တောင်သူတွေအနေနဲ့ ဒီအတိုင်း ကိုယ့်ရဲ့မိရိုးဖလာနဲ့လုပ်နေမယ်ဆိုရင် ထွက်နှုန်းမြင့်မြင့်လည်းမရနိုင်ပါဘူး လုပ်ငန်းများအဆင်ပြေ တိုးတက်အောင်မြင်ဖို့ ဆိုရင် ဒီလိုပြပွဲမျိုးကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်

မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်းမျိုးသန့်မျိုးစေ့များ အသုံးပြု စိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှု မြင့်မားပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မျိုးစေ့ပြပွဲ ၂၀၂၂ ကို နေပြည်တော်ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း၌ ကျင်းပလျက်ရှိသည်။

ထိုသို့ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့်ပြပွဲသို့  မြန်မာနိုင်ငံမျိုးစေ့ အသင်းနှင့် မျိုးစေ့ကုမ္ပဏီများမှ တာဝန်ရှိသူများ၊  စိုက်ပျိုးရေးတောင်သူများ၊ စိုက်ပျိုးရေးဝါသနာရှင်များ တစ်ခဲနက် လာရောက် လေ့လာလျက်ရှိရာ ပြပွဲကျင်းပပေးမှုနှင့် ပတ်သက်၍  ၎င်းတို့၏ အမြင်များကို တင်ပြလိုက်ရပါသည်။

ဦးစိန်မောင်မြင့် (ပြပွဲသို့လာရောက်လေ့လာသည့်တောင်သူ)

ကျွန်တော် အဓိကစိုက်ပျိုးတာကတော့ ကြံ၊ စပါး၊ ပဲ၊ ပြောင်းနဲ့ နှမ်းကိုစိုက်ပျိုး ပါတယ်။  အခု  လာရောက်လေ့လာရင်း စိုက်ပျိုးရေးနည်းပညာတွေကို ဌာနက တာဝန်ရှိတဲ့သူတွေကို  မေးမြန်းပြီးတော့ တိုင်ပင်ပါတယ်။ အခု   TBL Limited ကုမ္ပဏီက   နှမ်းမျိုးတွေဝယ်လာတယ်။ နောက်ထပ် မတ်ပဲမျိုးကိုတော့ ကုမ္ပဏီက ဝန်ထမ်းတွေနဲ့   အဆက်အသွယ်လုပ်ပြီး တော့ ဝယ်ယူဖို့စီစဉ်ထားပါတယ်။

ကျွန်တော်တို့ တောင်သူတွေက မှန်(၄)မှန်ဖြစ်တဲ့ မျိုးမှန်၊ မြေမှန်၊ ရာသီဥတုမှန်၊ စိုက်နည်းမှန်ကို ဦးတည်ပြီး လုပ်ရတဲ့အတွက် ထိပ်ဆုံးက မျိုးမှန်ကို လိုချင်တဲ့အတွက် လာရှာရတာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ ပင်ကိုမျိုးတွေက ကျွန်တော်တို့မြေ၊ ရာသီဥတုနဲ့ သိပ်မကိုက်ညီတော့တဲ့အတွက် ကိုက်ညီနိုင်မယ့်မျိုးကို   ရှာရပါတယ်။ မျိုးကောင်းမျိုးသန့်တွေလည်း ကျွန်တော်တို့ရှာရပါတယ်။

စိုက်နည်းပျိုးနည်းတွေကလည်း ကျွန်တော်တို့ မိဘဘိုးဘွားတွေရဲ့ စိုက်နည်းနဲ့ မတူ တော့တဲ့အတွက်  အထွက်နှုန်းများများ လိုချင်တဲ့အတွက် ဒီပွဲတော်ကို အားကိုးပြီး လာရပါတယ်။ တောင်သူတွေအနေနဲ့လည်း ကြီးပွားတိုးတက်ဖို့ဆိုရင် နည်းစနစ်ကောင်းတွေနဲ့ မျိုးကောင်းမျိုးသန့်တွေ လိုပါတယ်။ ဒီအတိုင်း ကိုယ့်ရဲ့မိရိုးဖလာနဲ့ လုပ်နေမယ် ဆိုရင် ထွက်နှုန်းမြင့်မြင့်လည်း မရနိုင်ပါဘူး။

အဲဒီအတွက်   လုပ်ငန်းများ   အဆင်ပြေ တိုးတက်အောင်မြင်ဖို့ဆိုရင် ဒီလိုပြပွဲမျိုးကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။

https://www.myawady.net.mm/sites/default/files/12EE.jpg

ဦးတင်ထွန်း (ပြပွဲသို့ လာရောက်လေ့လာသည့်တောင်သူ)

ကျွန်တော်တို့ကတော့  စိုက်ပျိုးရေးကို အဓိကထားပြီးလုပ်ရတဲ့ တောင်သူတွေ ဆိုတော့ မျိုးကောင်းမျိုးသန့် ရဖို့အတွက် စိတ်ဝင်စားပါတယ်။ ကျွန်တော်တို့မှာ လက်ရှိ ရှိနေတဲ့မျိုးတွေဟာ မျိုးကောင်းမျိုးသန့်တွေ မဟုတ်တဲ့အတွက် အထွက်နှုန်းလည်းလျော့ပါတယ်။ ဒါကြောင့် အခုလို မျိုးကောင်းမျိုးသန့်တွေ ပြသထားတဲ့အတွက်  တော်တော် လည်း   စိတ်ဝင်စားဖို့ကောင်းပါတယ်။

တောင်သူတွေအတွက်လည်း ဗဟုသုတအများကြီးရပါတယ်။

ကျွန်တော်တို့က လက်တွေ့လုပ်နေရတဲ့ တောင်သူတွေဆိုတော့ ဒေသအလိုက်မှာ ထွက်တဲ့မျိုးစေ့တွေကို လက်လှမ်းမမီဘူး။ အခုလို တစ်နေရာတည်းမှာ စုံစုံလင်လင် ပြသထားတဲ့အတွက် ဗဟုသုတတွေ ရရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို တောင်သူတွေ အနေနဲ့ ကိုယ့်ဒေသနဲ့ကိုက်ညီမယ့် မျိုးစေ့ တွေကိုရယူနိုင်ဖို့အတွက်   လာရောက် လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။

https://www.myawady.net.mm/sites/default/files/12BB.jpg

ဦးစောထွေး (ပြပွဲသို့ လာရောက်လေ့လာသည့်တောင်သူ)

ကျွန်တော်က စပါးစိုက်တယ်။ ကျွန်တော်တို့ နေပြည်တော်က မိုးကောင်းလွန်းတော့ ဝါမစိုက်ရဲဘူး။ ဒီစကားဝိုင်းကို လာရောက် နားထောင်တဲ့အတွက် ဝါနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ များစွာရရှိပါ တယ်။ ဝါနဲ့ပတ်သက်တဲ့ မျိုးကောင်းမျိုးသန့်ကို ဘယ်လိုဝယ်ယူစိုက်ပျိုးရမလဲ ဆိုတာကို  လေ့လာခွင့် ရရှိပါတယ်။ ဒီလို တောင်သူ အသိပညာပေးစကားဝိုင်းတွေ  ပါရှိတဲ့အတွက် ဝါမစိုက်ဖူးတဲ့ ကျွန်တော်တို့လို တောင်သူတွေအတွက် များစွာအထောက်အကူပြုပါတယ်။

https://www.myawady.net.mm/sites/default/files/12AA.jpg

မခင်မျိုးခိုင် (Agro Bio Product Co.,Ltd.)

အခုလို  မျိုးစေ့ပြပွဲပြုလုပ်တဲ့အတွက် မျိုးကောင်းမျိုးသန့်အသစ်တွေ အများကြီး ပေါ်လာတာ  ရှိပါတယ်။   ဒါကြောင့်မို့ တောင်သူတွေ အနေနဲ့လည်း ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ မျိုးတွေကို ရွေးချယ်ခွင့် အများကြီး ရပါတယ်။ ကိုယ့်ဒေသရဲ့ ရေ၊ မြေ၊ သဘာဝနဲ့ကိုက်ညီတဲ့ မျိုးတွေကို ရွေးချယ်ပြီးတော့ စိုက်ပျိုးဖို့အတွက် အခွင့်အရေးတွေ တော်တော်များပါတယ်။   တောင်သူတွေအနေနဲ့ မျိုးစေ့ပြပွဲကို လာတဲ့အခါ ကုမ္ပဏီတွေနဲ့လည်း  တိုက်ရိုက် တွေ့လို့ရတယ်။ ဌာနဆိုင်ရာတွေနဲ့လည်း တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့ အတွက်ကြောင့်မို့ နည်းပညာတွေလည်း အများကြီး ရရှိမှာ ဖြစ်ပါတယ်။ 

ဒီမှာ စိုက်ပျိုးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေကို  ဌာနဆိုင်ရာက တာဝန်ရှိသူတွေကလည်း ဖြေပေးလို့လည်း ရပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း သူတို့ မျိုးစေ့အနေအထားနဲ့ ပတ်သက်လို့ တောင်သူတွေကို ရှင်းရှင်းလင်းလင်းသိအောင် ရှင်းပြ ပေးခွင့်ရတဲ့အတွက် တောင်သူများအတွက် အလွန်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါပဲ။ 

သူတို့အနေနဲ့  နည်းပညာတွေနဲ့ ပတ်သက်လို့ရှိရင်လည်း မသိတာတွေရှိရင်ချက်ချင်း မေးမြန်းလို့ရပါတယ်။ နောက်တစ်ခုကတော့ တောင်သူအချင်းချင်း စိုက်ပျိုးမှုနည်းစနစ်တွေ မတူကြတဲ့ အတွက်ကြောင့် နည်းပညာတွေကို ဖလှယ်ခွင့်လည်း ရပါမယ်။ တောင်သူ တွေအနေနဲ့  အလွန်တက်သင့်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

https://www.myawady.net.mm/sites/default/files/12FF.jpg

ဦးစိုးဝင်း(ပြပွဲသို့လာရောက်လေ့လာသည့် တောင်သူ)

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ဝါသီးနှံဖွံ့ဖြိုးတိုးတက်ဖို့  အားလုံးပါဝင်ဆွေးနွေးစို့ ခေါင်းစဉ်မှာ  ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်ဆွေးနွေးတဲ့အပိုင်းကတော့ မျိုးစေ့ဈေးတွေ ကြီးမားတဲ့အတွက် တစ်ပိုင်တစ်နိုင် မျိုးစေ့ထုတ်လုပ်ပြီး နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ  မျိုးကောင်းမျိုးသန့်ဖြန့်ဖြူး  ထုတ်လုပ်ပေးနိုင်ဖို့အတွက်  လက်လှမ်းမီသလောက်  ဆွေးနွေးခဲ့ပါတယ်။

ဒီပွဲတော်မှာဆိုရင် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်လုပ်ထားတဲ့ မျိုးစေ့တွေနဲ့ ကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ မျိုးစေ့တွေ  အစုံအလင်ပြသထားတဲ့အတွက် တောင်သူတွေ အနေနဲ့ မိမိဒေသနဲ့ကိုက်ညီတဲ့  မျိုးစေ့တွေကို ရှာဖွေဝယ်ယူ စုဆောင်းပြီးတော့ စိုက်ပျိုးနိုင်တဲ့အတွက်ကြောင့် တောင်သူတွေအတွက် အကျိုးရှိပါတယ်။

ဒီမျိုးစေ့ပြပွဲတော်မှာ တောင်သူတွေအတွက် အဓိက နံပါတ်တစ်အရေးကြီးတာ မျိုးပေါ့နော်။ မျိုးဟာအင်မတန် အရေးကြီးတဲ့အတွက် မိမိတို့အနေနဲ့ လာရောက်ပြီးတော့ ကိုယ်နှစ်သက်ရာမျိုးတွေကို ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးတော့ ဝယ်ယူနိုင်တယ်။ နောက်တစ်ခုကတော့ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးတွေကို ဒီပွဲတော်မှာ ရှာဖွေနိုင်တယ်။ စုံစမ်းနိုင်တဲ့အပြင် တောင်သူအချင်းချင်း နည်းပညာတွေ ဖလှယ်ကြတာတွေ၊ ဌာန ဆိုင်ရာတွေက  မေးခွန်းတွေ ပြန်လည်ဖြေကြားတာတွေပါတဲ့ အတွက်ကြောင့်၊ တောင်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေရရှိတဲ့အတွက်ကြောင့် လာ ရောက်ပြီးတော့ ပွဲတက်စေချင်ပါကြောင်း တိုက်တွန်းလိုပါတယ်။

ဦးမြင့်သိန်း(ပြပွဲသို့ လာရောက်လေ့လာသည့်တောင်သူ)

ကျွန်တော်တို့ တောင်သူလယ်သမားတွေ အသိပညာနည်းနေတဲ့အချိန်မှာ သက်ဆိုင်ရာ ဌာနက လူကြီးများက  နည်းမှန်လမ်းမှန်စနစ်တွေ  ဖြစ်လာစေဖို့အတွက် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးနည်း၊ ထုတ်လုပ်နည်းတွေကို စေတနာထားပြီး  လုပ်ပေးတဲ့အတွက် တောင်သူတွေ သီးနှံအထွက်တိုးပြီး ဝင်ငွေတွေ တိုးပွားလာမယ့်အတွက် ဝမ်းသာပါတယ်။

https://www.myawady.net.mm/sites/default/files/12CC.jpg

တောင်သူလယ်သမားတွေဟာ ရှေးရိုးစွဲ အလုပ်တွေ လုပ်နေတဲ့အတွက်ကြောင့် ကုန်ထုတ် စွမ်းအားစုတွေမှာ တိုးတက်အောင်မြင်အောင် လုပ်မပေးနိုင်ပါဘူး။ မျိုးကောင်း မျိုးစေ့တွေပေးမယ်၊ ထွန်ယက်နည်းစနစ်တွေနဲ့ နည်းပညာတွေပေးတဲ့အတွက် ဝမ်းသာပါတယ်။ နောက်တစ်ခု လိုချင်တာကတော့ မြေသြဇာတွေကို သင့်တဲ့ဈေးနှုန်းနဲ့ အချိန်မီ ပံ့ပိုးပေးမယ်၊ မျိုးစေ့တွေ ထုတ်ပေးမယ်၊ ချေးငွေတွေကို    ကျယ်ကျယ်ပြန့်ပြန့် တောင်သူများကို ပံ့ပိုးပေးနိုင်မယ်ဆိုရင်  နိုင်ငံတော်အတွက် ကုန်ထုတ်လုပ်မှုတွေ ပိုပြီးတော့   များပြားလာပြီး  တိုင်းပြည် သာယာဝပြောတိုးတက်လာမှာ   ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း-သန်းမင်းအောင်၊

နိုင်နိုင်ဝင်း

ဓာတ်ပုံ-နေသစ်