အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလမှ မေလအတွင်း ပြန်လည်ကျင်းပမည်

ရန်ကုန်၊ ဘောလုံး

COVID-19 ရောဂါ အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ထုတ်ပြန်သည်။

AFF သည် မူလက ယင်းပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၇ ရက် အထိ ကျင်းပရန် စီစဉ်ထားသော်လည်း အရှေ့တောင်အာရှနိုင်ငံများ၏ COVID-19 ရောဂါအခြေအနေ ကြောင့် ယခုနှစ်အတွင်းပြုလုပ်မည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအပါအဝင် အာဆီယံပြိုင်ပွဲ ရှစ်ခုကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

AFF သည် ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပမည့် ဘောလုံးပြိုင်ပွဲများအနက် အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲ ကျင်းပမည့်ရက်ကို အစောဆုံးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပမည့် တခြားပြိုင်ပွဲများနှင့် ရက်မတိုက်စေရေးအတွက် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ဧပြီလမှ မေလအတွင်းကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်က စတင်ကျင်းပ ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် (၁၃) ကြိမ်မြောက် ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း သည် ယင်းပြိုင်ပွဲကို နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံး ရပ်တည်မှုအဖြစ် ၂၀၀၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

၂၀၁၈ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရပြီး ဗီယက်နမ်အသင်းက ချန်ပီယံဆု ရရှိခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်ထိုင်းအသင်းက ချန်ပီယံဆုငါးကြိမ်ဖြင့် အအောင် မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေကာ စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ် ကြိမ်နှင့် မလေးရှားအသင်းက တစ်ကြိမ်ဗိုလ်စွဲထားသည်။      

ကိုရဲ