ဆင်စခန်းများရှိ ဆင်များအတွက် အစာလိုအပ်ချက်ရှိနေပြီး အလှူရှင်များ လှူဒါန်းနိုင်ရန် ဖိတ်ခေါ်လျက်ရှိ

COVID-19 ရောဂါအခြေအနေကြောင့် ဆင်စခန်းများကို ယာယီပိတ်ထားစဉ်ကာလအတွင်း ဆင်များအတွက် အစာလိုအပ်ချက်ရှိနေ၍ အလှူရှင်များ လှူဒါန်းနိုင်ရန်ဖိတ်ခေါ်လျက်ရှိကြောင်း မြန်မာ့သစ်လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးစောဂျွန်ရွှေဘ၏ ပြောကြားချက်အရ သိရသည်။

ယခင်က   ဆင်စခန်းများရှိ  ဆင်များအတွက် သတ်မှတ်ထားသော အစာရိက္ခာကို နေ့စဉ်ကျွေးမွေးသည့်အပြင် လာရောက်လည်ပတ်သူများကလည်း ကျွေးမွေးသည့်အတွက် ပြည့်စုံမှုရှိခဲ့သော်လည်း ယခုအခါ COVID-19 ရောဂါကာလဖြစ်၍ ဆင်စခန်းများ ပိတ်ထားသောကြောင့် ဧည့်သည်ဝင်ရောက်မှု မရှိတော့သဖြင့် အစာလိုအပ်ချက်ရှိနေခြင်း ဖြစ်သည်။

“COVID-19 ရောဂါကာလဖြစ်တဲ့အတွက် ဆင်စခန်းအားလုံးကို ပိတ်ထားပါတယ်။ ဒီလိုပိတ်ထားတဲ့ ကာလအတွင်းမှာ ဆင်တွေအတွက် နေ့စဉ်အစာလိုအပ်ချက်ရှိပါတယ်။ စားကျက်ရှိတဲ့ ဆင်စခန်းတွေအတွက် အဆင်ပြေပေမယ့် စားကျက်မရှိတဲ့ ဆင်စခန်းတွေအတွက် အခက်အခဲရှိပါတယ်။ ဒီအတွက် လှူဒါန်းလိုသူတွေအနေနဲ့  လာရောက်လှူဒါန်းနိုင်ပါတယ်” ဟု ဦးစောဂျွန်ရွှေဘက ပြောသည်။

ဆင်စခန်းများပိတ်ထားစဉ်   ဗောဓိတထောင်ဆင်စခန်းမှ ဆင်များကို တောတွင်းစခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ရကြောင်း၊ ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအတွက်  ဆင်စခန်းမှ ကျွေးမွေးနေသည့်အပြင် ပြင်ပအလှူရှင်များ၏ အစာလှူဒါန်းမှုများ ရှိသည့်အတွက် ဆက်လက်ထားရှိကြောင်း၊ လက်ရှိတွင် အစာလိုအပ်ချက်ရှိသော ဆင်စခန်းများအတွက် အလှူရှင်များ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

 စိုးမိုး