ရန်ကုန်ယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်နှစ်သင်း တွေ့ဆုံမှုတွင် ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိ

ရန်ကုန်ယူနိုက်တက်အသင်းနှင့်  အမှတ်ပေးဇယားထိပ်ပိုင်းမှ ဧရာဝတီယူနိုက်တက် အသင်းတို့ တွေ့ဆုံမည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၉) က ပြိုင်ဆိုင်မှုပြင်းထန် ဖွယ်ရှိနေပြီး စက်တင်ဘာ ၂၇ ရက် (ယနေ့)တွင် ရန်ကုန်မြို့ရှိ  ပဒုမ္မာအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲစဉ်(၁၇) အထိ အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသော်လည်း ပွဲစဉ်  (၁၈)တွင်  ရှမ်းယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက်   ရမှတ်  ၃၉  မှတ်ဖြင့် အဆင့်(၂)နေရာသို့ ဆင်းပေးလိုက်ရပြီး ယင်းပွဲရှုံးနိမ့်မှုကြောင့် ယခုနှစ် ဘောလုံးရာသီတွင် ဧရာဝတီယူနိုက်တက်အသင်း၏ ရှုံးပွဲမရှိ စံချိန်လည်း ပျက်ပြယ်ခဲ့သည်။

ထို့ကြောင့်   ဧရာဝတီယူနိုက်တက်အသင်းသည် ယခုနှစ်  မြန်မာနေရှင်နယ် လိဂ်ချန်ပီယံဆု   မျှော်လင့်ချက်အတွက် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ပွဲစဉ်၌ ရမှတ်ရရှိရန် လိုအပ်နေသည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၄) နေရာ၌ရပ်တည်နေပြီး ချန်ပီယံဆုအတွက် အခွင့်အရေး  ကုန်ဆုံးသွားပြီ ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ပွဲစဉ်တွင်  ရခိုင်ယူနိုက်တက် အသင်းကို မထင်မှတ်ဘဲ ဂိုးမရှိသရေ ကျခဲ့သဖြင့် ယခုပွဲစဉ်၌ နိုင်ပွဲပြန်လည်ရရှိရန် ရုန်းကန်ရဖွယ်ရှိသည်။

ယင်းနှစ်သင်း ပထမအကျော့တွေ့ဆုံစဉ်    ဧရာဝတီယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၁ ဂိုး- ဂိုး မရှိဖြင့် အနိုင်ရရှိထားပြီး ဒုတိယအကျော့ တွင် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ရှုံးကြွေးဆပ်ရန် ကြိုးစား ကစားမည် ဖြစ်သည့်အတွက်   အဆိုပါ ပွဲစဉ်က   မြန်မာနေရှင်နယ်လိဂ်  ပွဲစဉ်(၁၉)၏ အကောင်း ဆုံးပွဲဖြစ်လာဖွယ် ရှိကြောင်း သိရသည်။          

ကိုရဲ