ပီအက်စ်ဂျီအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် နည်းပြ ပိုချက်တီနိုကိုခန့်အပ်ရန်  ရီးယဲလ်မက်ဒရစ်အသင်း ကြိုးပမ်းဖွယ် ရှိနေ

ပီအက်စ်ဂျီအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် နည်းပြ ပိုချက်တီနိုကိုခန့်အပ်ရန်  ရီးယဲလ်မက်ဒရစ်အသင်း ကြိုးပမ်းဖွယ် ရှိနေ

ယခုဘောလုံးရာသီ အကုန်တွင် ပီအက်စ်ဂျီအသင်း နှင့်  အနာဂတ် မရေမရာဖြစ်နေသည့်  နည်းပြပိုချက်တီနိုကို ခန့်အပ်ရန် ရီးယဲလ်မက်ဒရစ် အသင်း ကြိုးပမ်းဖွယ် ရှိနေကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ် အသင်းသည် ယခုဘောလုံး ရာသီတွင်  နည်းပြ အန်ဆယ်လော့တီကို  နှစ်နှစ် စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး  ရာသီအစပိုင်းက  ရလဒ်ကောင်းများရရှိအောင်  စွမ်းဆောင်နိုင်ခဲ့သော်လည်း  နောက်ပိုင်းပွဲစဉ်များတွင် ခံစစ်ပိုင်း အသားပေး ကစားဟန်ကြောင့် အသင်းဥက္ကဋ္ဌ ပီရက်စ်က အန်ဆယ်လော့တီ၏ နည်းစနစ်များအပေါ် ယုံကြည်မှုလျော့နည်း လာသည့်အတွက် နည်းပြအပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

နည်းပြပိုချက်တီနို အနေဖြင့် ပီအက်စ်ဂျီ အသင်းနှင့် စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ပီအက်စ်ဂျီ အသင်းတာဝန်ရှိသူများက  ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှု ရယူလိုနေသည့်အတွက်  ယခုဘောလုံး ရာသီအကုန်တွင်    နည်းပြအပြောင်းအလဲ ပြုလုပ်လိုနေပြီး  ပိုချက်တီနို၏နေရာ၌   နည်းပြဇီဒန်းနှင့် အစားထိုးရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

အစောပိုင်းက နည်းပြ ပိုချက်တီနိုကို မန်ယူအသင်း က   ယခုဘောလုံးရာသီ အကုန်တွင်  ခန့်အပ်ရန် နီးစပ်နေသော်လည်း  ယခုအခါ  ရီးယဲလ်မက်ဒရစ် အသင်းကလည်း  ခန့်အပ်ရန် ကြိုးပမ်း လာဖွယ်ရှိကြောင်း သိရသည်။