ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဂုဏ်ပြုယာဉ်များပြသပေးနေမှုနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချပေးမှုအပေါ် ပါဝင်ဆင်နွှဲကြသူအချို့၏ ဝမ်းသာပီတိ စကားသံများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြု အခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စု နယ်မြေနှင့်  တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဂုဏ်ပြုယာဉ်များအား  နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်း ပြသထားသည့်အပြင် တိုင်းရင်းသားရိုးရာ အစားအစာ များကိုလည်း သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျက်ရှိရာ ဂုဏ်ပြုယာဉ်များနှင့်အတူ ပါဝင်ကပြ ဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသူများ၊ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများ၊ ဂုဏ်ပြုယာဉ် တာဝန်ခံများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

မခင်ဇာဇာထွန်း (မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုအဖွဲ့)

ကျွန်မတို့အဖွဲ့ကတော့     စိန်ရတုပြည်ထောင်စုနေ့မှာ လှသောအညာမြေ သီချင်းနဲ့အတူ ကပြဖျော်ဖြေ ပေးခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးကို ဂုဏ်ဆောင်အနေနဲ့ ပြည်ထောင်စုနေ့မှာ ပထမဆုရရှိခဲ့လို့ အတိုင်းမသိဝမ်းသာပါတယ်။ လှသောအညာမြေသီချင်းနဲ့ အဖွဲ့သုံးဖွဲ့ ပါဝင်ဆင်နွှဲခဲ့သော်လည်း စည်းစည်းလုံးလုံးနဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့အတွက် အခုလို ပထမဆုကို ရရှိခဲ့တာဖြစ်ပါတယ်။  အခုလို စိန်ရတု ပြည်ထောင်စုနေ့ကြီးမှာ ဖျော်ဖြေရေးကဏ္ဍကနေ ပါဝင်ဆင်နွှဲခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် သူများနိုင်ငံတွေထက် ပိုပြီးတော့ ထင်ပေါ်တာတွေ့ရပါတယ်။ ဒီပွဲတော်ကြီးမှာ တိုင်းရင်းသားပေါင်းစုံ လာရောက်တွေ့ဆုံကြပြီး အသိပညာတွေ ဖလှယ်ခွင့်ရတဲ့အတွက် ပြည်ထောင်စုနေ့အနှစ်သာရအပြင် ကျွန်မတို့ရဲ့စည်းလုံးမှုနဲ့အတူ ငြိမ်းချမ်းသောပြည်ထောင်စုနိုင်ငံကြီး တည်ဆောက်မယ်ဆိုတဲ့  ရည်ရွယ်ချက်ကို ပိုပြီးခိုင်မာစေပါတယ်။ ကျွန်မတို့ တိုင်းရင်းသားအားလုံးကို  ချစ်ချစ်ခင်ခင်ရင်းရင်း နှီးနှီးနဲ့နွေးနွေးထွေးထွေး ကြိုဆိုပေးကြတဲ့ အတွက်လည်း တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။

မောင်သော်ဇင်စိုး(ပြပွဲလေ့လာကြည့်ရှုသူ)

စိန်ရတုပြည်ထောင်စုနေ့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ယဉ်ကျေးမှု အဖွဲ့ဝင်တွေနဲ့အတူ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ဂုဏ်ပြုယာဉ်တွေကို အခုလိုစုစည်းပြီး  ပြည်သူတွေလေ့လာ ကြည့်ရှုခွင့်ရအောင် ပြန်လည်ပြသပေးတဲ့အတွက်    တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ပြပွဲမှာ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့တွေကလည်း ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေတဲ့အပြင် ကိုယ်တိုင်ဝင်ရောက် ဆင်နွှဲခွင့်ရတဲ့ အတွက်လည်း ပျော်ရွှင်မိပါတယ်။  ဂုဏ်ပြုယာဉ်တွေကို အခုလို အပြင်မှာ မျက်မြင် ကိုယ်တွေ့ မြင်ဖူးတာ ပထမဆုံးဖြစ်ပါတယ်။  ဂုဏ်ပြုယာဉ်တွေအပေါ်မှာ တိုင်းရင်းသား ပေါင်းစုံရဲ့ အထင်ကရနေရာတွေ၊ အထိမ်းအမှတ်တွေ၊ ရိုးရာဝတ်စုံတွေ၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို ကိုယ်တိုင်ကြည့်ရှုခွင့်ရပြီး  မစားဘူးတဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေကိုလည်း ဈေးနှုန်း ချိုသာစွာနဲ့ ဝယ်ယူစားသောက်ခွင့်ရအောင် စီစဉ်ပေးထားတဲ့ အတွက် ဝမ်းသာပါတယ်။

https://www.myawady.net.mm/sites/default/files/15222d2.jpg

ဒေါ်ဘွန်ဆွမ် (ကချင်ရိုးရာစားသောက်ဆိုင်)

ကျွန်မတို့ ကချင်ရိုးရာစားသောက်ဆိုင်မှာ ကချင်ဖက်ထုပ်၊ ကချင်ဒံပေါက်၊ ကချင်ရိုးရာခေါင်ရည်၊  ကချင်ရိုးရာငါးပေါင်း၊ ကချင်ဆေးမြစ်စုံ၊ ကြက်ကချင်ချက်၊ ဝက်ကချင်ချက်တို့ကို ရောင်းချပေးပါတယ်။ အခုလောလောဆယ်တော့ ကချင်ရိုးရာငါးချက်၊ ကချင်ငါးပေါင်း၊ ကြက်ကချင်ချက်၊ ဝက်ကချင်ချက် တို့က ရောင်းအားအကောင်း ဆုံးပါ။ အခုလို ခမ်းနားတဲ့ပွဲတော်မှာ ကျွန်မတို့ ကချင်ရိုးရာ အစားအစာတွေကို ရောင်းချ ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ဒီလိုရောင်းချခွင့် ရတဲ့အတွက် ရိုးရာအစားအစာတွေကို လာရောက်လေ့လာကြည့်ရှုသူတွေက တစ်ဆင့် အများပြည်သူ

တွေသိရှိပြီး တခြားအခွင့်အလမ်းလည်း ရရှိမယ်လို့ ယုံကြည်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ကိုယ်စားပြု ဂုဏ်ပြုယာဉ်တွေကို လွတ်လွတ်လပ်လပ်နဲ့ ကြည့်ရှုလေ့လာပြီး တိုင်းရင်းသားရိုးရာ အစား

အသောက်တွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေတဲ့အတွက် လာရောက် အားပေးကြပါလို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကိုယ်စား ဖိတ်ခေါ်ပါတယ်။

ဦးကျော်ဇင်ထွဋ်    (ပြပွဲလာရောက်ကြည့်ရှုသူ)

နိုင်ငံအတွင်းမှာရှိတဲ့ မြို့တွေကို သီးခြားသွားရောက်လည်ပတ်ဖို့က မလွယ်တော့ အခုလို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ထူးခြားတဲ့အရာတွေကို တစုတစည်းတည်း မြင်တွေ့ခွင့်ရတဲ့အတွက်    ပိုပြီးတော့ ဗဟုသုတတွေရပါတယ်။ ကလေးသာမက လူကြီး၊ လူငယ်အားလုံး ဂုဏ်ပြုယာဉ်တွေပေါ်မှာပြသထားတဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာတွေ၊ မြို့တွေရဲ့ အထင်ကရနေရာတွေကို လေ့လာခြင်းအားဖြင့် ဗဟုသုတတွေကိုရရှိစေမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံပါတဲ့အတွက် တိုင်းရင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု တို့ကို ဖော်ဆောင်ရာလည်း   ရောက်ပါတယ်။ အခုလို တိုင်းရင်းသားရိုးရာလက်ရာ စစ်စစ်ကို စားသုံးရတဲ့အတွက် အဲဒီဒေသတွေရဲ့ အငွေ့အသက်လေးတွေကို ပိုပြီးခံစားမိပါတယ်။

https://www.myawady.net.mm/sites/default/files/15222d1.jpg

မမိုင်ဇင်ဇင်နီ(ချင်းရိုးရာစားသောက်ဆိုင်)

ကျွန်မတို့ ချင်းရိုးရာစားသောက်ဆိုင်အနေနဲ့ မြေပြန့်ချင်းရိုးရာအစားအစာဖြစ်တဲ့ ချင်းရိုးရာ ဝက်သားသုပ်၊ ချင်းရိုးရာကြက်သားသုပ်၊   ချင်းရိုးရာ  ခေါင်ရည်တို့ကို ရောင်းချပေးနေပါတယ်။  ဒီအစားအစာတွေကတော့     မင်္ဂလာဆောင်တွေမှာ တည်ခင်းဧည့်ခံတဲ့ အစားအစာလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားရိုးရာ ဒေသအစား အစာတွေ အမျိုးစုံအောင်  ဈေးချိုချိုရောင်းချပေးနေတဲ့အတွက်   အားလုံးလာပြီး  မြည်းစမ်းစားသုံးဖို့  ဖိတ်ခေါ်ပါတယ်။

https://www.myawady.net.mm/sites/default/files/15222d3.jpg

ဦးထိန်စိုး(ဒုတိယညွှန်ကြားရေးမှူး၊ မွန်ပြည်နယ်ကိုယ်စားပြု အလှပြယာဉ်)

ကျွန်တော်တို့ မွန်ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်သုံးစီးမှာဆိုရင် အမှတ်(၁) ဂုဏ်ပြုယာဉ်ရဲ့   ရှေ့ဆုံးခေါင်းခန်းမှာ မွန်ပြည်နယ်မြေပုံကို  ၁၂ ပေအမြင့်နဲ့ ဖော်ပြထားပါတယ်။ ပြည်ထောင်စုအလံကို ပြည်နယ်အလံနှစ်ခုက ဘေးမှာ ဝန်းရံထားပါတယ်။  ယာဉ်ရဲ့နောက်မှာ ဗုဒ္ဓဘာသာအစ သထုံကလို့ခေါ်လို့ရအောင် ရှင်အရဟံကနေ အနော်ရထာမင်းမြတ်နဲ့ပေါင်းပြီး သထုံကနေ ပင့်ဆောင်လာတဲ့ ပိဋကတ်သုံးပုံ ပုံစံပါတယ်။ ဘေးဘက်မှာ သံလွင်တံတား၊    ချောင်းဆုံတံတား၊ ဇင်းကျိုက်ရေတံခွန် ဗွီနိုင်းတွေကို ပြသထားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘုရားဖူးပြည်သူ အများဆုံးလာရောက်ဖူး မြော်နေတဲ့ ကျိုက်ထီးရိုးစံတော်ရှင်ပုံတွေကိုလည်း ပြသထားပါတယ်။

အမှတ်(၂)ယာဉ်မှာ မွန်ပြည်နယ်က ထုတ်ကုန်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။  ဒီယာဉ်မှာ  ဟင်္သာပါတယ်။ မွန်ပြည်နယ်မှာ  ဟင်္သာမှာနှစ်မျိုးရှိပါတယ်။ ခြေစုံရပ်နေတဲ့ဟင်္သာက  မွန်ပြည်နယ်ရဲ့ ပြည်နယ်ဟင်္သာ  အမှတ်အသားဖြစ်ပြီး မွန်အမျိုးသားဟင်္သာမှာတော့ ခြေတစ်ဖက်ကို ထောင်ထား ပါတယ်။ အခုပြသထားတဲ့ ဟင်္သာကတော့     မွန်ပြည်နယ်အမှတ်အသားဟင်္သာဖြစ်ပါတယ်။    ယာဉ်ရဲ့

နောက်ပိုင်းမှာ မွန်ပြည်နယ် ထွက်ကုန်တွေဖြစ်တဲ့ ရော်ဘာ၊ ဒူးရင်း၊ ကြက်မောက်၊ ကျွဲကော၊ မင်းကွတ်တို့ကို ပြသထားပါတယ်။ နောက်ပြီး ပုစွန်၊ သား၊ ငါး၊ ဆားလုပ်ငန်း၊ ကမ္ဘာကျော်ခဲ့တဲ့  မြန်မာနိုင်ငံပြည်တွင်းထုတ်တဲ့ ဆေးတံအစစ်ကိုလည်း ပြသထားပါတယ်။ မွန်ပြည်နယ် ချောင်းဆုံမှာ လုပ်တဲ့ ကျောက်သင်ပုန်းမှာလည်း မွန်ဗျည်း ၃၅ လုံးကိုလည်း ပြသထားပါတယ်။ ဂုဏ်ပြုယာဉ် အမှတ်(၃)မှာဆိုရင် မွန်ရိုးရာတွေဖြစ်တဲ့ မွန်တူရိယာသုံးမျိုး၊ မွန်ရိုးရာအိမ်၊ စောင်တွေထဲမှာ  မုဒုံစောင်က အနွေးဆုံးဆိုတဲ့အတိုင်း   မုဒုံကထွက်ရှိတဲ့ စောင်တွေကို ပြသထားပါတယ်။

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်မှာ တိုင်းဒေသကြီးနဲ့  ပြည်နယ် ၁၅ ခုကနေ ထင်ရှားတဲ့ ယဉ်ကျေးမှု လက္ခဏာ၊ ထုတ်ကုန်တွေကို ပြည်သူတွေသိရှိအောင် ပြသထားတဲ့အတွက်     မြန်မာနိုင်ငံ

တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ့ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာကို တစ်နေရာတည်းမှာ အကုန်လုံး သိရှိသွားမှာဖြစ်တဲ့အတွက် တပေါင်းကွင်းကို လာရောက် လေ့လာကြည့်ရှုရင် ဗဟုသုတများစွာရရှိမှာ ဖြစ်တဲ့အတွက် ဂုဏ်ပြုယာဉ်တွေကိုကြည့်ရှုရင်း တိုင်းရင်းသားရိုးရာ အစားအစာတွေ ရောင်းချပေးနေတဲ့အတွက်     ရိုးရာအစားအစာတွေကို စားသုံးရင်း  လာရောက်ဖို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ကိုယ်စား ဖိတ်ခေါ်ပါတယ်။

တွေ့ဆုံမေးမြန်း- မျိုးဆက်သစ်

ဓာတ်ပုံ- ကိုကြီးထိန်