ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့မှသည် . . .

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “ခွေးရူးပြန် ရောဂါကင်းစင်ဖို့ ပူးပေါင်းပါဝင် ကာကွယ်ဆေးထိုးကြစို့” ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါ ကာကွယ် ဆေးကို ပထမဆုံးရှာဖွေဖော်ထုတ်နိုင်ခဲ့သော သိပ္ပံပညာရှင် Louis Pasteur ၏တွေ့ရှိချက်နှင့် ဆောင် ရွက်ချက်များကို ဂုဏ်ပြုသည့်အနေဖြင့် World Health Organization (WHO)ခေါ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းကကြီးမှူး၍ နှစ်တစ်နှစ်၏ စက်တင်ဘာ ၂၈ ရက်ကို ကမ္ဘာ့ခွေးရူးပြန် ရောဂါနေ့ (World Rabies Day) အဖြစ်သတ်မှတ်ကာ ထိုနေ့သို့ရောက်တိုင်း ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ခွေးရူးပြန်ရောဂါနှင့် ပတ်သက်၍ ပြည်သူ့ဗဟိုပြု အသိပညာပေး လှုံ့ဆော်မှုများကို အသိပေးလျက် ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးပြန် ရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီး တစ်နှစ်လျှင်လူဦးရေ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့် ခွေးရူးပြန် ရောဂါဖြင့် သေဆုံးလျက်ရှိကာ အာရှနှင့် အာဖရိကနိုင်ငံတို့၏ ဆင်းရဲသော ကျေးရွာများတွင် ထိခိုက်မှု ပိုမိုဖြစ်ပွားနေကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရပါတယ်။

ထို့ကြောင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပူးပေါင်းပါဝင်ထိုးနှံထားခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ၁၈၁၀၀၀ ကျော်မှာ ၎င်းရောဂါကြောင့်ကွယ်လွန်ခြင်းမှ ကာကွယ်ထားနိုင်ကြောင်း သိရပါတယ်။

ခွေးရူး ပြန်ရောဂါဘာကြောင့်ဖြစ်

ခွေးရူးပြန်ရောဂါဟာ Rhabdo ခေါ် ကျည်ဆန်ပုံဗိုင်းရပ်ကြောင့် ဖြစ်ပွားရသော ရောဂါဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းကို အဓိကတိုက်ခိုက်ပါတယ်။ ၎င်းဗိုင်းရပ်က လူအပါအဝင် သွေးနွေးသတ္တဝါ အားလုံးတို့ကို ကျရောက်စေနိုင်ပါတယ်။ ယနေ့ ကမ္ဘာပေါ်တွင် ၎င်းဗိုင်းရပ်အဖြစ် များသောသတ္တဝါများမှာ ခွေး၊ ကြောင်၊ မြေခွေး၊ တောခွေး၊ ဝက်၊ နွား၊ သိုး၊ဆိတ်၊ လင်းနို့၊ ဝံပုလွေ၊ ခွေးအ စသည့်တိရစ္ဆာန်များ ဖြစ်ကြပါတယ်။ အာရှနှင့်အာဖရိကနိုင်ငံတို့တွင် ခွေးနှင့်ကြောင်တို့ ကြောင့် ခွေးရူးပြန်ရောဂါ ဖြစ်ပွားကြပြီး တောင်အမေရိကတိုက်တွင် လင်းနို့ကောင်များမှ တစ်ဆင့် ခွေးရူးပြန်ရောဂါအများဆုံး ပြန့်ပွားကြပါတယ်။

ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)၏ စစ်တမ်းအရ လူများတွင် ခွေးရူးပြန်ရောဂါဖြစ်ရခြင်း၏  ၉၉ ရာခိုင်နှုန်းအထက်သည် ခွေးကိုက်ခံရခြင်းကြောင့် ဖြစ်လာရကြောင်း လေ့လာမှတ်သားရပါ တယ်။

မြန်မာနိုင်ငံနှင့်ခွေးရူးပြန်ရောဂါအခြေအနေ

မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့်များ သိသိသာသာ တိုးပွားလျက်ရှိရာ ခွေးရူးပြန်ရောဂါ အန္တရာယ် နှင့်တွေ့ကြုံနေကြရပါတယ်။ ဒါကြောင့်လည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့(OIE)နှင့်ပူးပေါင်း၍ မြန်မာပြည်တစ်ဝန်းခွေးရူးပြန် ရောဂါကာကွယ်ဆေးကို ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်းမှစ၍ အင်တိုက်အားတိုက် အခမဲ့ထိုးနှံပေးလာခဲ့ပါတယ်။ မည်မျှပင် ကြိုတင်ကာ ကွယ်မှုများပြုလုပ်နေပါသော်လည်း ပူပြင်းသော နွေရာသီရောက်သော အခါနယ်မြို့များတွင် မကြာ ခဏဆိုသလို ခွေးရူးကိုက်ခံရသော အန္တရာယ်များဖြင့် ရင်ဆိုင်နေကြရပါတယ်။

မှတ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် ခွေးရူးကိုက်ခံရမှု ၁၈၀၀၀၀ ခန့်ရှိပြီး သေဆုံးသူ ၇၈ ဦးရှိ ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ခွေးရူးကိုက်ခံရမှု ၁၉၂၀၀၀ ခန့်ရှိပြီး သေဆုံးသူ ၇၁ ဦးရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ဝက်အထိ ခွေးရူးကိုက်ခံရ၍ ၄၁ ဦးသေဆုံးနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ်၏ စာရင်းများအရ သိရပါတယ်။

ပြီးခဲ့သော၂၀၁၉ ခုနှစ်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အိမ်မွေးတိရစ္ဆာန်များ  ခွေးရူးပြန်ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ်/ကျေးရွာအုပ်စု အသီးသီးရှိ ခွေး၊ ကြောင် များအား ခွေးရူးပြန်ရောဂါကာကွယ် ဆေးအခမဲ့ထိုးနှံပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။

အထူးသဖြင့် ကျေးရွာနေပြည်သူများတွင် ခွေးရူးပြန် ရောဂါကာကွယ်ရေး အသိအမြင်များ တိုးပွား လာစေရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်း အလေ့အထကောင်းများ တိုးပွားလာစေရန်အတွက် ပညာ ပေး ဟောပြောပွဲများကိုလည်း အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ခွေးများတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ရန်အတွက် အမျိုးသား စီမံကိန်း (၂၀၁၈-၂၀၃၀)ကိုရေးဆွဲထားပြီး ထိုစီမံကိန်းအရ နေပြည်တော် ကောင်စီနယ်မြေ လယ် ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် တို့၌ ခွေးများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို One Health Strategy အနေဖြင့် ဆောင်ရွက်နေပြီဖြစ်သလို ပါဝင်လုပ်ဆောင်ကြသော မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနဝန်ထမ်းများကိုလည်း လိုအပ်သော ကြိုတင်ကာကွယ် ဆေးထိုးနှံပေးခြင်းဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းပျောက်ကွယ်ရန်

ခွေးရူးပြန်ရောဂါ ဟာကာကွယ်ဆေးဖြင့် ရာနှုန်းပြည့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ် သဖြင့် အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ခွေးရူးပြန်ရောဂါ ကြောင့် သေဆုံးမှုကို လျော့ပါးစေနိုင်ပါလိမ့်မယ်။ ဒါကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)တို့ ပူးပေါင်းကာ နိုင်ငံအတွက်ခွေးရူးပြန်ရောဂါ လျော့ကျရေး ကြိုးပမ်းမှုတွင် အဓိကမဏ္ဍိုင်ဖြစ်လာမည့် အမျိုးသားအဆင့် ခွေးရူးပြန်ရောဂါ ထိန်းချုပ်ရေး မဟာ ဗျူဟာမူဘောင်ကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် အပြီးသတ်ရေးဆွဲအတည်ပြုပြီး ၂၀၁၉ ခုနှစ်မှ စတင်၍ ခွေးကောင်ရေတစ်သန်း ကာကွယ်ဆေးထိုးနှံချက်ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်  Four Paws International အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် စတင် ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်ရှိ High Risk ဒေသများတွင် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

ကြောက်စရာခွေးရူးပြန်ရောဂါ

တိရစ္ဆာန်များတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားလျှင် တံတွေးထဲမှ ခွေးရူးပြန်ရောဂါ ပိုးများစွာပါဝင်နေပြီ ဖြစ်ပြီး အခြားတိရစ္ဆာန်ကိုကိုက်လိုက်သောအခါ အနာထဲသို့ တံတွေးထဲမှ ခွေးရူးပြန်ရောဂါပိုးများ ဝင်သွားကာ ရောဂါကူးစက်စေပါတယ်။ ခွေးရူးကိုက်ခံရသောသူတွင် ခွေးရူးပြန်ရောဂါ ပိုးကူးစက်ခံရ ပါက ၎င်းဒဏ်ရာမှစ၍ အာရုံခံ(Nerves)ဆဲလ်များမှ တစ်ဆင့်ဦးနှောက်ဆီသို့ တစ်ရက်လျှင် တစ်စင် တီမီတာနှုန်းဖြင့် တစ်စတစ်စပျံ့နှံ့သွားပါတယ်။ ၎င်းပိုး ဦးနှောက်ဆီရောက်သွားချိန်တွင် မည်သည့် နည်းနှင့်မျှ ကုသနိုင်စွမ်းမရှိတော့ဘဲ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ခွေးရူးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ချက်ချင်းထိုးနှံပေးဖို့ အရေးကြီးပါတယ်။

ခွေးရူးကိုက်ခံရပါက သွေးထွက်မလွန်အောင်ဒဏ်ရာပေါ် လက်မဖြင့်ဖိထားပါ။ မိမိအိမ်တွင် ဒဏ်ရာ ကို ရေများများသုံးပြီး ဆပ်ပြာ သို့မဟုတ် Dettol ကဲ့သို့သော ပိုးသတ်ဆေးတစ်ခုခုဖြင့် အနည်းဆုံး အချိန် ၁၀ မိနစ်ကျော်ကြာသည်အထိ ရေစင်စင်ဖြင့် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ထို့နောက် နီးစပ်ရာဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနသို့ ဆောလျင်စွာသွား၍ ဆရာဝန်ဖြင့် ပြသတိုင်ပင် သင့်ပါတယ်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာ၍ ကာကွယ်ဆေးကို ဆေးပတ်လည်အောင် ထိုးနှံရပါမယ်။

ခွေးရူးပြန်ရောဂါဖြစ်နေသောခွေး၏အမူအကျင့်များ

  • ရုတ်တရက်အမူအရာပြောင်းသွားခြင်း
  • ထိုင်းမှိုင်းခြင်း၊ အစာမစားခြင်း
  • အဖျားတက်ခြင်း
  • စိတ်ဆိုးအမျက်ထွက်အောင်မလုပ်ဘဲ ရန်လိုနေပြီး ကိုက်တတ်ခြင်း
  • တုတ်ချောင်း၊  စက္ကူ စသဖြင့်မြင်မြင်ရာကို ကိုက်ဝါးခြင်း
  • ကြောက်ရွံ့အားငယ်နေခြင်း
  • ဦးတည်ရာမဲ့ပြေးသွားခြင်း
  • အသံအက်ဖြင့်အူခြင်း၊ ဟောင်ခြင်း
  • အစာနှင့်ရေကို မျိုချရန်ခက်ခဲခြင်း
  • နောက်ဘက်ခြေထောက်များဆိုင်းသွားခြင်း
  • အလင်းရောင်ကိုကြောက်ခြင်း
  • မျက်စိသူငယ်အိမ်ကျယ်လာခြင်း
  • ခက်ခက်ခဲခဲအသက်ရှူခြင်း
  • မေးရိုးများဟနေခြင်း
  • သွားရည်  သို့မဟုတ်  တံတွေးများ လွန်ကဲစွာ ထွက်ကျခြင်းတို့ ဖြစ်ပါတယ်။

လူတွင်တွေ့ရသောခွေးရူးပြန်ရောဂါလက္ခဏာများ

ပျမ်းမျှအားဖြင့်ဆိုသော် ခြေထောက်တွင် အကိုက်ခံရပါက ၆၄ ရက်ခန့်၊ လက်မောင်းတွင် အကိုက် ခံရပါက ၃၂ ရက်ခန့်၊ မျက်နှာနှင့်လည်ပင်း အနီးတစ်ဝိုက်တို့တွင် အကိုက်ခံရပါက ၂၇ ရက်ခန့် ကြာသည့်အခါ အောက်ဖော်ပြပါ ခွေးရူးပြန်ရောဂါ လက္ခဏာများကို ခံစားရတတ်ပါတယ်။

  • တုပ်ကွေးရောဂါဖြစ်သကဲ့သို့ ကိုယ်၊ လက်၊ ခေါင်းကိုက်ခဲခြင်း
  • အလွန်အမင်းမောပန်းနွမ်းနယ်ခြင်း
  • ကူးစက်ခံရသောဒဏ်ရာမှ စူးစူးနစ်နစ်ယား၍ နာကျင်ခြင်း
  • မအီမသာဖြစ်ခြင်း၊ အော်ဂလီဆန်ခြင်း၊
  • ပျို့အန်ခြင်း
  • တစ်ကိုယ်လုံးကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • ရေကြောက်ခြင်း
  • ရေဆာသော်လည်း ရေကိုထိတွေ့မြည်းစမ်းရမည်ကို တွန့်ဆုတ်နေခြင်း
  • လည်ချောင်းရောင်၍နာခြင်း
  • အိပ်စက်၍မရခြင်း
  • ဂနာမငြိမ်ခြင်း
  • သွားရည်များစွာထွက်ခြင်း
  • တက်ခြင်း
  • အစာစားချင်စိတ်မရှိတော့ခြင်း
  • အားနည်းခြင်း
  • ဦးနှောက်အမြှေးပြင်းထန်စွာရောင်ခြင်း
  • ကတုန်ကယင်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း
  • အလင်းရောင်ကိုမခံစားနိုင်တော့ခြင်း
  • ပါးစပ်မှ တံတွေးများစီးကျခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • လေဖြတ်သကဲ့သို့ အဆစ်အမျက်တွေ ဆိုင်းသွားခြင်း တို့ဖြစ်ပါတယ်။

စားသောက်မှုပုံစံ

  • ခွေးရူးကိုက်ခံရပါက မည်သည့်အစားအစာမျှ အထူးရှောင်ရှားစရာမလိုအပ်ပါ။ ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း နေထိုင်စားသောက်ပါ။
  • ခွေးကိုက်ခံရပါက   ခွေးတောက်ရွက်မစားရဟု ရှေးရိုးစွဲရှိကြသော်လည်း အခါးအရသာဖြစ် သော ခွေးတောက်ရွက်က သွေးကျေဒဏ်ကျေစေနိုင်၍ စားပေးနိုင်ပါတယ်။
  • အနာမရင်းစေရန်အတွက် ညှော်နံ့မခံပါနှင့်။
  • ပြည်မတည်စေရန်အတွက် ဝက်သားအဆီ၊ ဖီးကြမ်း ငှက်ပျောသီးစားသုံးခြင်းရှောင်ပါ။

ခွေး၊ ကြောင်ပိုင်ရှင်များလိုက်နာရန်

  • အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် မိမိ၏ခွေး၊ ကြောင်များကို ခွေးရူးပြန်ကာကွယ်ဆေးမှန် မှန်ထိုးပေးပါ။
  • သက်ဆိုင်ရာကျန်းမာရေးဌာန၏ ကြေညာချက်များကို လိုက်နာဆောင်ရွက်ကြပါ။

အချုပ်အားဖြင့်ဆိုသော် ခွေးရူးပြန် ရောဂါဖြစ်ပေါ် ခံစားရပါက ကုရာနတ္ထိဆေးမရှိပါ။ ခွေးကိုက်ခံရပြီး ၁၀ နှစ်ကြာမှ ခွေးရူးပြန်ရောဂါပြန်ပေါ်နိုင်သည်ဟု ရန်ကုန်ကလေးဆေးရုံကြီးက သတိပေးထား ပါတယ်။ ဒါကြောင့် လမ်းမပေါ်ရှိ ပိုင်ရှင်မဲ့ခွေးကောင်းဖြစ်စေ၊ ခွေးရူးဖြစ်စေ အကိုက်ခံရပါက   နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့သွား၍ ခွေးရူးပြန်ကာကွယ် ဆေးထိုးနှံထားခြင်းဖြင့် ဘဝနောင်ရေး အတွက် စိတ်အေးနိုင်ပါလိမ့်မယ်။

ထို့ကြောင့် မြန်မာပြည်သူ၊ ပြည်သားများအနေဖြင့် အမျိုးသားရေးအသိစိတ်ဖြင့် ခွေးရူးပြန်ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် မိမိတတ်အားသလောက် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းရေး သားရင်း ကမ္ဘာ့ခွေးရူးပြန် ရောဂါနေ့(World Rabies Day)မှသည် ခွေးရူးပြန်ရောဂါ ဘေးဘယာ ကင်းဝေးကြပါစေကြောင်း။ ။

ပေါက်ပေါက်