COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ဆက်လက်လက်ခံ

နေပြည်တော်၊  စက်တင်ဘာ - ၂၆
    
Coronavirus Disease 2019 (COVID-19) ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက် ရှိလာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၈ ဦး၊ လာအိုနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၇ ဦး၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာသူ မရှိကြောင်း သိရှိရသည်။ 
    
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၁ ဦး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၄၈ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine  စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင် ပေးခဲ့သည်။ ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ စောင့်ကြည့်ထားသူများအနက်မှ အမျိုးသား ၁ ဦးအား ကျောက်ကပ် ရောဂါဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည်။  
    
ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၄၉ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၁၁၄ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါ သီးသန့် စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
    
အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူလူနာများ နေ့စဉ်တိုးပွားလျက်ရှိပြီး ကုသပေးရန်နေရာအခက်အခဲများရှိလာသောကြောင့် တပ်မတော်အနေဖြင့် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများ ကုသပေးနိုင်ရန်အတွက် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားလျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို စက်တင်ဘာ ၂၅ ရက်မှ စတင်လက်ခံ လျက်ရှိရာ ယနေ့ည ၇ နာရီအထိ မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင် ကျောင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၆၁ ပါးနှင့် အရပ်သား ၁၅၀ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တွင် သံဃာတော် ၁၈၈ ပါး လက်ခံကုသပေးလျက်ရှိသည်။ လှည်းကူးမြို့နယ်၊ ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းနှင့် လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတို့တွင် COVID-19  ရောဂါဓာတ်ခွဲအတည်ပြု လူနာဝင်ရောက်လာမှု မရှိသေးကြောင်းနှင့် အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများ၏ နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။         
    
ထို့ပြင် တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်းနှင့် အဆိုပါတပ်ရင်းရှိ ဘော်ဒါဆောင်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရန်သီးသန့်စောင့်ကြည့်သူ ၂၅၀ ဦး ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    
ထိုသို့ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ ထားရှိကုသနိုင်ရန် အဆောင်များ ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ စားရိပ်သာ၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ဆေးရုံ သုံးစက်ကိရိယာများနှင့် ဆေးဝါးများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့ကို ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။