ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး 

နေပြည်တော်၊ စက်တင်ဘာ - ၂၇

   

COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံ တက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးနှင့် ရပ်စောက်မြို့ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ ရွှေပြည်သာ မြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်း ကျေးရွာအုပ်စု၊ တိုက်နယ်ဆေးရုံ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများ၊ ပန်းတောင်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော် သားများနှင့် မိသားစုဝင်များက သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

   

ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်း များကို ရောင်းချပေးခဲ့သည်။

     

ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။