အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အမိန့်ကြေညာချက်ထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အမိန့်အမှတ်(၁၉၈/၂၀၂၀)

၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ ရက်

၁။      ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၅-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၁၀/၂၀၂၀ စာတွင် မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ  မြို့နယ်(၁၁) မြို့နယ်ရှိ  ကုန်ကြမ်းယူ  ကုန်ချောပေးဆောင်ရွက်သော  လက်ခစားလုပ်ငန်း (CMP)စက်ရုံ၊  အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများ၊ လုပ်ငန်းဆောင်ရွက်ခွင့်နှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်သင့် သည်ကို သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် ညှိနှိုင်း၍ နောက်ဆက်တွဲ အမိန့်စာထုတ်ပြန်ပေးရန် ဖော်ပြပါရှိပါသည်။

၂။       နိုင်ငံတော်တွင် COVID-19 ရောဂါကူးစက်ပြန့်ပွားနေမှုများကို ထိရောက်စွာ ထိန်းသိမ်းနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု များပြားနေသော မြို့နယ်များအား Stay at  Home ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အဆိုပါဒေသများရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ် လုပ်ကိုင်နိုင်ရေးအတွက်လည်း ကျန်းမာ ရေးဆိုင်ရာ ကန့်သတ်ချက် များကို မထိခိုက်စေဘဲ ထိန်းညှိလုပ်ဆောင် သွားရမည်ဖြစ်ပါသည်။

၃။      ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များတွင်  လိုက်နာဆောင်ရွက်မည့် အချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာ ပေးထားခဲ့ပြီးဖြစ်ပါသည်-

          (က)    Coronavirus Disease 2019(COVID-19) ကာကွယ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများသို့ လမ်းညွှန် ချက်(၁၉-၃-၂၀၂၀)၊

(ခ)     Coronavirus Disease 2019(COVID-19) ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍  စက်ရုံ၊  အလုပ်ရုံများ၊ လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်(၃၀-၃-၂၀၂၀)၊

(ဂ)     Coronavirus Disease 2019(COVID-19) ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍  စက်ရုံ၊  အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့်အချက်များ (၁၉-၄- ၂၀၂၀)၊

(ဃ)    Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များနှင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်(၁၉-၄-၂၀၂၀)၊

(င)     Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍  စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်(၂၆-၆-၂၀၂၀)၊

(စ)     COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြုလိုက်နာရမည့် အချက်များ(၂၆-၈-၂၀၂၀)။

၄။      ထိုသို့ကြေညာချက်များထုတ်ပြန်ခဲ့သည့်အပြင် နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူ ဖြစ်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနေဖြင့် စာပိုဒ် ၃ ပါညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှ ကြီးကြပ်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ သွားရောက်စစ်ဆေးပြီး ညွှန်ကြားချက်နှင့်ကိုက်ညီသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေး၍ ဆက်လက်လုပ်ကိုင် ခွင့်ပြုခဲ့သည့်အပြင် ၁၃-၆-၂၀၂၀ ရက်စွဲဖြင့် စက်ရုံ၊ အလုပ်ရုံ၊  အလုပ်ဌာနများတွင်  Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ဆက်လက်ကြီးကြပ်ဆောင်ရွက်ရမည့် အစီအစဉ် ထုတ်ပြန် ဆောင်ရွက်ခဲ့ပါသည်။

၅။      စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများ အနေဖြင့် စာပိုဒ် ၃ ပါ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များမှလည်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှု ရှိ/မရှိကို စာပိုဒ် ၄ ပါအတိုင်း စနစ်တကျ ကြပ်မတ်စိစစ် ဆောင်ရွက်ပါက COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကိုလည်း ဆက်လက်ဖွင့်လှစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုနိုင်မည် ဖြစ်ပါသည်။

၆။      သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၅-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၁၀/၂၀၂၀ စာပါ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှမြို့နယ် (၁၁)မြို့နယ်ရှိ ကုန်ကြမ်းယူကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) များနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာပိုဒ် ၃ ပါ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ^မရှိ အား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ၏ အစီအစဉ်များဖြင့် စစ်ဆေးပြီး  စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ ဆက်လက်ဖွင့်လှစ်ခွင့် ပြု/မပြု တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ဆုံးဖြတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန