ဧရာဝတီမြစ်ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကြက်ပေါင်ခြံရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်တို့၌ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် နေအိမ်များမှ ဒေသခံပြည်သူများအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ရေဘေးလွတ်ရာ အောင်ဇေရန်အောင် ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ကြက်ပေါင်ခြံ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ ဆုထူးပန်ကျောင်းတိုက်နှင့် အမှတ်()အခြေခံ ပညာမူလတန်း ကျောင်း(လယ်ကုန်း)သို့ တပ်မတော်မှ မော်တော်ယာဉ်များ၊ စက်လှေများဖြင့် ကူညီရွှေ့ပြောင်းပေးခဲ့ပြီး သောက်သုံးရေ၊ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

   

အလားတူ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာ၊ နန့်ယား- ကာမိုင်း သွားကားလမ်း ပေါ်သို့ ရေကျော်မှုဖြစ်ပွားခဲ့သဖြင့် နယ်မြေခံ တပ်မတော်သားများက ယာဉ်များအန္တရာယ် မဖြစ်စေရန် လမ်းနယ်အမှတ်အသားများ ငုတ်ရိုက်ကြိုး တားပေးခြင်းနှင့် ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။