ပွဲပယ်ပြစ်ဒဏ်ကြောင့် ရှမ်းယူနိုက်တက်အသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းပွဲစဉ်ကို ဟိန်းသီဟဇော် ဟိန်းဖြိုးဝင်းနှင့် ကောင်းစည်သူတို့ လွဲချော်မည်

ရှမ်းယူနိုက်တက်အသင်းသည် ပွဲစဉ်(၁၉) အဖြစ်   စက်တင်ဘာ ၂၇ ရက်တွင်  ဆောက်သမ်းမြန်မာအသင်းနှင့်  ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် အသင်း၏ကစားသမား  နှစ်ဦးဖြစ်သည့်  ဟိန်းသီဟ ဇော်နှင့် ဟိန်းဖြိုးဝင်းတို့  ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။

နောက်ခံကစားသမား ဟိန်းသီဟဇော် သည် ရှမ်းယူနိုက်တက်အသင်း ကစားပြီးခဲ့ သည့် ၁၈ ပွဲအနက် ပွဲထွက်ကစားသမားအဖြစ် ၁၆ ပွဲ  ပွဲထွက်ခဲ့ပြီး အရန်ကစားသမားအဖြစ် နှစ်ပွဲ ပွဲထွက်ကစားခဲ့သည်။ 

အလားတူ လူငယ်ကစားသမားတစ်ဦး ဖြစ်သည့် ဟိန်းဖြိုးဝင်းသည်လည်း အသင်းကစားပြီးခဲ့သည့် ၁၈ ပွဲအနက် ပွဲထွက် ကစားသမားအဖြစ် ရှစ်ပွဲ ပွဲထွက်ခဲ့ပြီး အရန်ကစားသမားအဖြစ်  ကိုးပွဲ  ပွဲထွက်ကစားခဲ့သည်။  ဟိန်းဖြိုးဝင်းသည်  ရခိုင်ယူနိုက်တက် အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ် (၁၃) တွင် ဒဏ်ရာကြောင့် ပါဝင်လာခြင်း မရှိခဲ့ပေ။ လက်ရှိတွင် ဟိန်းဖြိုးဝင်းသည်  အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးထားသည်။ အဆိုပါ ကစားသမားနှစ်ဦးစလုံးသည်   အဝါကတ်   သုံးကြိမ်ပြည့်ခဲ့သည့်အတွက် ဆောက်သမ်းမြန်မာ အသင်းနှင့်ပွဲအား လွဲချော်ရခြင်းဖြစ်သည်။

အလားတူ ဆောက်သမ်းမြန်မာ အသင်းသည်လည်း အဆိုပါပွဲတွင် အသင်းတိုက်စစ်မှူး  ကောင်းစည်သူ  ပွဲပယ်ပြစ်ဒဏ် ကြောင့် လွဲချော်မည်ဖြစ်သည်။ ကောင်းစည်သူသည် အဝါကတ် သုံးကြိမ်ပြည့်ခဲ့သည့် အတွက် ရှမ်းယူနိုက်တက် အသင်းနှင့်ပွဲကို လွဲချော်ရခြင်းဖြစ်သည်။     လက်ရှိတွင်ကောင်းစည်သူသည်   အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူ ပေးထားသည်။

ပွဲစဉ် (၁၈)အပြီးတွင် ရှမ်းယူနိုက်တက် အသင်းသည် ရမှတ် ၃၈ မှတ်ဖြင့် အဆင့် (၃) နေရာ၌ ရပ်တည်နေပြီး ဆောက်သမ်းမြန်မာအသင်းသည်  ရမှတ်  ခုနစ်မှတ်ဖြင့် အဆင့် (၁၀) နေရာ၌  ရှိနေသည်။ အဆိုပါ နှစ်သင်း၏    ပထမအကျော့ တွေ့ဆုံမှုတွင် ရှမ်းယူနိုက်တက် အသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။                         

   ကိုရဲ