ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် ခက်ခဲသွားပြီဖြစ်ကြောင်း ဝုဗ်အသင်းကို ရှုံးနိမ့်သည့် ပွဲစဉ်အပြီးတွင် စပါးအသင်းနည်းပြ ကွန်တီ ပြောကြား

ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် ခက်ခဲသွားပြီဖြစ်ကြောင်း ဝုဗ်အသင်းကို ရှုံးနိမ့်သည့် ပွဲစဉ်အပြီးတွင် စပါးအသင်းနည်းပြ ကွန်တီ ပြောကြား

စပါးအသင်းနည်းပြကွန်တီက မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အဆင့်(၄)နေရာ အတွင်းဝင်ရောက်ရန်  ခက်ခဲသွားပြီဖြစ်ကြောင်း ဝုဗ်အသင်းကို  ရှုံးနိမ့်သည့် ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။

နည်းပြ ကွန်တီသည် စပါးအသင်းကို စတင်တာဝန် ယူကိုင်တွယ်ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ ရလဒ်ကောင်းများ ဆက်တိုက်ရရှိစေရန် စွမ်းဆောင်နိုင်ခဲ့ပြီး  ကိုးပွဲဆက်ရှုံးပွဲ မရှိခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များ၌ ရလဒ်များ မတည်မငြိမ်ဖြစ်ခဲ့ကာ ချယ်လ်ဆီးအသင်း၊ ဆောက်သမ်တန်အသင်းနှင့် ဝုဗ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

စပါးအသင်းအနေဖြင့်   ဝုဗ်အသင်းကို ရှုံးနိမ့်ပြီး နောက်  အဆင့်(၈)နေရာ၌  ရမှတ် ၃၆ မှတ်ဖြင့် ရပ်တည်နေသော်လည်း အဆင့်(၄)နေရာမှ ဝက်စ်ဟမ်း အသင်းနှင့်  ငါးမှတ်သာ ကွာဟပြီး  သုံးပွဲလျော့အနေ အထားတွင် ရှိနေသောကြောင့်  ချန်ပီယံလိဂ် ဝင်ခွင့် အတွက်    မျှော်လင့်ချက် ကောင်းမွန်နေသော်လည်း နည်းပြကွန်တီအနေဖြင့် ကစားသမားများ၏ ခြေစွမ်းကို  အားရခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

နည်းပြကွန်တီက ''ကျွန်တော်တို့ အသင်းက ကစား သမားတွေရဲ့ ပြီးခဲ့တဲ့သုံးပွဲလောက်က ခြေစွမ်းနဲ့ဆိုရင် ချန်ပီယံလိဂ်ဝင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ကစားသမား တွေရဲ့ နိုင်ပွဲရယူလိုစိတ်က ဝယ်ယူလို့မရပါဘူး။ သူတို့ ကိုယ်တိုင် ကြိုးစားရမှာပါ''ဟု ပြောသည်။