ကောင်းကျင့် ကောင်းကြံ မြဲမြံစွာ ကျင့်သုံးပါ

လူသားတိုင်းကို အန္တရာယ်ပြုခြိမ်းခြောက်နေသော COVID-19 ကပ်ရောဂါကြောင့် သွားလာမှု ကန့်သတ်ကာ အိမ်တွင်နေထိုင် ကြစဉ်အတွင်း မိမိအတွက်၊ မိမိမိသားစုအတွက်၊ မိမိနိုင်ငံအတွက် ကောင်းသောအကျင့်၊ ကောင်းသော အကြံတို့ကို ကျင့်ကြံပွားများနေထိုင်ခြင်းသည် ကောင်းကျိုးဖြစ်ထွန်းသောအလုပ် ဖြစ်ပေသည်။

လူသည်တစ်ဦးတစ်ယောက်တည်း သီးခြားရပ်တည်နေ၍ ရသည်မဟုတ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် နေထိုင်ကြရသည်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် နေကြရာတွင်လည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် နေလိုကြသည်မှာ လူတိုင်း၏ဆန္ဒ ဖြစ်သည်။ ထို့ကြောင့် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် နေရစဉ် စိတ်ချမ်းသာ ကိုယ်ကျန်းမာနေလိုပါက စိတ်ချမ်းသာကိုယ်ကျန်းမာနှင့် နေရအောင် အားထုတ်ဖို့လိုပေသည်။

စိတ်ချမ်းသာကိုယ်ကျန်းမာနှင့် နေထိုင်နိုင်အောင် အားထုတ်နည်းမှာ ငါးပါးသီလကိုလုံခြုံစွာ စောင့်ထိန်းခြင်း ဖြစ်သည်။ ငါးပါးသီလသည် ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေးအတွက် လူလူချင်းဆက်ဆံရာ၌ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းသဖွယ်ဖြစ်သည်။  လူအချင်းချင်းဆက်ဆံရေး ကောင်းမွန်မှသာ ကမ္ဘာကြီးငြိမ်းချမ်း သာယာမည်ဖြစ်သည်။

လူ့ဘဝရခြင်းသည် မနုဿတ္တဘာဝေါ ဒုလဘောဟူသည် နှင့်အညီ ထိုက်ထိုက်တန်တန်ရခြင်း ဖြစ်သည်။

ရခဲသောလူ့ဘဝကိုထိုက်ထိုက်တန်တန်ရခြင်းဖြစ်သည့်အတွက် ကောင်းမွန်စွာနေထိုင်ကြရပေမည်။ ကောင်းမွန်စွာ နေထိုင်မှသာ လောလောဆယ်ပစ္စုပ္ပန်၌ ချမ်းသာမည်။ တမလွန်၌ ချမ်းသာမည်ဖြစ်သည်။ ပစ္စုပ္ပန်နှင့်တမလွန်မှာ ချမ်းသာစွာ နေထိုင်နိုင်ရေးမှာ ငါးပါးသီလဖြစ်ကြောင်း  ထပ်ဆင့်ဆိုချင်ပါသည်။ လူတို့အနေဖြင့် အမြဲစောင့်ထိန်းအပ်သောကြောင့် နိစ္စသီလဟူ၍လည်းခေါ်ပါသည်။ ထိုနိစ္စသီလကိုခါးဝတ်ပုဆိုးကဲ့သို့ သတိတရားဖြင့် မြဲမြံစွာ စောင့်ထိန်းအပ်သည်။

ခါးဝတ်ပုဆိုးကျွတ်သွားပါက လောကတွင် ရှက်စရာကောင်း သကဲ့သို့ ငါးပါးသီလ မမြဲပါကလည်း လောကတွင်ရှက်ဖွယ် ဖြစ်ပေသည်။ သို့ရာတွင် လူတို့အနေဖြင့် ပုဆိုးကျွတ်ခြင်းကိုသာ လောက၏ ရှက်ဖွယ်အဖြစ် မှတ်ယူတတ်ကြပြီး ငါးပါးသီလမမြဲခြင်းကိုမူ လောကတွင်ရှက်ဖွယ်အဖြစ် မှတ်ယူခြင်း မရှိကြပါ။ မမြင်တတ်ကြပါ။ ငါးပါးသီလမမြဲခြင်းကို ပညာရှင်များက တိရစ္ဆာန်နှင့်အလားတူသည်ဟုဆိုကြသည်။ တိရစ္ဆာန်တို့သည် ခါးဝတ်ပုဆိုးမရှိခြင်းကို ရှက်စရာဟု မသိသကဲ့သို့ လူမိုက်တို့သည်လည်း ငါးပါးသီလမမြဲခြင်းကို ရှက်စရာဟုမထင်ဘဲ ရှိနေသည်။ အမှန်အားဖြင့် ကမ္ဘာကြီး၌ ငြိမ်းချမ်းသာယာမှု မရှိခြင်းမှာလည်း လူမိုက်တွေပေါများနေသောကြောင့် ဖြစ်သည်။ လူလိမ္မာအရေအတွက်ထက် လူမိုက်အရေအတွက်က များပြားလာသောအခါ ကမ္ဘာကြီးတွင်ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ အေးချမ်းမှုများ ကွယ်ပျောက်လေသည်။

ထို့ကြောင့် ဤကမ္ဘာကြီးငြိမ်းချမ်းသာယာရေးအတွက် ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဟူသော စိတ်ကို မွေးမြူကြရမည် ဖြစ်သည်။ မိမိအနေဖြင့် ငါးပါးသီလကိုမြဲမြံစွာ စောင့်ထိန်းရပေမည်။ မိမိနည်းတူ သူတစ်ပါးကိုလည်း စောင့်ထိန်းဖြစ်အောင် တတ်စွမ်းနိုင်သမျှဆွဲဆောင်ရပေမည်။ သို့မှသာ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် မည်သူမဆိုစိတ်ချမ်းသာ ကိုယ်ကျန်းမာနေနိုင်မည် ဖြစ်သည်။ လူလူချင်းဆက်ဆံရာတွင် တစ်ဦးအပေါ် တစ်ဦးက ကြင်နာမည်၊ ချစ်မည်ဆိုပါလျှင် အချင်းချင်းဆက်ဆံရေးပြေပြစ်ချောမွေ့မည်။ တစ်ဦးကိုတစ်ဦးက သတ်ရန်မဆိုထားနှင့် တစ်ဦး၏အကျိုးစီးပွားကို တစ်ဦးကထိခိုက်အောင်၊ နစ်နာအောင်ပြုမည် မဟုတ်ပေ။

ထို့အတူ သူ့အကျိုးပျက်စီးစေမည့် သူ့ပစ္စည်းကိုယူဖို့ မဆိုထားနှင့် ပေးသောပစ္စည်းကိုပင် ယူလိုစိတ်ရှိမည် မဟုတ်ပါ။ အဒိန္နာဒါနာသိက္ခာပုဒ်အရ သူတစ်ပါးပစ္စည်းကို သူမပေးဘဲမယူခြင်း၊ ခိုးယူမှုမပြုခြင်းသည် လူအချင်းချင်းဆက်ဆံရေး ကောင်းမွန်စေသည်။

လူတို့သည် တဏှာလောဘကြောင့် သောကဖြစ်ရ၏။ တဏှာလောဘကြောင့်ဘေးဖြစ်ရ၏။ တဏှာလောဘမရှိသူ၌ သောကသည်မဖြစ်တော့။ ဘေးဆိုသည်ကား ဆိုဖွယ်ရာရှိတော့မည်မဟုတ်ပါ။ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း ဟူသည်မှာ သူတစ်ပါးသားမယားကိုစော်ကားခြင်း တဏှာလောဘဖြစ်သည်။ မုသာဝါဒဆိုသည်မှာ လိမ်ညာ၍ပြောခြင်း ဖြစ်သည်။ သူတစ်ပါးအကျိုးပျက်စီးအောင် လိမ်လည်လှည့်ဖြား ပြောဆိုခြင်းသည် မုသာဝါဒဖြစ်သည်။ မဟုတ်မမှန်သော စကားကို ရယ်ရွှင်ဖွယ်အဖြစ်ပင် မပြောဆိုသင့်ပါ။ သုရာမေရယ အရက်သေစာသောက်စားမူးယစ်ခြင်းဖြင့် မကောင်းမှုမှန်သမျှ ပြုလုပ်ရန်ဝန်လေးတော့မည်မဟုတ်ပေ။ ယနေ့ခေတ်တွင်မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် စိတ်ကြွဖောက်ပြန်ကာ လူသတ်မှုကိုပင် လွယ်ကူစွာကျူးလွန် လာကြလေသည်။

လူသားအားလုံးသည် ငါးပါးသီလကိုလုံခြုံစွာစောင့်ထိန်းနိုင်မည်ဆိုပါက ဤကမ္ဘာကြီးတွင် တရားဥပဒေပင် ထုတ်ပြန်ထားရန် မလိုပေ။  လူတိုင်းကိုယ်စီအသိဖြင့် ငါးပါးသီလ သို့မဟုတ် နိစ္စသီလကို စောင့်ထိန်းလိုက်နာ ကြမည် ဆိုပါက ဤကမ္ဘာကြီးသည် အလွန်ပင်အေးချမ်းသာယာနေမည်။ ထို့ကြောင့် လူတိုင်းသည် ကောင်းသောအကျင့်၊ ကောင်းသောအကြံကို မြဲမြံစွာ ကျင့်သုံးကြပြီး မိမိတို့ဘဝခရီးကို အေးချမ်းသာယာစွာ လျှောက်လှမ်းနိုင်ကြစေရန် ရေးသားလိုက်ရပေသည်။   ။