မျိုးစေ့ပြပွဲ ၂၀၂၂ တွင် ခင်းကျင်းပြသသည့် မျိုးစေ့ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် လာရောက် လေ့လာကြသူများ၏ စကားသံများ

မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြု စိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှု မြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုကို  အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ မျိုးစေ့ပြပွဲ ၂၀၂၂ ကို နေပြည်တော်ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း၌ ကျင်းပလျက်ရှိသည်။

ထိုသို့ရည်ရွယ်ချက် ကောင်းများဖြင့် ကျင်းပသည့်ပြပွဲသို့  မြန်မာနိုင်ငံမျိုးစေ့ အသင်းနှင့် မျိုးစေ့ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတောင်သူများ၊ စိုက်ပျိုးရေးဝါသနာရှင်များနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တစ်ခဲနက်လာရောက် လေ့လာလျက်ရှိရာ ပြပွဲကျင်းပပေးမှုနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များကို တင်ပြလိုက်ရပါသည်။

မောင်သန်းထိုက်ဝေ

(ဒုတိယနှစ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း)

ဒီပြပွဲကို မျိုးစေ့ကုမ္ပဏီတွေ လာရောက်ပြသကြပါတယ်။ ဒီလိုပြသပေးတဲ့အတွက် အရည်အသွေးကောင်းတဲ့  မျိုးစေ့တွေကို လေ့လာခွင့်ရတဲ့အပြင်    စိုက်နည်းစနစ် အသစ်တွေကိုလည်း တွေ့မြင်ရပါတယ်။ နောက်ပြီး    တောင်သူတွေ အနေနဲ့လည်း မျိုးကောင်းမျိုးသန့်မျိုးစေ့တွေကို လေ့လာခွင့်ရတဲ့အတွက် သီးနှံတွေရဲ့ အရည်အသွေးကို သိရှိသွားမယ့်အပြင် သီးနှံတွေရဲ့ စိုက်နည်းစနစ်တွေကိုလည်း   ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားပါမယ်။ ကျွန်တော့် အနေနဲ့လည်း အရင်ကမမြင်ဘူးခဲ့တဲ့ သီးနှံမျိုးစေ့တွေကို လေ့လာခွင့်ရပါတယ်။    ကျွန်တော်က စိုက်ပျိုးရေးသိပ္ပံကျောင်းသား ဖြစ်တဲ့အတွက် အခုလို လက်တွေ့လေ့လာရတဲ့အပေါ်မှာ နိုင်ငံတော် အတွက်    ပိုမိုကောင်းမွန်တဲ့ မျိုးစေ့တွေရရှိအောင် ကြိုးပမ်းဆောင်ရွက် သွားမယ်လို့ ရည်မှန်းထားပါတယ်။

https://www.myawady.net.mm/sites/default/files/11B.jpg

ဒေါ်သီတာဦး

(ဒါရိုက်တာ၊ ချမ်းမြေ့ဇေယျာကုမ္ပဏီ) 

 ကျွန်မအနေနဲ့ ကုမ္ပဏီမှာ မျိုးစေ့၊ မြေဆီနဲ့ ဆေးဝါးတွေအပိုင်းကို တာဝန်ယူထားပါတယ်။   ဒီပြပွဲကို လာရောက်ရတဲ့  ရည်ရွယ်ချက်က ကျွန်မတို့ ကုမ္ပဏီအနေနဲ့    မျိုးကောင်း မျိုးသန့်ကိုးမျိုးကို   မှတ်ပုံတင် ထားတယ်။ ဒီမျိုးကောင်းမျိုးသန့် ကိုးမျိုးကလည်း ဈေးကွက်ရှိပြီးသား နိုင်ငံခြားက ပို့တဲ့ဆန်အမျိုးအစားတွေ ဖြစ်ပါတယ်။ တောင်သူတွေကို ပြောချင်တာကတော့ တောင်သူတွေအနေနဲ့ ဒေသစပါးကိုစိုက်လိုက်တယ်။   အချိန်တန်ရင် ငါးသိန်းရမလား။ ခြောက်သိန်းရမလားမသိဘူး။ အစ်မတို့စပါးကို စိုက်လိုက်လို့ တင်း ၁၀၀ ထွက်တယ်ဆိုရင် သွင်းအားစုလေးသိန်းဆိုရင် တောင်သူတွေအတွက် ခြောက်သိန်းကျန်မယ်။ ၁၀ ဧကစိုက်ရင်  သိန်း ၆၀ ကျန်မယ်။ အဓိက ဆိုလိုချင်တာက တောင်သူအရွေ့တစ်ခုကို    ရောက်စေချင်တယ်။

အစ်မတို့ကုမ္ပဏီအတွက်ရော၊ နိုင်ငံတော်အတွက်ရော၊ တောင်သူအတွက်ရော အရွေ့တစ်ခုကို ရောက်စေ ချင်တဲ့အတွက် ပြပွဲကို လာရောက်ခြင်း ဖြစ်ပါတယ်။

https://www.myawady.net.mm/sites/default/files/11A_2.jpg

ကိုမြင့်အေး

(ပြပွဲသို့လာရောက်လေ့လာသည့်တောင်သူ)

ကျွန်တော်ကတော့ စပါးကို အဓိကထား စိုက်ပျိုးပါတယ်။ အရင်ကတော့ မတ်ပဲစိုက်ပါတယ်။ အခုနောက်ပိုင်း မတ်ပဲအပင်တွေ သေတာများလာလို့   မစိုက်တော့တာပါ။  ဒီပွဲမှာ မျိုးစေ့တွေကတော့ မျိုးစုံတွေ့ရပါတယ်။ မျိုးကောင်း မျိုးသန့်တွေပါပဲ။ ဆန်စပါး၊ ဟင်းသီးဟင်းရွက်တွေ မျိုးစုံတွေ့ရပါတယ်။ ဒါပေမဲ့ အဓိကလေ့လာ ဖြစ်တာကတော့ စပါးကို လေ့လာဖြစ်ပါတယ်။  အရင်တုန်း ကတော့ မျိုးကောင်းမျိုးသန့်တွေ မသုံးဖြစ်ပါဘူး။ အခုနောက်ပိုင်း ရေဆင်းစိုက်ပျိုးရေးဘက်က    မျိုးကောင်းမျိုးသန့်တွေ ဝယ်ပြီးစိုက်တော့ အထွက်နှုန်း သိသိသာသာ တက်လာပါတယ်။ မျိုးစေ့အတွက်ကတော့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ အကူအညီယူရပါ တယ်။   ဒီပွဲလာရတဲ့  ရည်ရွယ်ချက်က တောင်သူတစ်ယောက်အနေနဲ့ မမြင်ဘူးတဲ့ သီးနှံတွေကို  မြင်ဖူးချင်တာလည်း ပါပါ တယ်။ မျိုးစေ့ဆိုရင်လည်း  ကျွန်တော်တို့ သုံးနေတဲ့မျိုးတွေထက် ကောင်းတဲ့မျိုးကောင်း မျိုးသန့်တွေ၊ သုံးနေကျ မျိုးစေ့မဟုတ်ဘဲ တခြားမျိုးစေ့တွေ စိုက်ပျိုးရင် အဆင်ပြေနိုင် မယ်ဆိုရင်လည်း   စိုက်ကြည့်မယ်ဆိုပြီး

လာရောက်လေ့လာဖြစ်တာပါ။

ဒီလိုပြပွဲမျိုး ကျင်းပပေးတာ ကျွန်တော်တို့လို တောင်သူတွေအတွက် သိပ်ကောင်းတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ တစ်နေရာတည်းမှာ အခုလိုမျိုး စုံစုံလင်လင်မြင်ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီပွဲက ကျွန်တော်တို့လို တောင်သူတွေအတွက် ရာသီဥတုနဲ့ကိုက်ညီ တဲ့မျိုးစေ့တွေ လေ့လာခွင့်ရနိုင်တာဆိုတော့  ဗဟုသုတတွေ၊ အကျိုးကျေးဇူး တွေများစွာ ရရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို တောင်သူတွေ မျိုးကောင်းမျိုးသန့်တွေ၊ ကိုယ့်ဒေသနဲ့ကိုက်ညီမယ့်  တခြားမျိုးစေ့တွေကို လာရောက်လေ့လာဖို့အတွက် ဖိတ်ခေါ် ချင်ပါတယ်။

https://www.myawady.net.mm/sites/default/files/11C_0.jpg

ဦးသန်းထိုက်(TBL Limited)

ကျွန်တော့်ကုမ္ပဏီက  မျိုးစေ့တွေကို ဖြန့်ဖြူးထုတ်လုပ်ခဲ့တာ နှစ် ၂၀ လောက် ရှိပါပြီ။ ပထမဆုံးစခဲ့တာကတော့ ဝါမျိုးစေ့နဲ့ စခဲ့တာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက် က တောင်သူတွေရဲ့ အခက်အခဲတွေ၊ သီးနှံ နဲ့ပတ်သက်တဲ့ ရောဂါဒဏ်တွေကို ဖြေရှင်းပေးဖို့အတွက် မျိုးတွေကိုဖော်ထုတ်တာဖြစ် ပါတယ်။ တောင်သူတွေကို အကြံပြုချင်တာကတော့ တောင်သူတွေအနေနဲ့ မျိုးဝယ်တဲ့ နေရာမှာ အတော်စဉ်းစားပြီးဝယ်ကြတယ်။ ပုံမှန်စိုက်နေကျမျိုးဆို ငွေသိပ်မကုန်ဘူး။ ကုမ္ပဏီကဝယ်ရတဲ့မျိုးကျ   ငွေနည်းနည်း ပိုကုန်တယ်ဆိုပြီး စဉ်းစားကြတယ်။ အထွက်နှုန်းကျ ကုမ္ပဏီမျိုးစေ့နဲ့ ကွာသွားတယ်။ ဒီပြဿနာကို ရှင်းနိုင်မယ့်နည်းက တောင်သူ

တွေကို ချေးငွေပေးတဲ့နေရာမှာ အစိုးရအနေ နဲ့မှတ်ပုံတင်ထားတဲ့မျိုးတွေကို တောင်သူတွေ ဝယ်ပြီးစိုက်ရင် ချေးငွေကို နည်းနည်း တိုးပေးလိုက်ရင် အဆင်ပြေမယ်။ ဒီလိုမျိုး တွေလုပ်ပေးရင် တောင်သူတွေ မျိုးကောင်း တွေ သုံးတတ်တဲ့ အကျင့်ဖြစ်လာမယ်။ နိုင်ငံတော်အတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရမယ်။ ဒါကြောင့် တောင်သူတွေရဲ့ လိုအပ်ချက်လေးတွေကို နည်းမျိုးစုံနဲ့ ဖြည့်ဆည်းပေးဖို့ ဒီပြပွဲကို လာရောက်ရခြင်း ဖြစ်ပါတယ်။

https://www.myawady.net.mm/sites/default/files/11E_0.jpg

မစုစုခိုင်(ဒုတိယနှစ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်း)

ဒီပြပွဲမှာ သီးနှံအမျိုးမျိုးကိုလည်း တွေ့နိုင် တယ်။ ဘယ်သီးနှံက အရည်အသွေးကောင်း ပြီး ဘယ်သီးနှံက ဈေးကွက်ဝင်တယ်ဆိုတာ သိနိုင်တယ်။  စိုက်ပျိုးရမယ့်သီးနှံတွေရဲ့ မြေအနေအထား တွေကိုလည်း လေ့လာခွင့် ရပါတယ်။  တောင်သူတွေအနေနဲ့လည်း ဘယ်လိုသီးနှံမျိုးစေ့ကိုစိုက်ရင် အထွက်နှုန်း ကောင်းမွန်မယ် ဆိုတာကိုလည်း လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ လေ့လာခြင်းဆိုတာက ကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် သီးနှံပြပွဲကို   စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကျောင်းသား၊ ကျောင်းသူများအထူးလာရောက်   လေ့လာသင့်တယ်။

နောက်ပြီး    မြန်မာနိုင်ငံအနေနဲ့လည်း စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် မျိုးစေ့ပြပွဲကို လူတိုင်း လာရောက် လေ့လာသင့်ပါတယ်။

တွေ့ဆုံမေးမြန်း - ခေတ်လူငယ်

ဓာတ်ပုံ - ကိုကိုထိန်