ပီအက်စ်ဂျီအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် အမ်ဘတ်ပီကို ရီးယဲလ်မက်ဒရစ် အသင်းနှင့် အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ရန် လီဗာပူးအသင်း လုပ်ဆောင်လာ

ပီအက်စ်ဂျီအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် အမ်ဘတ်ပီကို ရီးယဲလ်မက်ဒရစ် အသင်းနှင့် အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ရန် လီဗာပူးအသင်း လုပ်ဆောင်လာ

ပီအက်စ်ဂျီအသင်း အဓိကတိုက်စစ်မှူး အမ်ဘတ်ပီက  မိမိအနေဖြင့်  မည်သည့်အသင်းနှင့်မျှ သဘော တူညီမှုမရရှိသေးဘဲ ပြောင်းရွှေ့လိုသည့် အသင်းကို  စုံစမ်းဆဲဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ် အသင်းနှင့် ပွဲစဉ်အပြီးတွင် ပြောကြားပြီးနောက် လီဗာပူးအသင်း  ကလည်း ရီးယဲလ်မက်ဒရစ် အသင်းနှင့်အပြိုင် ကမ်းလှမ်းမှုများပြုလုပ်ရန်    အရှိန်မြှင့် လုပ်ဆောင်လာကြောင်း သိရသည်။

အမ်ဘတ်ပီသည် ယခုဘောလုံးရာသီ အကုန်တွင် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်ကာ အစောပိုင်းက ကာလရှည်ခေါ်ယူရန် ကြိုးပမ်းနေသည့်   ရီးယဲလ်မက်ဒရစ်အသင်းက   နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်  ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်း ရှုံးထွက်အဆင့်ပြီးလျှင် တရားဝင် ကြေညာဖွယ်ရှိနေကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အမ်ဘတ်ပီကိုယ်တိုင်က ရီးယဲလ်မက်ဒရစ် အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ကစားသည့်ပွဲစဉ် အပြီးတွင်''အနာဂတ်အတွက် ကြိုပြီးစီစဉ်ထားတာ မရှိသေးပါဘူး။ ကျွန်တော် လက်ရှိအချိန်ထိ ပီအက်စ်ဂျီအသင်း ကစားသမားတစ်ဦးအဖြစ် ကစားနေဆဲပါ။ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကလပ်တွေထဲက တစ်သင်းမှာ ကျွန်တော်ကစားနေတာပါ။ ကျွန်တော် ဘယ်အသင်းနဲ့မှ သဘောတူညီမှု ရရှိထားတာမရှိသေးပါဘူး။ ကျွန်တော်ကစားမယ့် အသင်းကို လေ့လာမှုတွ ေသေချာပြုလုပ်နေပါတယ်''ဟု ပြောသည်။

အမ်ဘတ်ပီအနေဖြင့် ယခုဘောလုံးရာသီ အကုန်တွင် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သောကြောင့် ခေါ်ယူလိုသည့် အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးပေးချေရမည် မဟုတ်ဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဖြစ်၍ ဥရောပထိပ်တန်း အသင်းကြီးအများစုက   အပြိုင်ခေါ်ယူလိုသော်လည်း မြင့်မားသော လုပ်ခလစာပေးချေရမည်ဖြစ်သည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်းကသာ ထိပ်ဆုံးမှ ရေပန်းစားနေခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် လီဗာပူးအသင်းကလည်း အသင်းတိုက်စစ်ပိုင်း၌ မာနေး၊ ဆာလက်ချ်၊ ဂျိုတာ၊ ဖာမီနို  စသည့် အရည်အသွေးမြင့် ကစားသမားများ ရှိနေသော်လည်း မာနေးနှင့် ဆာလက်ချ်တို့အနေဖြင့်  အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင် မပြေဖြစ်နေသည့်အတွက် အမ်ဘတ်ပီကို ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ထို့ပြင် ဆာလက်ချ်က မြင့်မားသော လုပ်ခလစာ တောင်းဆိုနေသည့်အတွက် လီဗာပူးအသင်း အနေဖြင့်   သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်   ခက်ခဲနေသကဲ့သို့  မာနေးအနေဖြင့်လည်း စပိန်ကလပ်အသင်းတချို့နှင့်  အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည်။

လီဗာပူးအသင်းက   အမ်ဘတ်ပီကို ခေါ်ယူရန် လက်ရှိတွင် နည်းပြ ကလော့ကို စည်းရုံးပြောကြားမှုများ စတင်ပြုလုပ်စေလျက်ရှိကြောင်း သိရသည်။