အမေရိကန်စီးပွားရေး ၄ ရာခိုင်နှုန်းကျော်ကျဆင်းချိန် ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာမည့် တရုတ်

ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်ကာလတွင် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့၏ တင်းမာမှုများက အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယခုတော့ ထိုတင်းမာမှုအရွေ့က အာရှပစိဖိတ်သို့ နေရာပြောင်းလာခဲ့ပြီဖြစ်သည်။

တစ်ချိန်က အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုတို့၏ တင်းမာမှုများအတိုင်း ယခု ကမ္ဘာ့ အနောက်ခြမ်းမှ အမေရိကန်နှင့် ကမ္ဘာ့အရှေ့ခြမ်းမှ တရုတ်တို့ ထိပ်တိုက်တွေ့လာကြကာ  တင်းမာမှု များကလည်း တဖြည်းဖြည်းပိုမိုဆိုးရွားလာသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်၏ တစ်ပြည်ထောင်မူဝါဒ (One China Policy) ကို လက်ခံသည်ဟုပြောထားသော်လည်း နောက်ပိုင်းတွင် တရုတ်(တိုင်ပေ)နှင့် ဆက်ဆံရေးကို ထဲထဲ ဝင်ဝင် ပိုမိုဆောင်ရွက်လာသည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ်လက အမေရိကန်၏ ထိပ်တန်းအရာရှိ ကျန်းမာရေး ဝန်ကြီးအေဇာ တရုတ်(တိုင်ပေ)သို့ ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်သွား ရောက်လည်ပတ်ခဲ့ကာ စက်တင်ဘာ ၁၈ ရက်ကလည်း ဒုတိယမြောက် အငယ်တန်း စီးပွားရေး အရာရှိတစ်ဦး တရုတ်(တိုင်ပေ)သို့ ထပ်မံသွားရောက်ခဲ့ပြန်သည်။ တရုတ်ကွန်မြူနစ် ပါတီ၏ ကန့်ကွက်မှုများကြားထဲမှ ထရမ့်က အာရှဂိမ်းကို အောင်မြင်စွာ ကစားနိုင်ရန် တရုတ်(တိုင်ပေ)သို့ ၎င်း၏အရာရှိများကို ဆက်တိုက်စေလွှတ်နေခြင်းဖြစ်ကာ ဥရောပအစိုးရများကိုလည်း ဖိအားပေးခဲ့ပုံ ပေါ်သည်။

စက်တင်ဘာ ၄ ရက်ကလည်း ထူးဆန်းစွာ ဥရောပသမဂ္ဂအဖွဲ့ဝင် ချက်သမ္မတနိုင်ငံ၏ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ တရုတ်(တိုင်ပေ)သို့ ထပ်မံရောက်ရှိလာခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီ ယို၏ ဥရောပခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တရုတ်တို့ တိုင်ပေကျွန်း အနီး အကြီးဆုံးစစ်ရေး လေ့ကျင့်မှုများကို အမေရိကန် အငယ်တန်းစီးပွားရေး ဝန်ကြီးရောက်လာ ချိန်တွင် ပြုလုပ်ခဲ့သည်။ တစ်ပြိုင်တည်းမှာပင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)မှ ဂူအန်ကျွန်းနှင့် ပုံစံတူ ကျွန်းတစ်ခုကို တိုက်ခိုက်သည့် ဗီဒီယိုဖိုင်တစ်ခုကို အင်တာနက်ပေါ်သို့ ထပ်မံ တင်လိုက်ပြန်သောကြောင့် စီးပွားရေးနှင့် စစ်ရေးတင်းမာမှုများက ထပ်မံမြင့်တက်လာခဲ့ပြန်ကာ နိုင်ငံတကာ၏ မျက်စိဒေါက် ထောက်ကြည့်မှုကို ပို၍ခံနေရတော့သည်။

ထိုအချိန် တောင်တရုတ်ပင်လယ်ပြင်၌ အမေရိကန် လေယာဉ်တင်သင်္ဘော နှစ်စင်းကလည်း ပုံသေ အနေအထားဖြင့် ကင်းလှည့်နေကာ အမေရိကန်တို့က ဂူအန်ကျွန်းသို့လည်း မဟာဗျူဟာမြောက်ဗုံး ကြဲလေယာဉ်များ ထပ်မံစေလွှတ်ထားပြန်သည်။

ထို့ကြောင့် PLA က အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုများသာမက မိုင်ပေါင်းထောင်ချီပျံသန်းနိုင် သည့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များကိုပင် အသုံးပြုလာကာ စက်တင်ဘာ ၁၈ ရက် စစ်ရေးလေ့ကျင့်မှုတုန်းကဆိုလျှင် တရုတ်၏ နောက်ဆုံးမျိုးဆက် H-6K ဗုံးကြဲလေယာဉ်များကိုပင် အသုံးပြုခဲ့သည်။ ယင်းအတွက် တရုတ်၏ အကြီးမားဆုံးစစ်ရေးပြမှုဟု အနောက်နိုင်ငံမီဒီယာတို့က ဖော်ပြခဲ့ကြကာ ကမ္ဘာ့အင်အားအကြီးဆုံး နှစ်နိုင်ငံကြား တင်းမာမှုပိုမိုမြင့်တက်လာခြင်းကို ရှင်းရှင်း လင်းလင်းမြင်လာခဲ့ရသည်။

တရုတ်နှင့် အမေရိကန်တို့ တင်းမာမှုအစက ၂၀၁၄ ခုနှစ် အိုဘားမားလက်ထက် တရုတ်၏ တောင်တရုတ်ပင်လယ်ပြင် ကျွန်းတုများ တည်ဆောက်နေမှုမှ အစပြုခဲ့သည်။ တရုတ်တို့က တောင် တရုတ်ပင်လယ်ပြင် အခြေစိုက်စစ်စခန်းများ တည်ဆောက်နိုင်ရန် ကျွန်းတုပေါင်းများစွာကို လျှို့ဝှက် တည်ဆောက်ခဲ့ကာ အမေရိကန်စစ်တပ်ဂြိုဟ်တုများက ခြေရာမခံမိခဲ့သော်လည်း အမေရိကန် အရပ် ဘက်ဂြိုဟ်တုတစ်လုံးက ပုံရိပ်များကို ဖမ်းယူမိခဲ့သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် တရုတ်နှင့်အမေရိကန်တင်းမာမှု အစပြုခဲ့ကာ အိုဘားမား သက်တမ်း ကုန်ဆုံးချိန် ၂၀၁၆ ခုနှစ်အထိ စစ်ရေးနှင့် ကုန်သွယ်ရေး နှစ်ခုစလုံးအထိအခိုက်မရှိခဲ့ပေ။ သို့သော်  ၂၀၁၇ ခုနှစ် ဇန်နဝါရီလက တက်လာသော သမ္မတသစ် ဒေါ်နယ်ထရမ့် လက်ထက်တွင် ကုန်သွယ် ရေးမညီမျှမှုကို အကြောင်းပြကာ တရုတ်နှင့်အမေရိကန် ကုန်သွယ်ရေး စစ်ပွဲစတင်ခဲ့ပြီး တရုတ်၏ ပို့ကုန်များကို ထရမ့်အစိုးရက အခွန် ၁၅ ရာခိုင်နှုန်းမှစ၍ တိုးကောက်တော့သည်။

ထို့နောက် တရုတ်နှင့် အမေရိကန်ကိုယ်စားလှယ်များ တစ်နှစ်ကျော်အထိ သဘောတူညီချက် တစ်ခု ရနိုင်ရန် မကြာခဏတွေ့ဆုံ ဆွေးနွေးခဲ့ရကာ ၂၀၁၉ ခုနှစ်တွင် အဆိုးရွားဆုံး အခြေအနေထိ  ရောက် လာတော့သည်။ ထရမ့်က တရုတ်ပို့ကုန်များကို ၂၅ ရာခိုင်နှုန်းအထိ ထပ်မံအခွန်တိုး ကောက်လိုက် ပြန်ကာ အဆိုးဆုံးအထိ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေးစစ်ပွဲက အပြည့်အဝစတင်ခဲ့တော့သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် အရောက်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှပေါ်လာသော ဗိုင်းရပ်အရေးနှင့် တောင်တရုတ် ပင်လယ်ပြင်အရေးကို အကြောင်းပြပြီး ထရမ့်က စစ်ရေးရွေ့လျားမှုများကို တရုတ်နှင့် အနီးကပ်ဆုံးသို့ ထပ်မံပို့ဆောင်ခဲ့ပြန်ကာ ကုန်သွယ်ရေး ထိပ်တိုက်တွေ့ဆုံမှုရော စစ်ရေးထိပ်တိုက် တွေ့ဆုံမှုပါ အဆိုးရွားဆုံး အခြေအနေတစ်ခုသို့ ရောက်လာခဲ့တော့သည်။

သို့သော် ထရမ့်၏ တရုတ်အပေါ် ပိတ်ဆို့မှုများက ထင်သလောက်အထိမနာခဲ့ဘဲ တရုတ်၏စီးပွားရေး တိုးတက်မှုက ဗိုင်းရပ်ကာလအတွင်းမှာပင် ရှင်သန်နေနိုင်ခဲ့သည်။ ထို့ကြောင့် ဒီမိုကရက်တစ်သမ္မတ လောင်း ဂျိုးဘိုင်ဒင်က ၎င်း၏မဲဆွယ်ပွဲများတွင် ထရမ့်ကိုသုံးသည့်စကားလုံးက အပြောနှင့်အလုပ်  မညီသူဆိုသည့် နာမည်ဖြစ်သည်။

ထရမ့်က အမေရိကန်ပထမဆိုသော ကြွေးကြော်သံဖြင့် သမ္မတဖြစ်လာခဲ့ခြင်းဖြစ်ကာ ယခု ဒုတိယ သက်တမ်းတွင်လည်း ထိုအတိုင်းပင် ကြွေးကြော်ထားပြန်သည်။ ထရမ့်အတွက် တရုတ်က ၎င်းမဲ ဆွယ်ရန် လက်နက်တစ်ခုကဲ့သို့ဖြစ်နေကာ အမျိုးသားရေး ဝါဒီဖြစ်သည့်အတွက်လည်း လက်ယာ သမား ရီပတ်ပလီကန်တို့ အကြိုက်ဖြစ်သည်။ ယခုအချိန်ထိ အမေရိကန်၌ ထရမ့်ကို အများစု ထောက်ခံသူများက တောင်ပိုင်းသားများဖြစ်ကာ အမေရိကန်ပြည်တွင်း စစ်ကာလကတည်းက သဘောထားတင်းမာသူများအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။

ကျွန်စနစ်တိုက်ဖျက်ရေးတွင်လည်း တောင်ပိုင်းသားတို့က အကြီးမား ဆုံးကန့်ကွက်သူများဖြစ်ကာ   ထိုသူအများစုက ရီပတ်ပလီကန်များဖြစ်လာခဲ့သည်။ သို့သော် ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် ပညာတတ် ရီပတ်ပလီကန်တို့က လင်ကွန်းပရောဂျက်ကိုပင် တည်ထောင်ပြီး ထရမ့်ကိုမဲမပေးရေး ကိုယ်တိုင်မဲဆွယ်နေပြန်ကာ ၂၀၂၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ကို မဲပေးရန် ပြင်ဆင်နေသည်။ ထရမ့် သတိမထားမိသည့် အချက်မှာ တရုတ်၏ စီးပွားရေးလက်တံက အမေရိကန်၏ အဓိက မဟာမိတ် ဥရောပသမဂ္ဂသို့ ထဲထဲဝင်ဝင်ရောက်နေခြင်း ဖြစ်သည်။

သို့ဖြစ်၍  အမေရိကန်တို့ ရုရှားကို တစ်ချိန်က စီးပွားရေးပိတ်ဆို့မှု ပုံစံအတိုင်း စီးပွားရေးနှင့် စစ်ရေး တွင် တရုတ်ကို နောက်ကောက်ချန်ခဲ့ရန် မဖြစ်နိုင်ဘဲ ယခု အမေရိကန်၏ စီးပွားရေး ၄ ရာခိုင်နှုန်း ကျော်ကျမည့်အချိန် တရုတ်တို့က ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာမည်ဟု ၂၀၂၀ ပြည့်နှစ် စီးပွားရေး ခန့်မှန်းချက်အဖြစ် စက်တင်ဘာ ၈ ရက်က ထွက်လာခဲ့ပြီဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါ သည်။    ။

ရှိန်းထက်

Ref: CNN