထဲတွေးမိဖူးတယ်။

အခုတော့   ဆန္ဒတွေပြည့်ဝခဲ့ပါတယ်။ ပြပွဲရောက်တဲ့အခါမှာလည်း ခမ်းခမ်းနားနားနဲ့ ပြင်ဆင်ထားတာ တွေ့ရတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့တွေကလည်း ရိုးရာအကအလှတွေနဲ့   ဖျော်ဖြေတဲ့အပြင် ကိုယ်တိုင် ဝင်ရောက်ဆင်နွှဲခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။  ဒီလိုအလှပြယာဉ် တွေကို မြင်ဖူးတာ ကျွန်မအတွက် ပထမဆုံးဖြစ်ပါတယ်။  တိုင်းရင်းသားရိုးရာ အစားအစာတွေကိုလည်း  စားသုံးရတာ အရသာရှိပါတယ်။ နောက်ပြီး ဂုဏ်ပြုယာဉ် တွေအပေါ်မှာ  တိုင်းရင်းသားပေါင်းစုံရဲ့ အထင်ကရ နေရာတွေ၊  အထိမ်းအမှတ်တွေ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို စုစည်းပြသထားတဲ့အတွက်လည်း ဗဟုသုတများစွာရရှိပါတယ်။

https://www.myawady.net.mm/sites/default/files/14222w1.jpg

ဦးမျိုးဦး(ပြပွဲလာရောက်ကြည့်ရှုသူ)

ဒီလိုပွဲမျိုးကို လာရောက်ကြည့်ရှုခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ တိုင်းရင်းသားပေါင်းစုံရဲ့ အထိမ်းအမှတ်တွေနဲ့ အထင်ကရ နေရာတွေကို  ကြည့်ခွင့်ရတဲ့ အတွက် ကလေးတွေအတွက်လည်း ဗဟုသုတတွေရပါတယ်။    ဒီလိုပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အထင်ကရနေရာတွေကို  တစုတစည်းတည်း  တွေ့ရတာ ပထမဆုံးအကြိမ်    ဖြစ်ပါတယ်။ 

တိုင်းရင်းသား အစားအစာတွေနဲ့  အထိမ်းအမှတ်တွေကို အခုလိုတွဲဖက်မြင်ရတော့  အဲဒီပြည်နယ်တွေကို  ရောက်သွားသလို ခံစားရပါတယ်။  နောင်နှစ်တွေမှာလည်း ဒီလိုမြင်ကွင်းမျိုးတွေ    တွေ့ချင်ပါသေးတယ်။

https://www.myawady.net.mm/sites/default/files/14222w3.jpg

ကိုကျော်သူနှင့် မိသားစု (ပြပွဲလာရောက်ကြည့်ရှုသူ)

ကျွန်တော့်သက်တမ်းနှစ် ၄၀ မှာ ဒီလိုပွဲတော်မျိုးတစ်ခါမှမသွားဖူးပါဘူး။ ဒီလိုဂုဏ်ပြုယာဉ်တွေနဲ့ ပြတဲ့အတွက် အထူးအဆန်းလည်းဖြစ်တယ်။ မိသားစုတွေအနေနဲ့လည်း ပိုပြီးပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်။ ကလေးတွေကလည်း အထင်ကရနေရာတွေကို မြင်ရတော့  ဗဟုသုတပိုရပါတယ်။ တိုင်းရင်းသားတွေ အစုံပါတဲ့အတွက် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုတို့ကို ဖော်ဆောင်ရာလည်း ရောက်ပါတယ်။   တိုင်းရင်းသားရိုးရာအစားအစာတွေကလည်း  အရင်ကစားနေကျဖြစ်ပေမယ့် အခုလို  တကယ်

ရိုးရာလက်ရာစစ်စစ်ကို စားသုံးရတဲ့အတွက် အဲဒီဒေသတွေရဲ့ အငွေ့အသက်လေးတွေ ကိုပိုပြီး ခံစားမိပါတယ်။ နောင်လည်းဒီလိုတိုင်းရင်းသား ချစ်ခင်ရင်းနှီးမှုလေးတွေကို မြင်ချင်ပါတယ်။

ကိုဟန်လင်း (တိုင်းရင်းသားရိုးရာအစားအစာရောင်းချသူ)

ဒီနေ့လို ခမ်းနားတဲ့ပြပွဲမှာ  ကျွန်တော်တို့ရဲ့ ဗမာရိုးရာ အစားအစာ ပါဝင်ရောင်းချရတဲ့အတွက်  အတိုင်းမသိ ဝမ်းသာမိပါတယ်။ နောက်ပြီး  တခြားတိုင်းရင်းသား ရိုးရာ  အစားအသောက်တွေကိုလည်း စားသုံးခွင့်ရတဲ့ အတွက်လည်း  ပျော်ရွှင်မိတယ်။   လာရောက်စားသုံးတဲ့ သူတွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချ ပေးပါတယ်။    ဂုဏ်ပြုယာဉ်တွေကိုလည်း လွတ်လွတ်လပ်လပ် ကြည့်ရှုခွင့်ရပါတယ်။ ပြပွဲမှာ ပါဝင်ဆင်နွှဲကြဖို့  တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကို ပြောကြားလိုပါတယ်။

သတင်း - ခေတ်လူငယ်

ဓာတ်ပုံ - ကိုကိုထိန်