ခရီးသည်တင်ယာဉ်လိုင်းများ ယာယီရပ်နားထားသဖြင့် မီနီအိုးဝေသုံးဘီး ဆိုင်ကယ် ကယ်ရီသမားများ အခက်အခဲဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး    မုံရွာမြို့၌ ခရီးသည်တင် ယာဉ်လိုင်းများ ယာယီရပ်နားထားသဖြင့်  မီနီအိုးဝေသုံးဘီးဆိုင်ကယ် ကယ်ရီသမားများ အခက်အခဲကြုံတွေ့ နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသည် တင်မော်တော်ယာဉ်လိုင်းများနှင့် ရေယာဉ်လိုင်းများကို စက်တင်ဘာ  ၁၆  ရက်မှ စတင်၍ ယာယီရပ်နားခဲ့သဖြင့်  အဆိုပါ ခရီးသည်တင်ယာဉ်လိုင်းများကို    အမှီပြုပြေးဆွဲနေသည့် မီနီအိုးဝေသုံးဘီးဆိုင်ကယ်မောင်းသူများလည်း အခက်အခဲကြုံတွေ့ရခြင်းဖြစ်သည်။

“အခုက    ကားလေးကွင်းတွေလည်း ပိတ်သွားပြီ။ အမြန်ရေယာဉ်လိုင်းတွေလည်း ပိတ်သွားပြီ။ နောက်ပြီး တည်းခိုခန်းတွေ၊ ဟိုတယ်တွေလည်း အကုန်လုံးပိတ်ထားတဲ့အတွက် ကျွန်တော်တို့မှာ  မျှော်လင့်ချက်မရှိတော့ဘူး။   အခုချိန်က  မြို့ထဲမှာရှိတဲ့ ဖောက်သည်လေးတွေ ဖုန်းဆက်တာကိုပဲ စောင့်နေရတယ်။ ကိုယ်လည်း အိမ်ထဲကနေ    အပြင်ကို မထွက်နိုင်ဘူးဆိုတော့ သူတို့ဖုန်းဆက်ခေါ်မှပဲသွားရတာပါ။ အခုချိန်မှာတော့ ဝင်ငွေမရတဲ့ ရက်ကများလာတယ်”ဟု  မုံရွာမြို့  သလ္လာအမှတ်(၁)ရပ်ကွက်နေ မီနီအိုးေ၀     သုံးဘီးဆိုင်ကယ်မောင်းသူ ကိုအာကာက ပြောသည်။

မီနီအိုးဝေသုံးဘီးဆိုင်ကယ် မောင်းသူများအနေဖြင့် ယာဉ်လိုင်းများ မပိတ်သိမ်းခင်က တစ်ရက်လျှင် ပုံမှန်ဝင်ငွေကျပ် ၂၀၀၀၀ ဝန်းကျင်ရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေခဲ့သော်လည်း     ယခုချိန်တွင် ဆိုင်ကယ်ပြေးဆွဲမှု     ရပ်နားထားသဖြင့် မိသားစုစားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

မုံရွာမြို့၌    ခရီးသည်တင်မီနီအိုးဝေသုံးဘီးဆိုင်ကယ်အသင်းသုံးသင်း၊ ဆိုင်ကယ်အစီးရေ ၃၀ ခန့်ရှိကြောင်း သိရသည်။