လက်ထိဘောစည်းမျဉ်းသစ်ကြောင့် လက်ထိအောင် ရည်ရွယ်ကန်သူများကို ကြောက်ရမည်ဟု ခရစ္စဖွိုင်ဆို

ယခုရာသီပရီးမီးယားလိဂ်တွင်  အငြင်းပွားစရာ  လက်ထိ ဘောနှင့် ပယ်နယ်တီပြစ်ဒဏ် များစွာရှိခဲ့၍ ဝေဖန်မှုများရှိနေ သည့်ကြားမှ နိုင်ငံတကာဘောလုံးဘုတ် အဖွဲ့သည် စက်တင်ဘာ ၂၅ ရက်က ပယ်နယ်တီစည်းမျဉ်းသစ်ကို  အတည်ပြုလိုက်ရာ  ဒိုင်လူကြီးများအနေဖြင့် လက်ထိဘောဖြစ်လျှင် ယခင်အတိုင်း VAR စနစ်ကို သွားကြည့်ပြီး  လက်ထိကစားသမားလက်သည်  ခန္ဓာကိုယ်နှင့် အနီးစပ်ဆုံး  ကပ်နေခြင်းမရှိပါက လက်ထိဘော (တစ်နည်းအားဖြင့် ဂိုးစည်းထဲဆိုလျှင် ပယ်နယ်တီ) ပေးရမည်ဟု ထုတ်ပြန်လိုက်သည်။

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂) အပြီးမှာပင် လက်ထိ ဘောပယ်နယ်တီပေးမှု များလွန်းခဲ့ကာ ပြီးခဲ့သည့်နှစ် သွင်းဂိုး များ၏ ၇ ရာခိုင်နှုန်းကသာ ပယ်နယ်တီဂိုးများဖြစ်ခဲ့ပြီး ယခု ရာသီပွဲစဉ် (၂) အပြီး သွင်းဂိုးများ၏ ၁၆ ရာခိုင်နှုန်းက ပယ်နယ်တီများ ဖြစ်နေခဲ့သည်။ ပြီးခဲ့သည့် ပဲလေ့စ်နှင့်ပွဲတွင် မန်ယူရှုံးခဲ့ရာ ခံစစ်မှူး လင်ဒီလော့ဖ်လက်ကို အနီးကပ်ကန် လိုက်၍ လာထိသောဘောလုံးကို  ပင်နယ်တီပေးခဲ့မှု၊ စပါးခံစစ်မှူး ဒိုဟာတီလက်ကို  အသင်းဖော်   ဟယ်ရီဝင့်ခ်ဆီမှ ချော်ထွက်ပြီး လာထိသောဘောလုံးကို  ပယ်နယ်တီပေးမှု၊ လိဒ်အသင်းမှ ရော်ဘင်ကို့ချ် လီဗာပူးနှင့်ပွဲတွင် ခြေထောက်ကို လာမှန်ပြီးမှ လက်ကိုသွားထိသောဘောလုံးကို ပယ်နယ်တီ ပေးမှုများမှာ အငြင်းပွားစရာဖြစ်ခဲ့သည်။

ဘောလုံးဒိုင်ချုပ်ဟောင်း ခရစ္စဖွိုင်က “ခံစစ်မှူးတွေဘက်က ရှောင်လွှဲလို့မရနိုင်တဲ့  လက်ထိမှုတွေကို ပယ်နယ်တီတွေ ပေးနေတာက  အခု ခံစစ်မှူးတွေလက်က   လက်ထိဘော စည်းမျဉ်းသစ်ကြောင့် ပိုပြီးတော့တောင် အငြင်းပွားစရာတွေ နဲ့ ပယ်နယ်တီဂိုးတွေ မြင်လာရနိုင်ပါတယ်။  လင်ဒီလော့ဖ်လက်ထိပြီး   ပယ်နယ်တီပေးလိုက်ရတာက   မဖြစ်သင့်ပေမယ့် ပေးလည်းရ၊   မပေးလည်းရတဲ့   စည်းမျဉ်းဖြစ်နေတယ်။ လက်ထိဘော  စည်းမျဉ်းသစ်ကြောင့် ခံစစ်မှူးတွေဘက်က  အကာအကွယ် ပိုမဲ့သွားပြီး ကျွန်တော်တို့ဒိုင်တွေဘက်ကလည်း  ကစားသမားတွေက ခံစစ်မှူးတွေလက်ကို မထိထိအောင်ကန်ပြီး ရည်ရွယ်ချက်ရှိစွာနဲ့ ပယ်နယ်တီတွေရယူနေတာကိုတော့ မမြင်ချင်ဘူး” ဟု ပြောသည်။                    

 Ref:Dailymail