ပြည်သူ့အရေး ဦးစားပေး ဆောင်ရွက်နေပါသည်

တပ်မတော်သည် ရန်သူ့သတင်းရသည်နှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ရန်သူရှိနေကြောင်း ကိုလည်း ပြည်သူတစ်ရပ်လုံးသိရှိစေရေး အချက်ပြပေးခဲ့သည်။ မမြင်ရသောရန်သူကို ကြိုတင်ကာကွယ်တားဆီးမှုဖြင့် ထိန်းချုပ် အနိုင်ယူရပေမည်။ လူတစ်ဦး၏ဘ၀ တိုးတက်ကြီးပွားရေး၊ အသက်ရှင်ရပ်တည်ရေးကို အနှောင့်အယှက်ပြုနေသူသည် ထိုသူအတွက် ရန်သူဖြစ်ပေသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးကို အန္တရာယ်ပြုကာ လူသားတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော COVID-19 ရောဂါသည် လူသားတို့၏ ရန်သူအစစ်ဖြစ်လာသည်။ ထိုရန်သူသည် မြန်မာနိုင်ငံသို့ မတ် ၂၃ ရက်တွင် စတင်ရောက်ရှိလာသည်။

တပ်မတော်အနေဖြင့် ကြိုတင်ပြင်ဆင်မှုဖြင့် တိုက်ပွဲဝင်ကြရတော့သည်။ COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်သီးသန့် စောင့်ကြည့်ရမည့် သူများအတွက် စစ်ကြောရေးနှင့်တည်းခိုရေး စခန်းများတွင် ပြင်ဆင်ဖွင့်လှစ်ပေးခဲ့သည်။ စောင့်ကြပ်ကြည့်ရှုထားသူများ စားသောက်နေထိုင်ရေးကို တပ်မတော်ကပင် တာဝန်ယူသည်။ စောင့်ကြည့်သူများအနက်မှ သတ်မှတ်ရက်ပြည့်မြောက်ပါက စောင့်ကြည့်ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် ဃဥဠှီု-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ တပ်မတော်နှင့်တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးသည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆက်ကပ်လှူဒါန်းခြင်း၊ အခြားသောဘာသာရေး အသင်းအဖွဲ့များနှင့် အဖွဲ့အစည်း အသီးသီးသို့လည်း ဆန်၊ ဆီ၊ ဆား၊ ပဲများ လှူဒါန်းခြင်း COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းများကို တိုင်းစစ်ဌာနချုပ် အသီးသီး၌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

လှည်းကူးမြို့နယ်ရှိ COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းရှိ အထူးကုဆေးရုံဝေဘာဂီနှင့် ကုသရေးဆေးရုံများ၌ COVID-19 ရောဂါ Quarantine    ဆောင်ရွက်ထားရှိသည့် သံသယ လူနာများမှ ရောဂါပိုးတွေ့သူများ တိုးပွားလာသဖြင့် ကျန်းမာရေး ဝန်ထမ်းများ မလုံလောက်ခြင်းကြောင့် အသစ်ထပ်မံဖွင့်လှစ်ထားသော ရောဂါကုသရေးဌာနဖြစ်သည်။ ထိုဆေးရုံရှိရောဂါဝေဒနာ ခံစားနေရသော ပြည်သူများကို ကာကွယ်၊ ကုသရန် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် မေ့ဆေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊  ရောဂါဗေဒပါရဂူ၊ ဆေးကုသမှုပါရဂူ၊ ဆေးမှူးဆရာဝန်၊  သူနာပြုအရာရှိ၊ အထက်တန်းသူနာပြု၊ ဓာတ်ခွဲကျွမ်းကျင်နှင့် ဓာတ်မှန်ကျွမ်းကျင်တို့ ပါဝင်သော အဖွဲ့သည် အဋ္ဌမအကြိမ်အဖြစ် ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဃဥဠှီု-၁၉ ရောဂါပိုးတွေ့ရှိသူလူနာများ နေ့စဉ်တိုးပွားလျက်ရှိပြီး ကုသပေးရန် နေရာအခက်အခဲများရှိလာသည့်အတွက် တပ်မတော်အနေဖြင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာများ ကုသပေးနိုင်ရန် မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၊ ရဲမွန်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ သံဃာတော်များ ကုသနိုင်ရန် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်တို့တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာကုသရေး ဆေးရုံများအဖြစ် ပြင်ဆင်ဆောင်ရွက်ထားရှိသည်။ စက်တင်ဘာ ၂၅ ရက်တွင် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်၌ ဓာတ်ခွဲအတည်ပြု သံဃာတော် ၁၈၈ ပါး၊ မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း၌ သံဃာတော် ၁၆၁ ပါးနှင့် အရပ်သားပိုးတွေ့လူနာ ၁၅၄ ဦးတို့ကို စတင်လက်ခံကုသပေးလျက်ရှိသည်။ အဆိုပါ သံဃာတော်နှင့်လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၁၅ ရက်တွင်ကျင်းပသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် လူ့အသက်ထက်အရေးကြီးသည်မှာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီ Real Time တိတိကျကျဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ အဆိုပါ မှာကြားချက်နှင့်အညီ ဆေးရုံသုံးစက်ကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးအထောက်အကူ ပစ္စည်းများ ပြည့်စုံစွာထားရှိ၍ တပ်မတော်မှပါရဂူ၊ ဆေးမှူး၊ သူနာပြုများဖြင့် လက်ခံကုသဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။