တောင်များသည် တစ်ပြေးညီမရှိ အနိမ့်အမြင့်ရှိကြသလို ရေပြင်လွှာပေါ်က လှိုင်းကလေးများ သည်လည်း အနိမ့်အမြင့်ရှိကြသည်။ ထိုနည်းပမာ ကျွနု်ပ်တို့ လူသားများ၏ ဘဝများသည်လည်း အနိမ့်အမြင့်ရှိကြသည်။ ယနေ့ ကံကောင်းခြင်းများနှင့် ဆုံတွေ့ရပေမယ့် နောက်နေ့ ကံမကောင်းခြင်းများနှင့် ဆုံတွေ့နိုင်သည်မှာ လ့ူလောက၏ သဘာဝတရားတစ်ခုပင် ဖြစ်ပါသည်။
ထို့ကြောင့် လူ့ဘဝတွင် မဖြစ်နိုင်ဘူးဆိုတာထက် မဖြစ်သေးတာက ပိုပြီးမှန်ကန်ပါသည်။ ဖြစ်တာ၊ မဖြစ်တာက အဓိကမဟုတ်။ ကံတရားနှင့်သာဆိုင်သည်။
သို့သော် မိမိလုပ်ဆောင်ချက်ပေါ်မှာမူတည်သည်။ ကံတရားကြောင့် မိမိလုပ်ဆောင်ချက် မှားသွားတာမျိုးရှိသည်။ ဒါသည်လည်း လူ့ဘဝ၏ သမ္ပဇဉ်တစ်ခုဆိုရင်လည်း မှားမည်မဟုတ်ပေ။ သို့ပေမယ့် မည်သည့်အရာမဆို သတိရှိလျှင် အောင်မြင်သည်။
“မမှားသောရှေ့နေ မသေသောဆေးသမား” ဟူ၍ လောက၌ မရှိပါ။ အမှားကင်းပြီး အမှန်တွေချည်း ဖြစ်အောင် လုပ်နိုင်သူလည်း မရှိပါ။ အမှားနှင့်အမှန်သည် ဒွန်တွဲရှိသည်မို့ အမှားဖြစ်လျှင် ချက်ချင်းပြင်ဖို့ မမေ့သင့်သလို မှန်တယ်ဆိုပြီးလည်း နေရာတိုင်း မပြုသင့်ပေ။ လူကောင်းတွေက အမှန်တရားကို မြတ်နိုးတန်ဖိုးထားသော်လည်း လူမိုက်တွေက အမှန်တရားကို မျက်ကွယ် ပြုကြသည်။ မှားမှန်းသိလို့ ပြင်တဲ့လူဟာ လူကောင်းဟုဆိုသည်။ မှားမှန်းသိလျက်နှင့် မပြင်နိုင်သည့်လူကို လူမိုက်ဟုခေါ်သည်။ မှားသွားရင် ပြန်ပြင်၊ လဲသွားရင် ပြန်ထ ဆိုသကဲ့သို့ မိမိသည် အမှားဘက်မှာနေမိရင် အမှန်နေရာကို ပြန်သွားဖို့ ဝန်မလေးပါနှင့်။ “အမှားကိုပစ် အမှန်ချစ် စင်စစ်ချမ်းသာမယ်” ဆိုသော စကားကို အမြဲသတိရပါ။
လမ်းမှားတစ်ခုကို လျှောက်လှမ်းနေတဲ့သူဟာ မှားမှန်းသိသည် ပြန်ပြင်ရင်လည်း ရနိုင်ပေမယ့် စိတ်ကိုအလိုလိုက်ပြီး မပြင်နိုင်ဘူးဆိုရင် အသက်ရှင်သော်လည်း သူရူးတစ်ယောက်သဖွယ် အဓိပ္ပာယ်မဲ့နေမှာပဲဖြစ်သည်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လက်ခံနားလည်ဖို့လိုသည်။ စိတ်ဓာတ်မကောင်းလျှင် နိမ့်ကျမည်။ နိမ့်ကျနေလျှင် တိုးတက်မှုမရှိနိုင်သလို အချိန်မရွေး လမ်းမှားရောက်သွားနိုင်သည်။ လူမှန်လျှင် စိတ်ဓာတ်ကောင်းရမည်။ စိတ်ဓာတ်မကောင်းလျှင် မျက်ကန်းလမ်းလျှောက်ပမာ စမ်းတဝါးဝါးဖြစ်နေမည် ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါသည်။
စာရေးသူသည် အသိဉာဏ်မဲ့ပြီး လမ်းမှားရောက်ခဲ့ဖူးပါသည်။ သို့ပေမယ့် အသိတရားနှင့်သတိထားပြီး လမ်းမှန်ပေါ် ပြန်လည်ရောက်ရှိခဲ့သည့် ကိုယ်တွေ့ဖြစ်စဉ်လေးကို စာရှုသူအပေါင်းအား သာဓကတစ်ခုအဖြစ် တင်ပြပါရစေ။ တစ်ချိန်က စာရေးသူသည် လောင်းကစား အလွန်ဝါသနာပါသူ ဖြစ်သည်။ လောင်းကစားသမားဆိုတော့ လူတိုင်းအပေါ်ကိုလည်း လောင်းကစားအမြင်ဖြင့်သာ မြင်သည်။ ကြာလာသည်နှင့်အမျှ အမြင်တွေ ကျဉ်းလာသည်။ အများဆုံး ပေါင်းတဲ့သူတွေက လောင်းကစားသမားတွေဆိုတော့ လောင်းကစားအသိလောက်ပဲ ရှိလာသည်။ အများကောင်းကျိုးမကြည့်တတ်။ ဗဟုသုတကနည်းပါးပြီး လမ်းမှားကို ရောက်မှန်းမသိ ရောက်ခဲ့ရတာကို မသိနားမလည်ဘဲဖြစ်ချင်တာကိုပဲ ဇွတ်တိုးပြီးလုပ်ခဲ့သည်။ မိသားစုကိုလည်း မငဲ့ကွက် မိမိနှင့်သိသည့်တတ်သည့် မိဘဆရာ မိတ်ဆွေအပေါင်းအသင်းတွေ၏ ပြောဆိုဆုံးမမှုကိုလက်မခံ။ စိတ်ဓာတ်ကယိုယွင်းသထက် ယိုယွင်းနေပြီး အမှောင်ကမ္ဘာထဲမှာပဲ ဝဲလည်နေတော့သည်။
ဒီလိုနဲ့တစ်နေ့မှာတော့ စာရေးသူ၏ ဖခင်ဟာလူကြီးရောဂါဖြင့် ရုတ်တရက် ဆုံးပါးသွားခဲ့သည်။ မိခင်ဖြစ်သူသည် ဖခင်ဆုံးပါးသွားသည့် အချိန်မှာတော့ ရာသက်ပန်သီလရှင်ဝတ်မည်ဟု ဆုံးဖြတ်လိုက်ပြီး အမွေစားအမွေခံများကို ဖခင်ရှိစဉ်ကတည်း ကပေးခဲ့သည့်အတိုင်း သားသမီးများအား ခေါ်ယူ၍ပေးလေသည်။ ဒီအချိန်မှာ စာရေးသူအံ့သြသွားသည်။ အစကတော့ အမွေရမည်ဟု ပျော်နေပေမယ့် လက်တွေ့ကျတော့ စာရေးသူ နာမည်ပါမလာ။ ဖခင်ဖြစ်သူက ဥပဒေအတိုင်း စနစ်တကျ ဆောင်ရွက်ထားသည်မို့ ဘာမှမတတ်နိုင်။ အမွေကိစ္စနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူက ရှက်ဖို့ကောင်းတယ်ဆိုပြီး သားနဲ့သမီးကိုခေါ်၍ သူ၏မိဘများဆီ ဆင်းသွားလေသည်။ ဒီလိုနဲ့စာရေးသူလည်း ရှက်လည်းရှက် ဒေါသလည်းဖြစ် ဝမ်းလည်းနည်းပြီး မိခင်ဖြစ်သူအား ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ သားအရင်းမဟုတ်လို့လားဆိုပြီး မေးသည့်အခါမှာတော့...။
ဒီမယ်ငါ့သား ဘယ်မိဘမဆို ကိုယ့်သားသမီးကို မျက်ကွယ်ပြုတယ်ဆိုတာမရှိဘူး။ တောင်းစုတ်ပလုံးစုတ်ကို ပစ်ရိုးထုံးစံရှိတယ်။ သားဆိုး၊ သမီးဆိုးကိုပစ်ရိုးထုံးစံမရှိဘူး။ အေး ဒါပေမဲ့ လမ်းမှားရောက်နေတဲ့ သားသမီးကို လမ်းမှန်ရောက်အောင် သွန်သင်ပေးရမှာက မိဘတို့ရဲ့တာဝန်ပဲ။ အခုမင်းဘယ်လိုခံစားနေတယ်ဆိုတာ အမေသိတယ်။ အမေသိသလို မင်းအဖေလည်းသိခဲ့မယ် ဆိုတာ အမေယုံကြည်တယ်။ လောကမှာ အဇာတသတ်လိုသားမျိုး ဘယ်မိဘမှအဖြစ် မခံချင်ကြသလို သေဒဏ်ခံကြတော့မှ နောင်တရပြီး မိခင်ရဲ့နားရွက်ကို ကိုက်မဲ့သားမျိုးလည်း အဖြစ်ခံချင်ကြမှာ မဟုတ်ဘူး ငါ့သား...။
အမွေမပေးတာနဲ့ ဒါနဲ့ ဘာဆိုင်လို့လဲအမေရယ်။
ဆိုင်တာ မဆိုင်တာတော့ အမေလည်း မသိဘူး။ အမွေကိစ္စက အိမ်ထောင်ဦးစီး မင်းအဖေစီစဉ်ခဲ့တာပဲ။
အမေရယ် အဖေက အိမ်ထောင်ဦးစီးလည်း ပြောသေးတယ်။ တကယ်တမ်းကျတော့ ကိုယ့်သားသမီး အပေါ်မှာ တာဝန်ကျေလို့လား...။
အေး ငါ့သားက ဒီစကားပြောတော့ အမေက မင်းကို မေးရဦးမယ်။ ငါ့သားလည်း မင်းမိသားစု၊ မင်းသား သမီးအပေါ်မှာ တာဝန်ကျေရဲ့လားကွဲ့...
အမေ့စကားကြောင့် ကျွန်တော် ခေါင်းငိုက်စိုက်ကျ သွားပါသည်။
မင်းမဖြေနိုင်ဘူးမို့လား။ ဘယ်ဖြေနိုင်မလဲ မင်းခေါင်းထဲမှာ လောင်းကစားတစ်ခုပဲရှိတယ်။ ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လိုအလောင်းကစားလုပ်ရမလဲ ဒါပဲတွေးနေတယ်။ ဒီလို အကျင့်စာရိတ္တပျက်စီးနေတဲ့ သားကို သားအဖေက ဘယ်လိုယုံကြည်မလဲ။ သားအဖေမပြောနဲ့ သားကိုမွေးထုတ်ထားတဲ့ ငါလိုအမေရင်းတောင် မယုံကြည်ဘူး။ သား မင်းကိုယုံလိုက်ရင် သားဘဝကို ပိုပြီးဖျက်ဆီးလိုက်သလိုဖြစ်မှာပေါ့။ အခုပဲကြည့် သားက မိဘအားကိုးနဲ့ မိုက်တယ်။ မိဘမရှိတော့ သားမိန်းမနဲ့ ကလေးတွေက သားကို မယုံကြည်တော့ဘူး...
ဘာဆိုင်လို့လဲ အမေရယ်...
ဆိုင်တာပေါ့ ငါ့သားရယ်၊ သားကို မှီခိုနေထိုင်စားသောက်နေရတဲ့သားရဲ့ ဇနီးကပါ သူနဲ့သာဆက်နေရင် ငါ့သားသမီးတွေလည်း လောင်းကစားသမား ဖြစ်မယ်။ ပြီးတော့ အကျင့်ပျက်စာရိတ္တမကောင်းတဲ့ သူဖြစ်လိမ့်မယ်ဆိုပြီး အတွေးမှန်မှန်နဲ့ စောစောစီးစီး လမ်းခွဲသွားတာပဲ။ တစ်ချိန်က မင်းဆိုးခဲ့သမျှကို မိဘတွေရှိနေလို့ စဉ်းစားပေးခဲ့တယ်။ ဒါကို ငါ့သား မသိခဲ့ဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးရှိအောင် နေရတယ်။ ဒါမှ အများကလေးစားမယ်။ အများလေးစားမှ ကိုယ့်ဘဝအောင်မြင်မယ်ဆိုတာ မင်းဘယ်တော့မှ မမေ့ပါနဲ့လို့ အမေမှာချင်တယ်။
သြော် ဒါပေမဲ့ ငါ့သားဘဝကို ငါ့သားနားလည်လို့ လူကောင်းတစ်ယောက်ဖြစ်ပြီဆို အမေ့ဆီကို တစ်ခါလောက်တော့ လာခဲ့ပါဦး။ အဲဒီအချိန်ကျရင် သားကိုအမေကြည့်ပြီး ဒါမှငါ့သားဆိုပြီး ဆုပေးချင်လို့ပါဟုဆိုကာပြော၍ ထွက်ခွာ သွားပါတော့သည်။
မိခင်ကြီးရဲ့ စကားတွေကြောင့် ကျွန်တော့်ရင်ထဲမှာ အလွန်ခံစားရသည်။ ရင်ထဲမှာ နာကျင်လွန်းလို့ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရသည်။ ဒီနောက်ပိုင်းမှာတော့ စာရေးသူသည် မိခင်၏ ဆုံးမသည့် စကားအတိုင်း ကြိုးစားခဲ့ပါသည်။ ကျွန်တော့်ဘဝကို ဖျက်ဆီးခဲ့သည့် လောင်းကစားကိုလည်း စွန့်လွှတ်လိုက်သည်။ ကိုယ့်ဘဝအမှားတွေကိုပြင်ပြီး မိခင်ပြောခဲ့သည့်အတိုင်း ရိုးသားကြိုးစားပြီးနေခဲ့သည်။ ဇနီးဖြစ်သူနှင့် သားသမီးတွေကိုလည်း ကတိပေးတောင်းပန်ပြီး မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင် နေခဲ့သည်။ မိခင်ကြီးမှာသည့်အတိုင်းလည်း မိခင်ကြီးရှိရာသို့ ရောက်ရှိသွားချိန်မှာတော့ ကျွန်တော်ပိုပြီး နောင်တရမိသည်။ အမေပေးချင်တဲ့ ဆုကတော့ မင်းအဖေပေးခဲ့တဲ့ ဒါပါပဲဆိုပြီး စာအိတ်လေးတစ်ခု ထုတ်ပေးလေသည်။ စာအိတ်လေးဖွင့်ကြည့်လိုက်တော့ ကျွန်တော့်နာမည်နှင့် ငွေများထည့်ပေးထားသော ဘဏ်စာရင်းစာအုပ်လေးတစ်အုပ်။ သားဆိုးကိုလမ်းပြပေးခဲ့သည့် ဖခင်မေတ္တာသည် ကျွန်တော့်အတွက်တော့ ဘယ်သောအခါမှ မေ့မည်မဟုတ်သလို ရင်ထဲမှာ နာကျင်ခံစားရင်း ဖခင်ကြီးအားမှန်းဆပြီး လက်အုပ်ချီကန်တော့ရင်း သားမိုက်ကို ခွင့်လွှတ်ပါဟု ငိုယိုတောင်းပန်မိပါသည်။
နောင်တဆိုတာ နောင်မှရတယ်ဆိုပေမယ့် အရွယ်မလွန်ခင်၊ အချိန်မလွန်ခင်ပြန်ပြင်နိုင်ရင် အဲဒီလူဟာ လူတော် လူကောင်းပင် ဖြစ်ပါသည်။ အမှားကိုသိသည်။ အမှန်ဖြစ်အောင်လုပ်ဖို့ ဝန်လေးသူဟာ အလင်းမှာနေပြီး အမှောင်ကျနေသူပင်ဖြစ်ပါသည်။
“ပျက်အစဉ် ပြင်ခဏ”ဟူသော မြန်မာစကားပုံရှိပါသည်။ ပျက်နေရင် ပြင်ရပါမည်။ ပြဲနေရင်ချုပ်ရပါသည်။ ပေါက်နေရင် ဖာ၊ လဲကျရင် ပြန်ထဆိုသည့်ပမာ လူတစ်ဦးဟာ မိမိကိုယ်မိမိ မှားနေရင် ပြန်ပြင်ဖို့ဝန်မလေးပါနှင့်။ ကန်တော်မင်းဆရာတော် ဆုံးမစကားလို “ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း” စကားကို နှလုံးသွင်းရင်း လူသားအားလုံးကောင်းကျိုး ကိုယ်စီရှိကြပါစေ။ ။
မနောဖြူ