၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

မေးခွန်းပုံစံသစ်

ယခုပို့ချချက်သည်   ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများ အတွက် ''မြန်မာစာဘာသာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ'' ဖြစ်ပါသည်။ ဤပို့ချချက်သည်   မြန်မာစာ ပြဋ္ဌာန်းစာများကို လေ့လာကျက်မှတ်ရာတွင်လည်းကောင်း၊ စာမေးပွဲအတွက် ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန် လည်းကောင်း၊ စာမေးပွဲကို ထူးချွန်ပေါက်မြောက်စွာ ဖြေဆိုနိုင်စေရန် လည်းကောင်း ရည်ရွယ်ပါသည်။ ယခု ၂ဝ၂၂ ခုနှစ်တွင် ဖြေဆိုရမည့် မေးခွန်းပုံစံသည် ၂ဝ၁၉ မတ်လတွင် စတင်စစ်ဆေးခဲ့သော မေးခွန်းပုံစံသစ်အတိုင်း ဖြစ်ပါသည်။ မြန်မာစာ ဘာသာရပ် မေးခွန်းပုံစံသစ်သည်    ကျောင်းသား၊ ကျောင်းသူများ သင်ခန်းစာကို နှုတ်တိုက်အလွတ် ကျက်မှတ်ခြင်းကို လျှော့ချပြီး တစ်နှစ်ပတ်လုံး သင်ယူလေ့လာဆည်းပူးထားသည့် သင်ခန်းစာများကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု၊   ကိုယ်ပိုင်တီထွင် ဖန်တီးနိုင်မှု၊ ကိုယ်ပိုင်ရေးသားတင်ပြမှု၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်မှု စွမ်းရည်တို့ဖြင့်ပေါင်းစပ်ကာ   ဖြေဆိုနိုင်မည့်ပုံစံသို့ ဦးတည်ပြောင်းလဲ ထားခြင်းဖြစ်သည်။ ယခုပို့ချချက်တွင် မေးခွန်းပုံစံသစ်နှင့်အညီ အံဝင်ခွင်ကျဖြေဆိုနိုင်ရေးအတွက် ဆွေးနွေး တင်ပြမည်ဖြစ်ပါသည်။

မြန်မာစာဘာသာရပ်သည်   ဘာသာစကားနှင့် စာပေအရေးအသားကို အထူးပြု သင်ကြားပေးသော ဘာသာရပ်ဖြစ်သည့်အလျောက် မြန်မာစာ ဘာသာရပ်ကို လေ့လာရာတွင် တွေးခေါ်စဉ်းစားသည့် အလေ့အထ၊ စာရေးသားသည့် အလေ့အကျင့်များစွာ လိုအပ်ပါသည်။ လက်ရှိအခြေအနေတွင် ကျောင်းသား၊ ကျောင်းသူများသည် မြန်မာစာဘာသာရပ်ကို လေ့လာရာတွင် အလွတ်ကျက်မှတ်ဖြေဆိုမှုကို လွန်ကဲစွာ အားပြုနေကြသည့် အတွက် အလွတ်ကျက်မှတ်မှုနှင့် ကိုယ်ပိုင်တွေးခေါ် စဉ်းစားဖန်တီး ရေးသားနိုင်မှုတို့ကို   ဟန်ချက်ညီညီ ပေါင်းစပ်ဖြေဆိုနိုင်ရန် မေးခွန်းပုံစံကို ပြောင်းလဲထားပါသည်။ ထို့အတွက်ကြောင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မေးခွန်းပုံစံသစ်၏ ဦးတည်ချက်အတိုင်း အံဝင်ခွင်ကျဖြစ်အောင် လေ့လာဖြေဆိုကြရန် အထူးလိုအပ်လှပါသည်။

ပြဋ္ဌာန်းစာနှင့် မေးခွန်းဖွဲ့စည်းမှု

ဒသမတန်း(တက္ကသိုလ်ဝင်တန်း) မြန်မာစာဘာသာရပ်အတွက် လေ့လာသင်ယူရန် သတ်မှတ်ပြဋ္ဌာန်းထားသော စာအုပ်(၄)အုပ်ရှိပါသည်။ ထိုစာအုပ် (၄)အုပ်မှာ ဒသမတန်း မြန်မာစကားပြေလက်ရွေးစင်၊ ဒသမတန်း မြန်မာကဗျာလက်ရွေးစင်၊ ရေသည်ပြဇာတ်နှင့် မြန်မာသဒ္ဒါ အတွဲ(၂) အခန်း(၆)တို့ ဖြစ်ပါသည်။

မြန်မာစာမေးခွန်းသည် ၃ နာရီ ဖြေဆိုခွင့်ပြုသော မေးခွန်းဖြစ်ပါသည်။ မေးခွန်းတွင် မေးခွန်းကြီး (၆)ပုဒ် ပါဝင်ပါသည်။ သဒ္ဒါပြဋ္ဌာန်းချက်ကို မေးသည့် သဒ္ဒါမေးခွန်းကြီး (၁)ပုဒ်၊ ဒသမတန်းစကားပြေ လက်ရွေးစင်၊ ဒသမတန်းကဗျာလက်ရွေးစင်နှင့် ရေသည်ပြဇာတ်တို့မှ ဝေါဟာရများ၊ အလင်္ကာများနှင့်    ပြဋ္ဌာန်းစာအုပ်အားလုံးမှ စာလုံးပေါင်းသတ်ပုံတို့ ပါဝင်သည့် မေးခွန်းကြီး(၁)ပုဒ်၊ ဒသမတန်းကဗျာ လက်ရွေးစင်မှ ကဗျာဓမ္မ ဓိဋ္ဌာန်မေးခွန်းတိုနှင့် ကဗျာမေးခွန်းရှည်တို့ ပါဝင်သည့် ကဗျာမေးခွန်းကြီး (၁)ပုဒ်၊   ဒသမတန်းစကားပြေ လက်ရွေးစင်မှ   စကားပြေ ဓမ္မဓိဋ္ဌာန် မေးခွန်းတိုနှင့် စကားပြေမေးခွန်းရှည်တို့ ပါဝင်သည့် စကားပြေမေးခွန်းကြီး (၁)ပုဒ်၊ ရေသည်ပြဇာတ်မှ စကားစပ်မေးခွန်းနှင့် ရေသည်ပြဇာတ်မေးခွန်းရှည်တို့ ပါဝင်သည့် ရေသည်ပြဇာတ် မေးခွန်းကြီး (၁)ပုဒ်၊ စာစီစာကုံးနှင့်  အဆိုဆွေးနွေးတို့ပါဝင်သည့် ကိုယ်ပိုင်အရေးအသား အတင်အပြ မေးခွန်းကြီး (၁)ပုဒ် စုစုပေါင်းမေးခွန်းကြီး (၆)ပုဒ် ပါဝင်သည်။ မေးခွန်းတိုင်းတွင် မေးခွန်းပုဒ်ခွဲများ ပါဝင်ပြီး ရွေးချယ်စရာ မေးခွန်းများလည်း ပါဝင်ပါသည်။

မေးခွန်းတစ်ပုဒ်ချင်း ရှင်းလင်းချက်

တက္ကသိုလ်ဝင်တန်း  မြန်မာစာ မေးခွန်းလွှာတွင် မေးခွန်းနံပါတ်(၁) မေးခွန်းသည် မြန်မာသဒ္ဒါမေးခွန်း ဖြစ်ပါသည်။ ထိုမေးခွန်းတွင် ကျက်မှတ်မှုနှင့် နားလည် သဘောပေါက်အောင် လေ့ကျင့်မှုတို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပါသည်။   မြန်မာသဒ္ဒါမေးခွန်းတွင် အဓိကအားဖြင့် အပိုင်းနှစ်ပိုင်း ပါဝင်ပါသည်။ အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ချက်များ၊ သဒ္ဒါသဘော တရားများကို စစ်ဆေးသည့် အပိုင်းနှင့် မြန်မာသဒ္ဒါဆိုင်ရာ သဘောတရားများကို မည်မျှလက်တွေ့ အသုံးချနိုင်သည်ကို စစ်ဆေး အကဲဖြတ်သည့် အပိုင်းတို့ ဖြစ်ကြပါသည်။

မေးခွန်း ၁(က)ဖြစ်သည့် ပထမပိုင်းတွင်  မြန်မာသဒ္ဒါဆိုင်ရာ မေးခွန်းနံပါတ် ၁(က)သည် သဒ္ဒါပြဋ္ဌာန်းစာအုပ်မှ အပိုင်းသုံးပိုင်းဖြစ်သော မြန်မာစာမြန်မာစကားဆိုင်ရာ သိမှတ်ဖွယ်များအပိုင်း၊ ဝါစင်္ဂဆိုင်ရာသိမှတ်ဖွယ်များအပိုင်း၊ ဝါကျဆိုင်ရာ သိမှတ်ဖွယ်များ အပိုင်းတို့မှ    အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ချက်များ၊ ရှင်းလင်းဖော်ပြချက်များကို မေးသည့်မေးခွန်းဖြစ်ပါသည်။ ဤမေးခွန်းသည် ကျက်မှတ်မှုကို အားပြုသည့်  မေးခွန်းဖြစ်သည့်အတွက် ကျက်မှတ်ထားမှသာ တိတိကျကျဖြေဆိုနိုင်မည်ဖြစ်ပါသည်။    ဤမေးခွန်းကို ဖြေဆိုရန်အတွက် ရွေးချယ်စရာ သုံးပုဒ်ပေးထားပြီး တစ်ပုဒ်ကိုသာ ဖြေဆိုရမည်ဖြစ်ပါသည်။ ပေးမှတ်မှာ (၅)မှတ် ဖြစ်ပါသည်။   တိတိကျကျဖြေဆိုနိုင်လျှင် အမှတ်ပြည့်ရသည့် မေးခွန်းဖြစ်ပါသည်။

ဤမေးခွန်းအတွက် သဒ္ဒါစာအုပ်၏ အပိုင်းသုံးပိုင်း စလုံးကို ကျေညက်နေရန် လိုအပ်ပါသည်။ အပိုင်းတစ်ပိုင်းပိုင်းကို ချန်လှပ်ကျက်မှတ်ခြင်းမျိုး မပြုသင့်ပေ။

မေးခွန်းပုံစံသစ်အဖြစ်   ပြောင်းလဲထားသည်ဖြစ်ရာ သမားရိုးကျအတိုင်း မေးမည်ဟု ယူဆထား၍ မရနိုင်ပါ။

မေးရိုးမေးစဉ်အတိုင်း  စာရှစ်စာမှ တစ်ပုဒ်ပါမည်၊ အက္ခရာပြောင်းလဲပုံမှ တစ်ပုဒ်ပါမည် စသည်ဖြင့် ယူဆထား၍မရပါ။ စာရှစ်စာ မပါဘဲ၊ အက္ခရာပြောင်းလဲပုံမပါဘဲ မေးလာခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ဤမေးခွန်းသည်   သဒ္ဒါနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်သိရှိရန် ရည်ရွယ်ခြင်းဖြစ်သဖြင့် စေ့စေ့စပ်စပ်လေ့လာ ကျက်မှတ်ထားရန် လိုအပ်ပါသည်။

နမူနာ

၁။ (က) အောက်ပါတို့အနက် တစ်ခုအကြောင်းကို ဖော်ပြပါ။ (၅မှတ်)

          မလှုပ်ရှားနိုင်သော စကားသံဖြစ် အင်္ဂါ  ၅ မျိုး၊ မြန်မာပါဌ်ဆင့်၊ ဝါကျရော။

ဤမေးခွန်းတွင် သဒ္ဒါစာအုပ်၏ အပိုင်းသုံးပိုင်းမှ ထုတ်နုတ်မေးရာ၌ ပြဋ္ဌာန်းစာအုပ်ပါအတိုင်း ''၏ သည် မလွဲ''  တစ်သဝေမတိမ်း မေးမည်ဟု ယူဆ၍မရနိုင်ပါ။ ဆိုလိုသည်မှာ နမူနာတွင် ပါရှိသော မေးခွန်း၌ မလှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါ (၅)မျိုးကို မေးထားပါသည်။ ပြဋ္ဌာန်းစာအုပ်တွင်  မလှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါ(၇)မျိုး   (လည်ချောင်း၊ အာခေါင်ပျော့၊ အာခေါင်မာ၊ အာထိပ်၊ သွား၊ အထက်နှုတ်ခမ်း၊ နှာခေါင်း)ကို ဖော်ပြထားသော်လည်း မေးခွန်းတွင် (၅)မျိုးကိုသာမေးသဖြင့် ပြဋ္ဌာန်းစာအုပ်ပါ (၇)မျိုးမှ မိမိနှစ်သက်ရာ (၅)မျိုးကိုသာ ဖြေဆိုရန် ဖြစ်ပါသည်။

မေးခွန်း၁(ခ) ဖြစ်သည့် ဒုတိယပိုင်းတွင် မေးသည့် မေးခွန်းမှာ မြန်မာသဒ္ဒါဆိုင်ရာ သဘောတရား အချက်အလက်များကို     လက်တွေ့ကျကျ မည်မျှသိရှိသည်၊

မည်မျှအသုံးချနိုင်သည် ဆိုသည်ကို   စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။  တစ်နည်းအားဖြင့် သဒ္ဒါလေ့ကျင့်ခန်းမေးခွန်းဟု ဆိုနိုင်ပါသည်။ မြန်မာသဒ္ဒါပြဋ္ဌာန်းချက်ပါ သင်ခန်းစာများမှ ကျောင်းသား၊ကျောင်းသူများ အမှန်တကယ် နားလည်ဖြေဆိုနိုင်မည့် လက်တွေ့လေ့ကျင့်ခန်း အမျိုးမျိုးကို မေးမြန်းမည်ဖြစ်ပါသည်။ သဒ္ဒါလေ့ကျင့်ခန်းများကို  ဖြေဆိုနိုင်ရန်အတွက် သဒ္ဒါစာအုပ်ပါ   သဘောတရားများကို ကောင်းစွာနားလည် သဘောပေါက်အောင် လေ့လာပြီး လေ့ကျင့်ခန်းများကို အထပ်ထပ်အခါခါ လေ့ကျင့်ထားရမည်ဖြစ်ပါသည်။

ဤမေးခွန်းတွင် ယခင်ကမေးလေ့ရှိသည့်    သဒ္ဒါစကားလုံးနှင့် သဒ္ဒါအမျိုးအစား မေးခွန်းမျိုးကို မေးနိုင်သကဲ့သို့ သဒ္ဒါစကားလုံး ဖွဲ့စည်းရေးသားစေရေး(ပုံစံ-ပေါင်းစပ် နာမ်စကားလုံး၊ ပေါင်းစပ်ကြိယာ စကားလုံး၊ ကြိယာဝိသေသနစကားလုံး ဖန်တီးရေးသားစေခြင်း)၊ ဝါကျတွင်းပုဒ် အထားအသို (စကားအထားအသို) ပြင်ဆင်ရေးဖွဲ့စေခြင်း(ကတ္တားအထားအသို၊  နာမဝိသေသနအထားအသို၊ ကြိယာဝိသေသနအထားအသို)၊ ပေးထားသော ဝါကျတွင် ဆီလျော်သောသဒ္ဒါစကားလုံး ဖြည့်စွက် ရေးသားစေခြင်း စသည့် သဒ္ဒါလေ့ကျင့်ခန်း မေးခွန်းအမျိုးမျိုးကို တိုးချဲ့မေးမြန်းနိုင်ပါသည်။

နမူနာ

၁။ (ခ)    ပေးထားသော စကားလုံးများမှ ငါးခု ကို ခနဲပစ္စည်း ဆက်၍  ကြိယာ ဝိသေသနအဖြစ်  ဝါကျတစ်ခုစီတွင် သုံးပြပါ။     (၁ဝမှတ်)

          အေး၊ လက်၊ ဗြုန်း၊ ဝေါ၊ ဝင်း၊ ဆတ်။

ဤမေးခွန်းသည် သဒ္ဒါကို အလွတ်ကျက်မှတ်ခြင်းထက် သဒ္ဒါနှင့်ပတ်သက်၍ လေ့လာထားသည်များကို စဉ်းစားဆင်ခြင်ပြီး     လက်တွေ့ အသုံးချရသည့် လေ့ကျင့်ခန်း မေးခွန်းမျိုးဖြစ်သည်။ သဒ္ဒါနှင့် ပတ်သက်သည့် လေ့ကျင့်ခန်းများကို နားလည်သဘောပေါက်အောင်   အကြိမ်ကြိမ်လေ့လာ လေ့ကျင့်ထားသင့်ပါသည်။ သဒ္ဒါကိုနားလည်ပြီး လက်တွေ့အသုံးချသည့် အပိုင်းသို့ ဦးတည်ထားခြင်း ဖြစ်ရာ လက်တွေ့ဘဝတွင် ပြောဆိုအသုံးပြုနိုင်အောင် လေ့လာထားသင့်ပါသည်။ နမူနာမေးခွန်းကို ဖြေဆိုရာတွင်   လက်တွေ့ဘဝ၌ အသုံးပြုသည့် ပုံစံအတိုင်း ရေးသားဖြေဆိုသင့်ပါသည်။

          ပုံစံ-

          ဝုန်း-ခနဲ ပစ္စည်းဆက်၍ ကြိယာဝိသေသနအဖြစ်သုံးခြင်း

          သစ်ပင်ကြီးမှာ   လေပြင်းတိုက်သဖြင့် ဝုန်းခနဲ လဲကျသွားသည်။

မေးခွန်းနံပါတ် ၂

မေးခွန်းနံပါတ်(၂)သည်  ပြဋ္ဌာန်းစာအုပ်များမှ ဝေါဟာရဆိုင်ရာမေးခွန်း ဖြစ်ပါသည်။ ဤမေးခွန်းတွင် မေးခွန်းပုဒ်ခွဲ သုံးပုဒ် ပါဝင်ပါသည်။   ပုဒ်ရေအရေအတွက် အပြောင်းအလဲမရှိပါ။  ပုဒ်ခွဲ သုံးပုဒ်တွင်  ၂(က)သည် ခက်ဆစ်မေးခွန်း၊ ၂(ခ)သည် စာလုံးပေါင်း သတ်ပုံမေးခွန်း၊ ၂(ဂ)သည် အလင်္ကာမေးခွန်းတို့ ဖြစ်ပါသည်။

မေးခွန်းနံပါတ် ၂(က)သည် ကဗျာ၊ စကားပြေနှင့် ရေသည်ပြဇာတ်စာအုပ်များမှ   ဝေါဟာရများကို ခက်ဆစ်အဓိပ္ပာယ်ဖွင့်ဆိုခိုင်းခြင်း   ဖြစ်ပါသည်။ (၇)ခု ပေးထားပြီး (၅)ခု ဖြေဆိုရပါမည်။ ရှေးသုံးခေတ်သုံးမခွဲခြားဘဲ ပြဋ္ဌာန်းစာအုပ်ပါ ဝေါဟာရအားလုံးကို ခက်ဆစ်အဓိပ္ပာယ်ဖွင့်ဆိုစေမည်ဖြစ်ပါသည်။

နမူနာ

၂။ (က)        အောက်ပါဝေါဟာရတို့အနက်   ငါးခု၏ အဓိပ္ပာယ်ကို တိကျစွာ ဖော်ပြပါ။  (၅ မှတ်)

          ရေးတော်၊ ကလိုင်၊ သောင်းပြောင်း၊ ရွံရှာ၊ တစ်ပတ်နွမ်း၊ ခုတင်ခု၊ လှမနော်။

ခက်ဆစ်မေးခွန်းများကို ဖြေဆိုရာတွင် ပြဋ္ဌာန်းစာပါ ဖွင့်ဆိုချက်အတိုင်း အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ပါသည်။ မိမိသဘောဖြင့် ဖွင့်ဆို၍ မရပေ။ အဓိပ္ပာယ်ဖွင့်ပုံ တိကျရန် လိုအပ်ပါသည်။    မြန်မာဝေါဟာရ၏ အဓိပ္ပာယ်သည် အသုံးပြုပုံကိုလိုက်၍   အဓိပ္ပာယ်အမျိုးမျိုးရှိနိုင်ပါသည်။ ပုံစံအားဖြင့် နမူနာပါ ''စာနွှေး'' ဟူသော ဝေါဟာရကို အများသိရှိထားသည့်အတိုင်း ''အစာကို ပူအောင်နွှေးသည်။'' ဟု ဖြေဆို၍ မရပေ။ မြင်စိုင်းရွှေပြည် ကဗျာသင်ခန်းစာတွင် ဖွင့်ဆိုသည့်အတိုင်း ''အစာကို နွှာသည်။ နွှင်သည်။ ခွာသည်။''ဟု ဖြေဆိုမှသာ မှန်ကန်မည်ဖြစ်သည်။ မေးခွန်းသဘောအရ ပြဋ္ဌာန်းစာအုပ်ပါ ဝေါဟာရ၏ ခက်ဆစ်အဖွင့်ကို စစ်ဆေးခြင်းသည်   ပြဋ္ဌာန်းစာတွင် ဤဝေါဟာရကို မည်သည့်အဓိပ္ပာယ်ဖြင့် သုံးနှုန်းထားသည်ကို သိရှိစေလိုသည့်အတွက် စစ်ဆေးခြင်းဖြစ်ပါသည်။ ပေးထားသော ဝေါဟာရ၏ သဒ္ဒါအမျိုးအစားနှင့် အဓိပ္ပာယ်ဖွင့်ဆိုသည့်သဒ္ဒါအမျိုးအစား ကိုက်ညီရန်လည်း လိုအပ်ပါသည်။ ပုံစံအားဖြင့် နမူနာပါ ''ခုတင်ခု'' သည် ရေသည်ပြဇာတ်မှ ဝေါဟာရ ဖြစ်ပါသည်။   ယင်းကို ဖြေဆိုရာတွင် ရေသည်ပြဇာတ်တွင် သုံးနှုန်းဖွင့်ဆို ထားသည့်အတိုင်း ကြိယာဝိသေသန အဓိပ္ပာယ်ဖြင့်သာ ဖွင့်ဆိုရပါမည်။ ''ခုတင်ခု''ကို  ပြဋ္ဌာန်းစာအုပ်တွင် ''ခဏခဏ'' ဟု ကြိယာဝိသေသနအဖြစ် ဖွင့်ဆိုထားပါသည်။ ယင်းကို ''ခုတင်ကို ခုသည်။'' ဟု ကြိယာအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုပါက မှားယွင်းမည်ဖြစ်သည်။

ပြဋ္ဌာန်းစာအုပ်များတွင် ခက်ဆစ်ဖွင့်ဆိုချက်များ၌ တစ်ချောင်းပုဒ် ခံထားပါက အဓိပ္ပာယ်ပြည့်စုံခြင်း မရှိသေးသည့်အတွက် ဆက်လက်ဖော်ပြရန် လိုအပ်ပါသည်။ ပုဒ်မခံထားသောဖွင့်ဆိုချက်ဖြစ်ပါက တစ်ခုကိုဖော်ပြလျှင် များသောအားဖြင့် လုံလောက်ပါသည်။

မေးခွန်းနံပါတ် ၂(ခ)သည် အမှားအမှန် စကားလုံး အတွဲတွင် စာလုံးပေါင်းသတ်ပုံ အမှန်ကိုရွေးချယ်စေခြင်း ဖြစ်ပါသည်။ သတ်ပုံမေးရာတွင် ပြဋ္ဌာန်းစာအုပ်များပါ ဝေါဟာရများကို အခြေခံ၍ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတို့   သိသင့်သိထိုက်သည့် စာလုံးပေါင်းများကို ရွေးချယ်စစ်မေးမည်ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြဋ္ဌာန်းစာအုပ်များကို လေ့လာသည့်အခါ မြန်မာဝေါဟာရများ၏ စာလုံးပေါင်းအမှန်ကို ဂရုတစိုက် မှတ်သားထားပါက အထူးတလည်   အလွတ်ကျက်မှတ် နေရန်မလိုဘဲ မှန်ကန်စွာ ဖြေဆိုနိုင်မည့်  မေးခွန်းမျိုးဖြစ်ပါသည်။ သတ်ပုံအမှန်ကို သိရှိအောင် သတိရှိရှိလေ့လာ အားထုတ်ထားခြင်းဖြင့် မေးခွန်းအပုဒ်တိုင်းကို ဖြေဆိုရာ၌ အထောက်အကူပြုမည့်အပြင် ဘဝတစ်လျှောက်လုံး မြန်မာစာရေးသားရသည့်အခါတိုင်းတွင်   အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

နမူနာ

၂။ (ခ)          အောက်ပါစကားလုံးအတွဲများမှ စာလုံးပေါင်းအမှန်ကို ရွေးချယ်ပါ။ (၅မှတ်)    

 နှောင့်ယှက်-နှောက်ယှက်၊ နေ့လယ်-နေ့လည်၊ အမြက်ထွက်-အမျက်ထွက်၊ ပင်ပမ်း-ပင်ပန်း၊  ခြူခြာ-ချူချာ။

ဤမေးခွန်းကို ဖြေဆိုရာတွင် မေးခွန်းကို ပြန်ကူးပေးရန် မလိုပါ။ မှန်သော စာလုံးပေါင်းများ(သို့မဟုတ်) စာလုံးပေါင်းမှန်သော စကားလုံးများဟု ခေါင်းစဉ်တပ်ကာ  မှန်သည့်စကားလုံးများကိုသာ  ရေးသားဖြေဆိုလျှင် လုံလောက်ပါသည်။ အထက်ပါ ပုံစံမေးခွန်းကို ဖြေဆိုမည်ဆိုပါက အောက်ပါအတိုင်း ဖြေဆိုနိုင်ပါသည်။

မှန်သောစာလုံးပေါင်းများ

          နှောင့်ယှက်

          နေ့လယ်

          အမျက်ထွက်

          ပင်ပန်း

          ချူချာ

မေးခွန်းနံပါတ် ၂(ဂ)သည်  အလင်္ကာမေးခွန်း ဖြစ်သည်။   ပေးထားသော စကားအသုံးအနှုန်းကို အလင်္ကာအမျိုးအစား ဖော်ပြပေးစေခြင်းနှင့် သက်ဆိုင်ရာ သင်ခန်းစာတွင်     မည်သို့သုံးထားသည့်အတွက် ထိုအလင်္ကာမြောက်ကြောင်း   ဖော်ပြစေခြင်းတို့ကို မေးသည့်မေးခွန်းဖြစ်ပါသည်။   ဖြေဆိုရာတွင် ပုံစံတစ်မျိုးမျိုးကို ပုံသေသတ်မှတ် ဖြေဆိုစေခြင်းထက် ကျောင်းသားကျောင်းသူတို့ အမှန်တကယ် နားလည်ပြီး ဖြေဆိုနိုင်သည့် အဖြေအပေါ်တွင်သာ အကဲဖြတ် အမှတ်ပေးသွားမည်ဖြစ်ပါသည်။   အလင်္ကာကို အလွတ်ကျက်မှတ်ခြင်းထက် အလင်္ကာ၏ သဘောသဘာဝကို နားလည်သဘောပေါက်ကာ ဖြေဆိုနိုင်မှုကို ဦးတည်ထားခြင်းဖြစ်သဖြင့် အလင်္ကာဖြေဆိုရာ၌ မိမိနားလည် တတ်မြောက်ထားသည့် အလင်္ကာသဘောကို မှန်ကန်စွာ ဖြေဆိုနိုင်လျှင် မည်သည့်အတင်အပြ ပုံစံဖြင့် ဖြေဆိုသည်ဖြစ်စေ အမှတ်ပြည့် ရရှိမည်ဖြစ်ပါသည်။ ပေးထားသော အလင်္ကာအသုံးအရေအတွက်မှာ (၇)ခု ဖြစ်ပြီး (၅)ခုကို ရွေးချယ်ဖြေဆိုရမည်ဖြစ်ပါသည်။

နမူနာ

၂။ (ဂ)  အောက်ပါတို့အနက် ငါးခုကို အလင်္ကာ ငါးမျိုးမှ မည်သည့်အလင်္ကာဖြစ်ကြောင်း ဖော်ပြပါ။ သက်ဆိုင်ရာ သင်ခန်းစာတွင် မည်သို့အသုံးပြုထားသည့်အတွက်    ဤအလင်္ကာမြောက်ကြောင်းကိုလည်း ရှင်းပြပါ။ (၁ဝမှတ်)

          ဖွတ်မင်းနောင်၊ ယုဂန်ပိုင်၊ ယောင်ထန်းစေ့မှုတ်၊ တာဝန်ဝါးခြမ်း၊ အဘိဓာန်ကဲ့သို့၊ တောင်လေရှုန်းရှုန်း၊ တာဝတိံသာနတ်ရွာလော။

မေးခွန်းနံပါတ် ၃

မေးခွန်းနံပါတ်(၃)သည် ကဗျာမေးခွန်း ဖြစ်သည်။ မေးခွန်းပုဒ်ခွဲနှစ်ပုဒ် ပါဝင်သည်။ မေးခွန်း ၃(က)မှာ ကဗျာမေးခွန်းတိုဖြစ်ပြီး   မေးခွန်း ၃(ခ)မှာ ကဗျာမေးခွန်းရှည်ဖြစ်သည်။

၃(က) ကဗျာမေးခွန်းတိုတွင် မေးခွန်းပုံစံ အပြောင်းအလဲမရှိသော်လည်း မေးမည့်မေးကွက်ကို ချဲ့ထွင်ထားပါသည်။ ကဗျာစာသား ကောက်နုတ်ချက်အတိုကို ပေးထားပြီး ဆိုလိုရင်းရေးသားစေသည့် မေးခွန်းမျိုး ပါဝင်လာမည်ဖြစ်သည်။ ပုဒ်ရေ(၇)ပုဒ်ပေးထားပြီး (၅)ပုဒ် ဖြေဆိုရပါမည်။

နံပါတ် ၃ (ခ)သည် ကဗျာမေးခွန်းရှည် ဖြစ်ပါသည်။ ဤမေးခွန်းသည် မေးခွန်းပုံစံအနေဖြင့် ပြောင်းလဲမှုမရှိသော်လည်း    စစ်ဆေးအကဲဖြတ်ရာတွင်မူ ကျောင်းသားကျောင်းသူများ၏ လေ့လာ ကျက်မှတ်မှု အတွက် ပေးမှတ်၏တစ်ဝက်၊   မိမိကိုယ်ပိုင်အရေးအသား အတင်အပြစွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် သတ်မှတ်ကာ စစ်ဆေးအကဲဖြတ်မည်ဖြစ်ပါသည်။ ထို့ကြောင့် မေးခွန်း၏ ရှုထောင့်အတိုင်း အံဝင်ခွင်ကျဖြေဆိုနိုင်ရန် အရေးကြီးပါသည်။ မိမိကျက်မှတ်ထားသည့် ကဗျာခေါင်းစဉ်ပါသည်နှင့် ကဗျာစာသား တစ်ပုဒ်လုံးချရေးကာ စကားပြေပြန်ဆို ရေးသားဖြေဆိုမည်ဆိုပါက  အချက်အလက်အားလုံး ပါဝင်စေကာမူ မေးခွန်းနှင့် အံမဝင်လျှင် ပေးမှတ်တစ်ဝက်အောက်သာ ရရှိမည်ဖြစ်ပါသည်။ ကဗျာကောက်နုတ်ချက် စာသားများကိုလည်း မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်ရုံသာ ထည့်သွင်းဖြေဆိုရမည်ဖြစ်သည်။ အထူးမှာကြားလိုသည်မှာ မေးခွန်းတောင်းဆိုသည့် ရှုထောင့်နှင့် အာဘော်ကို သေချာစွာဖတ်ရှုပြီးမှ ကိုယ်ပိုင်အရေးအသား အတင်အပြဖြင့် အံဝင်ခွင်ကျဖြေဆိုရန် ဖြစ်ပါသည်။ 

မေးခွန်းနံပါတ် ၄

မေးခွန်းနံပါတ်(၄)သည် စကားပြေမေးခွန်း ဖြစ်ပါသည်။ မေးခွန်းနံပါတ်(၃) ကဗျာမေးခွန်းနှင့် သဘောသဘာဝအားဖြင့် တူပါသည်။  မေးခွန်းပုဒ်ခွဲနှစ်ပုဒ် ပါဝင်ပါသည်။ နံပါတ် ၄(က)မှာ စကားပြေမေးခွန်းတို ဖြစ်ပါသည်။ ဖြေဆိုရန်မေးထားသည့် ပုဒ်ရေအရေ အတွက်မှာ (၇)ပုဒ်ဖြစ်ပါသည်။ ကဗျာနှင့် စကားပြေ မေးခွန်းတိုများကိုဖြေဆိုရာတွင် ပေးထားသော မေးခွန်းနံပါတ်နှင့် မိမိရွေးချယ်ဖြေဆိုသော နံပါတ်တို့ တူညီမှုရှိရပါမည်။ မေးခွန်းနှင့် အဖြေနံပါတ်ကိုက်ညီမှုမရှိပါက အဖြေမှန်စေကာမူ အမှတ်ဆုံးရှုံးမည်ဖြစ်ပါသည်။

စကားပြေမေးခွန်းတို ဖြေဆိုရာတွင်လည်း ကဗျာမေးခွန်းတို ကဲ့သို့ပင် ဝါကျအပြည့်အစုံ ရေးသားဖြေဆိုသင့်ပါသည်။

မေးခွန်းနံပါတ် ၄(ခ)သည် စကားပြေမေးခွန်းရှည် ဖြစ်ပါသည်။ စကားပြေ မေးခွန်းရှည်သည်လည်း ကဗျာမေးခွန်းရှည်ကဲ့သို့ပင် ကျောင်းသားကျောင်းသူများ၏ လေ့လာကျက်မှတ်မှုအတွက်   ပေးမှတ်၏တစ်ဝက်၊ မိမိကိုယ်ပိုင် အရေးအသားအတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှု အတွက် ပေးမှတ်၏ တစ်ဝက်ပေးကာ စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။ စကားပြေမေးခွန်းရှည်  ဖြေဆိုရာတွင် မေးခွန်း၏ရှုထောင့်ကို   သေချာစွာ ဖတ်ရှုပြီး မေးထားသည့် ရှုထောင့်အတိုင်း အံဝင်ခွင်ကျဖြေဆိုနိုင်ရန် အရေးကြီးပါသည်။ မေးခွန်းရှုထောင့်ကို သတိမမူမိဘဲ   မိမိအလွတ် ကျက်မှတ်ထားသည့်အပုဒ်နှင့် ခေါင်းစဉ်တူသဖြင့် အချက်အလက်များကိုချည်း အမြောက်အမြား ရေးသားနေပါက ပေးမှတ်၏ တစ်ဝက်အောက်သာ ရရှိနိုင်မည်ဖြစ်ပါသည်။

မေးခွန်းနံပါတ် ၅

မေးခွန်းနံပါတ်(၅)သည် ရေသည်ပြဇာတ်ဆိုင်ရာ မေးခွန်းဖြစ်ပါသည်။ ဤမေးခွန်းတွင် မေးခွန်းပုဒ်ခွဲနှစ်ပုဒ် ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲမရှိပါ။ နံပါတ် ၅(က)သည် ရေသည်ပြဇာတ် စကားစပ်မေးခွန်း ဖြစ်ပါသည်။ ယခင်(၇)မှတ်ပေးသည့် မေးခွန်းပုံစံအစား (၅)မှတ်ပေးသည့် မေးခွန်းပုံစံသို့ ပြောင်းလဲသတ်မှတ်ထားပါသည်။ ဖြေဆိုရာတွင် မေးထားသည့် စကားစပ်ပါဝင်သည့်အခန်းနှင့် စကားစပ်ဆိုင်ရာ အချက်(၅)ချက် (ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်အတွက်ကြောင့်ပြောသည်ဟူသော အချက်များ) အတွက် (၃)မှတ်၊ ဘာကိုပြောသည်ဆိုသော ဆိုလိုရင်းကို    ရှင်းလင်းရေးသား ဖြေဆိုခြင်းအတွက် (၂)မှတ် အမှတ်ခွဲဝေလျာထားပါသည်။ စကားစပ်ဖြေဆိုရာတွင် လိုရင်းတိုရှင်း ဖြေဆိုနိုင်ရန် အထူးသတိပြုသင့်ပါသည်။ ပါဝင်သည့်အခန်းကို ဖော်ပြရာတွင်  အခန်းနံပါတ်သက်သက်ကိုဖော်ပြခြင်းထက် အခန်းအမည်ကိုပါယှဉ်တွဲ ဖော်ပြသင့်ပါသည်။

နမူနာ

၅။ (က)        စကားစပ်နှင့်တကွ ရှင်းပြပါ။  (၅မှတ်)

          ''ရွေးလွန်းလျှင်မရ၊ သေးလွန်းလျှင်မလှတဲ့၊ ရှေးကပုံထား၊ လူထဲမှာနေ၊ လူ့ဖြစ်ထွေကို၊ အကျေသားနှင့်၊   ဇာတ်သွားရှည်အောင်၊ အရေးဆောင်လို့၊ ကွေ့ချောင်ဝေဝုစ်၊ ဘောက်စရာလုပ်ရတုံး။''

မေးခွန်းနံပါတ် ၅(ခ)သည် ရေသည်ပြဇာတ် မေးခွန်းရှည်ဖြစ်ပါသည်။ ယခင်က (၈)မှတ် ပေးသောမေးခွန်းကို ပေးမှတ် (၁ဝ)မှတ်သို့ ပြောင်းလဲထားသည်။ ယခင်က အကြောင်းအရာပိုင်းကိုသာ မေးသော်လည်း မေးခွန်းပုံစံသစ်တွင်   ပြဇာတ်အကြောင်းအရာပိုင်း တစ်ပုဒ်၊ ပြဇာတ် အတတ်ပညာ၊ အရေးအသား တစ်ပုဒ်မေးမြန်းပြီး နှစ်သက်ရာကို ရွေးချယ်ဖြေဆိုစေမည်ဖြစ်ပါသည်။

ပြဇာတ်အကြောင်းအရာပိုင်းကို မေးရာတွင်လည်း သမားရိုးကျပုံစံမဟုတ်ဘဲ ပြဇာတ်သဘောတရားနှင့် ဆက်စပ်ကာမေးသည့် မေးခွန်းပုံစံသို့ ပြောင်းလဲမည်ဖြစ်သည်။ ကျောင်းသားကျောင်းသူများသည် ပြဇာတ်လေ့လာရာတွင် ပြဇာတ်၏သဘောသဘာဝ၊ ပြဇာတ်၏အရေးအသား အတင်အပြနှင့်     ပြဇာတ်ဖန်တီးမှု အတတ်ပညာတို့ကိုလည်း မလွဲမသွေ လေ့လာဆည်းပူးသင့်သည်ဖြစ်ရာ အတတ်ပညာနှင့် အရေးအသားတို့သည်လည်း ပြဇာတ်မေးခွန်းတွင် ပါဝင်လာပါမည်။

နမူနာ

၅။ (ခ) ရေသည်ပြဇာတ်မှ   အောက်ပါ တစ်ခုကို ဖြေဆိုပါ။(၁ဝမှတ်)

          (၁) ရေသည်ယောကျ်ား၏ စရိုက်ပြောင်းလဲမှုသည် ပြဇာတ်အတွက် အရေးပါပုံ

          (၂) ရေသည်ပြဇာတ်မှ ပြောင်မြောက်သောစကားအသုံးများ

မေးခွန်းနံပါတ် ၆

မေးခွန်းနံပါတ်(၆)သည်   ယခင်က စာစီစာကုံးတစ်မျိုးတည်းကိုသာ ဖြေဆိုရသည့် မေးခွန်းဖြစ်သော်လည်း ပြောင်းလဲမည့်မေးခွန်းပုံစံတွင် မေးခွန်းနံပါတ် (၆)ကို (က)နှင့် (ခ)ခွဲ၍ မေးခွန်းပုဒ်ခွဲ နှစ်ပုဒ်အဖြစ် ပြင်ဆင်ထားပါသည်။ ၆(က)ကို (၁ဝ)မှတ်ပေးသည့် စာစီစာကုံးမေးခွန်းအဖြစ် လည်းကောင်း၊   ၆(ခ)ကို အဆိုတစ်ခုဆွေးနွေးစေသည့်  (၁ဝ)မှတ်ပေးသော မေးခွန်းအဖြစ်လည်းကောင်း ပြောင်းလဲထားပါသည်။ ယခင် အမှတ်(၂ဝ)ပေးသည့် စာစီစာကုံးတစ်ပုဒ်တည်းကို ဖြေဆိုရခြင်းမှ စာစီစာကုံးနှင့် အဆိုဆွေးနွေး အရေးအသား နှစ်ပုဒ်ခွဲဝေ ဖြေဆိုရမည်ဖြစ်သည်။ နှစ်ပုဒ်ဖြေဆိုရမည်ဖြစ်ရာ နှစ်ခါ စဉ်းစားဖြေဆိုရမည့် အချက်ကို အထူးသတိပြုရန်လိုအပ်ပါသည်။   သို့ဖြစ်ရာ စဉ်းစားရမည့်အချိန်     ရေးသားရမည့် အချိန်တို့ကို လုံလောက်မှုရရှိစေရန် ကြိုတင်လေ့ကျင့်ပြင်ဆင်ထားရမည်ဖြစ်သည်။

၆(က) စာစီစာကုံးမေးခွန်းတွင် (၂)ပုဒ်ပေးထားပြီး(၁)ပုဒ် ဖြေဆိုရမည်ဖြစ်သည်။ စာစီစာကုံးရေးသားရန် ပုံကြမ်းအချက်အလက်(၅)ချက် ပေးထားပြီး အချက်တစ်ချက်ကို စာတစ်ပိုဒ်နှုန်းဖြင့် ဖြေဆိုသင့်ပါသည်။ စစ်ဆေးအကဲဖြတ်ရာတွင် ယေဘုယျအားဖြင့် အချက်တစ်ချက်(၂)မှတ်နှုန်းဖြင့် အကဲဖြတ်ရန် လျာထားပါသည်။ စာစီစာကုံးဖြေရာတွင် အထူးသတိပြုရမည့် အချက်မှာ မေးထားသည့်ပုံကြမ်း အချက်အလက်များကို မိမိ၏ကိုယ်ပိုင်စိတ်ကူး စိတ်သန်းဖြင့်  ရေးသား ဖြေဆိုရန်ဖြစ်ပါသည်။ ပေးထားသည့် ပုံကြမ်းအချက် အလက်အစီအစဉ်အတိုင်း မိမိကိုယ်ပိုင် အရေးအသားဖြင့် ဖြေဆိုရမည်ဖြစ်ရာ ပုံကြမ်းအချက်အလက်များကို အခြေမခံဘဲ အလွတ်ကျက်မှတ် ဖြေဆိုပါက အမှတ်ရရှိနိုင်မည်မဟုတ်သည်ကို အထူးသတိပြုသင့်ပါသည်။ ယခုပြောင်းလဲထားသည့် မေးခွန်းပုံစံတွင် စာစီစာကုံးကို အလွတ်ကျက်မှတ်နေပါက အချိန်များစွာကုန်မည့်အပြင် ရမှတ်လည်း ဆုံးရှုံးသွားနိုင်ပါသည်။

နမူနာ

၆။ (က)        အောက်ပါတို့အနက်  တစ်ခုကို ပေးထားသော အချက်အလက်များနှင့်အညီ စာစီကုံးပါ။ (၁ဝမှတ်)

          (၁) ကြည်နူးဖွယ်ရာ မြင်ကွင်းတစ်ခု

    မြင်တွေ့ရသော အကြောင်းရင်း၊ မြင်ကွင်း၏နေရာ၊ မြင်တွေ့ရသည့်အချိန်၊ မြင်ကွင်း၏ကြည်နူးဖွယ်ကောင်းပုံ၊ မြင်ကွင်းကြောင့်ဖြစ်ပေါ်လာသော အတွေးများ။

          (၂) ကျန်းမာခြင်းသည် လာဘ်တစ်ပါး

    ကျန်းမာခြင်း၏ အရေးကြီးပုံ၊ ကျန်းမာရေးကို ဂရုစိုက်သင့်ပုံ၊  ကျန်းမာခြင်း၏ ကောင်းကျိုးများ၊ မကျန်းမာခြင်း၏ ဆိုးကျိုးများ၊ ကျန်းမာခြင်းနှင့် ပတ်သက်သော သင့်အတွေးအမြင်။

မေးခွန်းနံပါတ် ၆(ခ)သည် အသစ်ဖြည့်စွက် ထည့်သွင်းထားသော မေးခွန်းဖြစ်ပါသည်။ ပေးထားသော အဆိုတစ်ရပ်ကိုဖတ်ရှုပြီး    မိမိနှစ်သက်ရာဘက်မှ ရပ်တည်ဆွေးနွေးစေသော ပင်ကိုအရည်အသွေး ဖော်ထုတ်ပြသရမည့် မေးခွန်းဖြစ်ပါသည်။ အဆိုကိုဆွေးနွေး ဖြေဆိုရာတွင် စာဟန်အရေးအသားဖြင့်သာ ရေးသားရမည်ကို အထူးသတိပြုရပါမည်။ ကျောင်းသားကျောင်းသူတို့၏ ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူးစိတ်သန်းကောင်းလျှင် ကောင်းသလောက်၊ အရေးအသား အတင်အပြကောင်းလျှင် ကောင်းသလောက် အမှတ်ရရှိနိုင်မည့် မေးခွန်းဖြစ်ပါသည်။ ပေးထားသောအဆိုမှာလည်း ကျောင်းသားကျောင်းသူအားလုံး ရင်းနှီးကျွမ်းဝင်မည့် ယေဘုယျ ကျသောအဆိုမျိုးကိုသာ ပေးထားမည် ဖြစ်ပါသည်။

နမူနာ

၆။ (ခ)         အောက်ပါအဆိုများအနက် တစ်ခုကို ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ ဖြစ်စေ ဆွေးနွေးပါ။ (၁ဝမှတ်)

          (၁) အားကစားပွဲများတွင် ဘောလုံးပွဲသည် စိတ်ဝင်စားစရာ  အကောင်းဆုံးဖြစ်သည်။

          (၂)  ဂျာနယ်ဖတ်ခြင်းသည် သတင်းစာဖတ်ခြင်းထက် ပို၍ ဗဟုသုတရရှိသည်။

အဆိုဆွေးနွေး အရေးအသား ဖြေဆိုရန်အတွက် ရရှိမည့်အချိန်အတိုင်းအတာကို အလေးထား သတိပြုရမည် ဖြစ်သည်။   အဆိုဆွေးနွေး မေးခွန်းအတွက် ရေးသားချိန်သည် မိနစ်(၂ဝ)၊ (၂၅)မိနစ်ခန့်သာ ရရှိနိုင်မည်ဖြစ်ရာ ဖြေဆိုရမည့်ပမာဏကို ချိန်ဆနိုင်ရန် အထူးအရေးကြီးပါသည်။ အဆိုဆွေးနွေး အရေးအသား အတွက် စာပိုဒ်(၄)ပိုဒ်သာ ရေးသားဖြေဆိုသင့်သည်။ ပထမပိုဒ်သည် အစပျိုးသည့် နိဒါန်းဖြစ်ပြီး ဒုတိယနှင့် တတိယပိုဒ်တို့သည် စာကိုယ်ဖြစ်ပါသည်။ စတုတ္ထပိုဒ်မှာ မိမိ၏ ရပ်တည်ချက်ကို အတည်ပြုနိဂုံးချုပ်သည့် အပိုဒ် ဖြစ်သည်။ စာတစ်ပိုဒ်အတွက် ရေးသားချိန်ကို (၅)မိနစ်ခန့်သာ အသုံးပြုသင့်ပါသည်။ စာပိုဒ်တစ်ပိုဒ်ကို ပမာဏမည်မျှ ရေးသင့်သည်ဆိုသည်မှာမူ ပေးမှတ်နှင့် ချိန်ဆရမည်ဖြစ်သည်။ အဆိုဆွေးနွေး အရေးအသားကို စစ်ဆေးအကဲဖြတ်ရန်အတွက် ယေဘုယျအားဖြင့် ပထမပိုဒ်နိဒါန်းနှင့် စတုတ္ထပိုဒ်နိဂုံးကို(၂)မှတ်စီ၊ ဒုတိယပိုဒ်နှင့် တတိယပိုဒ်စာကိုယ်များကိုမူ (၃)မှတ်စီ သတ်

မှတ်လျာထားပါသည်။

တက္ကသိုလ်ဝင်တန်းမြန်မာစာ ဘာသာရပ်သည် မြန်မာစာအရေးအသား၊   မြန်မာစာပေ၏ အနှစ်သာရကို ဖော်ကျူးသည့် ဘာသာရပ်ဖြစ်ရာ ဘာသာရပ်၏ အနှစ်သာရကိုသိရှိအောင်  လေ့လာသင်ယူရန် လိုအပ်ပါသည်။ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများသည် အဓိပ္ပာယ်ဖွင့်ဆိုချက်မေးခွန်း၊ ဓမ္မဓိဋ္ဌာန်မေးခွန်း၊ စကားပြေကဗျာ ရေသည်ပြဇာတ်ပါ အချက်အလက် စသည်တို့ကို တိတိကျကျ ကျက်မှတ်ရမည် ဖြစ်ပြီး လိုရင်းအချက်အလက်ကို တိတိကျကျ ဖြေဆိုနိုင်ရန် လိုအပ်ပါသည်။ မိမိစိတ်ကူးစိတ်သန်း၊ အတွေးအခေါ်ဖြင့် အရေးအသားစွမ်းရည်ကို ပြသရမည့် မေးခွန်းများတွင်မူ  မေးခွန်းကိုကောင်းစွာနားလည်သဘောပေါက်အောင် ဖတ်ရှုပြီး  မိမိသိရှိထားသည့်၊ လေ့လာမှတ်သားထားသည့် အချက်အလက်များကို မိမိ၏မြန်မာစာ အရေးအသားစွမ်းရည်၊   ကိုယ်ပိုင် စိတ်ကူးဉာဏ်တို့ဖြင့် ပေါင်းစပ်ကာ ရေးသားဖြေဆိုရမည် ဖြစ်သည်။ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ အားလုံး မြန်မာစာဘာသာရပ်ကို    အခက်အခဲမရှိ ဖြေဆိုနိုင်ပြီး အောင်ပန်းဆွတ်ခူးနိုင်ကြပါစေဟု  ဆန္ဒပြုလိုက်ပါသည်။

ဒေါက်တာထွန်းအောင်ကျော်၊ ပါမောက္ခ၊(ဌာနမှူး)၊မြန်မာစာဌာန၊ရန်ကုန်တက္ကသိုလ်