တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက်

ဆက်လက်ပြီး RFA သတင်းဌာနမှ  သတင်းထောက်   ဒေါ်သက်စုအောင်က ကပ်ဘေးကာလမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က  ဒေသခံတွေ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၇ ရက်ကစပြီး စစ်တွေအပြင် အခြားဒေသတွေကို ထွက်ပြေးနေ ကြကြောင်း၊ ထွက်ပြေးလာသည့်ဒေသခံတွေ ပြောကြားခြင်းသည် မေယုမြစ်ထဲတွင် ရှိသည့် တပ်မတော်ရေယာဉ်ကနေ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနှင့်ပစ်ခတ်နေခြင်းကြောင့်  ရွာထဲကိုလက်နက်ကြီး ကျည်များကျပြီး ရွာသားများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများကြောင့် ကြောက်လန့်ပြီးတော့ ထွက်ပြေးလာရသည်ဟု ပြောကြကြောင်း၊ ကျန်းမာရေးဌာနကလည်း COVID-19 ရောဂါကိုထိန်းချုပ်ဖို့ ကြိုးစားနေသည့်အခါ    ယခုလိုမျိုး လူတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေကျလို့ဆိုပြီး အစုလိုက်အပြုံလိုက် ထွက်ပြေးလာခြင်းကြောင့် ထိန်းချုပ်ရန်ခက်ခဲနေခြင်းကို ဆရာဝန်တွေကပြောကြကြောင်း၊  နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်း များကလည်း ၎င်းကပ်ဘေးကာလရခိုင်ပြည်နယ်တွင် တပ်မတော်က ဒီတိုက်ပွဲတွေလျှော့ချပေးရန် တောင်းဆိုနေကြခြင်းများရှိကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါကိစ္စကို   မည်ကဲ့သို့ပြောချင်ပါကြောင်းနှင့် ယခုကပ်ဘေးကာလမှာ တိုက်ပွဲများရပ်တန့်ထားရန်အစီအစဉ် ရှိ၊ မရှိနှင့်ပတ်သက်ပြီး သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ယခုကာလတွင် ရခိုင်ပြည်နယ်မှာပဲဖြစ်စေ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေညာထားသည့် EAO များ ဒေသတွင်ဖြစ်စေ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး မရှိကြောင်း၊ မေးသည့်မေးခွန်းထဲတွင် စစ်ရေယာဉ်ကနေ ပစ်ခတ်ခြင်းပါကြောင်း၊ အဆိုပါ ကိစ္စသည် အကြောင်းပြချက်များသာ ဖြစ်ကြောင်း၊  ဒီတစ်ပတ်အတွင်း  တပ်မတော်အနေဖြင့် စစ်တွေမှရသေ့တောင်၊ ရသေ့တောင်မှစစ်တွေသို့ သွားလာနေသည့်   အုပ်ချုပ်မှုလုပ်ငန်း ဆောင်ရွက်နေသည့် စစ်ရေယာဉ်များကိုAA အကြမ်းဖက်သောင်းကျန်းသူများက ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲ ၁ နာရီမှ ၁ နာရီခွဲတွင်၁ ကြိမ်၊ စက်တင်ဘာလ၂၃ ရက်၊ ညနေ  ၄ နာရီမှ ၄ နာရီ ၄၅ မိနစ်တွင်  ၁ ကြိမ်၊ စက်တင်ဘာလ ၂၅ ရက် ညနေ ၅ နာရီမှ ၅ နာရီခွဲတွင် ၁ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်သည့်နေရာက တစ်နေရာတည်းက ပစ်ခတ်ကြောင်း၊ အဆိုပါ နေရာမှာ ရသေ့တောင်မြို့နယ်၊ ထီးဆွဲကျေးရွာ၏ တောင်ဘက်နှင့် အနောက်တောင်ဘက်မှ စစ်ရေယာဉ်များ ဖြတ်သွားဖြတ်လာတိုင်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း၊  အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ရေယာဉ်ပေါ်က စစ်သည် တချို့ဒဏ်ရာရခြင်း ရှိကြောင်း၊ တပ်မတော်အနေဖြင့် ရေယာဉ်များကို ပစ်ခတ်ခြင်းမရှိလျှင်    ပြန်ပစ်ခတ်စရာ အကြောင်းမရှိကြောင်း၊ ရေယာဉ်များကို     ပစ်ခတ်ခြင်းကြောင့် ပြန်လည်ပစ်ခတ်ရခြင်း ဖြစ်ကြောင်း၊ AA အကြမ်းဖက် သောင်းကျန်းသူ များအနေဖြင့် ၁၀၇ မီလီမီတာဒုံးသီးများ၊    အာပီဂျီ၊ စက်လတ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းဒေသများတွင် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် အရပ်ဝတ်များဖြင့်  တိုက်ပွဲဆင်နွှဲနေခြင်းများ၊ ရွာထဲကနေထွက်ပြီး   ပစ်နေခြင်းများ၊ စစ်ရေယာဉ်များဖြတ်သွားဖြတ်လာတိုင်း ပစ်ခတ်နေခြင်းကြောင့် တပ်မတော်သားများမှ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း၊ မိမိကိုယ်ကို  ခုခံကာကွယ်ပိုင်ခွင့်ဆိုသည့် စကားလုံးသည်  အလကားဖြစ်လာသည့် စကားလုံးမဟုတ်ကြောင်း    ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ရခိုင်ပြည်နယ်တွင်  တိုက်ပွဲရှောင်စစ်ဘေး ဒုက္ခသည်အရေအတွက်က နေ့စဉ်နဲ့အမျှတိုးလာကြောင်း၊ ယခုလိုတိုးလာသည့်သူများကို မေးမြန်းကြရာ   တပ်မတော်ကရွာသားများကို   လိုက်ဖမ်းခြင်းကြောင့် ထွက်ပြေးလာရသည့်သူ ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်က ရွာထဲကိုဝင်ဖမ်းခြင်းမျိုး ရှိ၊ မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်က  ရွာထဲဝင်ဖမ်းခြင်းမျိုးရှိကောင်းရှိနိုင်ကြောင်း၊   ဘာကြောင့်လဲဆိုလျှင် ရွာထဲမှနေ၍  သောင်းကျန်းသူများက အရပ်ဝတ်ဖြင့် တပ်ကိုပစ်ခတ်တိုက်ခိုက်ပြီး ရွာထဲဝင်ပြေးခဲ့ခြင်းကြောင့်    လိုက်ပြီးဖမ်းရခြင်းမျိုး   ရှိကောင်းရှိနိုင်ကြောင်း၊ တပ်ကိုမိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ပြီး ရွာထဲကိုအရပ်ဝတ်ဖြင့် ဝင်ပြေးခြင်းကြောင့် လိုက်ဖမ်းရခြင်းများ၊ စစ်ဆေးခြင်းများရှိနိုင်ကြောင်း၊ အကြောင်းမဲ့သက်သက်ရွာထဲကိုဝင်ဖမ်းစရာ   အကြောင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး  RFA သတင်းဌာနမှ သတင်းထောက်   ဒေါ်သက်စုအောင်က အခု ICC  ကိုရောက်နေသည့်တပ်မတော် သားနှစ်ယောက်နှင့်ပတ်သက်ပြီး မေးချင်ပါကြောင်း၊    ICC  ကို  ရောက်နေသည့် တပ်မတော်သားနှစ်ယောက်နှင့် ပတ်သက်ပြီးတော့  တပ်မတော်က ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ၊ နိုင်ငံတကာမီဒီယာတွေ အများစုမှာ ဖော်ပြနေတာက ဒီ ှုဃဃ မှာ သက်သေအနေနဲ့ ပြန်လာဖို့ရှိတယ် ဆိုတာမျိုးတွေကို ဖော်ပြနေတာမျိုးတွေ လည်းရှိပါကြောင်း၊ တကယ်လို့များ ICC မှာ ဒီတပ်မတော်သားနှစ်ယောက်ကို သက်သေအနေဖြင့် တင်လာရင် တပ်မတော်အနေဖြင့် ဘယ်လိုများပြင်ဆင်ထားကြောင်း သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက   RFA သတင်းဌာနအနေဖြင့် ICC မှာ အဆိုပါတပ်မတော်သားနှစ်ယောက်ရှိနေခြင်းကို   မည်သို့သတင်းရသည်ကို   မသိကြောင်း၊ ICC  မှ တာဝန်ရှိသူကိုယ်တိုင်က   မရှိဟု ငြင်းဆိုထားကြောင်း၊ ပထမဦးဆုံးပြဿနာကတော့ ICC  မှာရှိ၊ မရှိကို RFA နှင့် ICC အရင်ရှင်းရမည်ဖြစ်ကြောင်း၊ နောက်တစ်ချက်က အဆိုပါ ICC နဲ့ပတ်သက်ပြီး    အစိုးရကော တပ်မတော်ကောက သဘောထားပြောထားပြီးဖြစ်ကြောင်း၊ ICC နှင့်ပတ်သက်ပြီး ကျွန်တော်တို့အသိအမှတ်ပြုစရာမရှိကြောင်း၊ တပ်မတော်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် ICOE  အစီရင်ခံစာထွက်လာပြီး   နောက်ပိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုဆောင်ရွက်လျက်ရှိရာ စုံစမ်းစစ်ဆေးရေးခုံရုံး(Court of Inquiry)အနေဖြင့် စပြီးဖွဲ့စည်းကတည်းက     သက်သေအထောက်အထားများရှိလျှင် အီးမေးလ်ကနေပေးလို့ရကြောင်း၊ စာဖြင့်လည်းပေးလို့ရကြောင်း၊ ဖုန်းဖြင့်လည်း ပေးလို့ရသည်ကိုတရားဝင်တောင်းခံထားပြီးဖြစ်ကြောင်း၊ မည်သူမဆို လွတ်လပ်စွာပေးပိုင်ခွင့်ရှိကြောင်း၊ တပ်မတော်၏ တရားစီရင်ပိုင်ခွင့်၊ နိုင်ငံတော်၏တရားစီရင်ပိုင်ခွင့်စနစ်သည် မြန်မာနိုင်ငံမှာ ကောင်းမွန်စွာ အလုပ်လုပ်လျက်ရှိကြောင်း၊ မိမိတို့၏ပြည်တွင်းတရားစီရင်ရေးစနစ်သည် အဆင့်မီ တရားစီရင်ရေး ဖြစ်ကြောင်း၊ ထိုကဲ့သို့မျိုး အခြေအနေမျိုးမှာ တပ်မတော်သားနှစ်ယောက်ရောက်ရှိနေလား၊ မရောက်ရှိဘူးလားဆိုသည်ကို မမေးလိုကြောင်း၊ ရောက်ရှိနေသည် ဆိုရင်လည်း နိုင်ငံတော်၏ ပြည်တွင်းတရားစီရင်ရေး စနစ်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စော်ကားခြင်းဖြစ်သည်ဟု    မိမိထင်ကြောင်း၊ ပြောနေသောသူများသည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်ကို  စော်ကားခြင်းပဲဖြစ်ကြောင်း၊ လက်ခံထားသည်ဆိုပါက လက်ခံထားသောသူများသည် မြန်မာနိုင်ငံအစိုးရကို တရားဝင်လွှဲပြောင်း ပေးရမည်ဟု ပြောချင်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး  RFA သတင်းဌာနမှသတင်းထောက် ဒေါ်သက်စုအောင်က ICC ကိစ္စကိုဘာကြောင့်ပြောလဲဆိုသည်မှာ ပြီးခဲ့သည့်ရက်ပိုင်း ၁၄ ရက်လောက်က တပ်မတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်ကို  တွေ့ရကြောင်း၊ တပ်သားနှစ်ယောက် ICC ကို ရောက်တာတစ်ပိုင်း မရောက်တာတစ်ပိုင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တကယ်ကျူးလွန်ခဲ့သလား၊ မကျူးလွန်ခဲ့ဘူးလားဆိုသည်ကို တပ်မတော်စုံစမ်းရေးအနေဖြင့်   ၂၀၂၀  နှစ်ကုန်မတိုင်ခင် စုံစမ်းမှုလုပ်မယ်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရကြောင်း၊ ထိုကိစ္စများသည် မည်သို့အခြေအနေမျိုးရောက်နေပြီ လဲဆိုသည်ကို သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိတို့ထုတ်ပြန်သည့်အထဲမှာ ထိုအကြောင်းအရာများမပါကြောင်း၊ ထုတ်ပြန်ချက်ကို သေသေချာချာ ရှင်းရှင်းလင်းလင်းဖတ်ကြည့်စေလိုကြောင်း၊ ထုတ်ပြန်ချက်၌ ထုတ်ပြန်ထားသည်က ရှင်းရှင်းလေးသာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်   လုပ်ဆောင်နေသော လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီးသာ ပါဝင်ကြောင်း၊   လုပ်ဆောင်ချက်များမှ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌ တပ်စခန်း  ၃၉ ခု၊ တပ်ရင်းဌာနချုပ် ၁ ခုအပါအဝင်တိုက်ခိုက်ခံရသည့်အချိန်တွင်   တောင်ဘဇာမှာရှိသောတပ်ရင်း ၁ ရင်းကို ARSA မှတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ပါကြောင်း၊ ထိုဖြစ်စဉ်နှင့် ဆက်စပ်နေသောဖြစ်စဉ် ဖြစ်သည့်အတွက်ကြောင့်  အဆိုပါ ကိစ္စများပါ စစ်ဆေးနေကြောင်း၊   ထို့ပြင်   မိမိတို့အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနေသည်ဟု ပါကြောင်း၊ ထိုကျယ်ကျယ် ပြန့်ပြန့် စစ်ဆေးနေခြင်း ဆိုသည်မှာ ဆက်စပ်နေသောနေရာများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးနေခြင်း ဖြစ်ပါကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး  RFA  သတင်းဌာနမှ သတင်းထောက်   ဒေါ်သက်စုအောင်က ထိုကိစ္စများက ဘယ်အခြေအနေထိရောက်နေပြီလဲ၊ နှစ်ကုန်ပိုင်းရောက်တော့မည်ဖြစ်၍   စုံစမ်းစစ်ဆေးနေသည့် အခြေအနေများ ကိုလည်း   ပြော၍ရသလောက်တော့ ပြောပြပေးစေလိုကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက   စုံစမ်းစစ်ဆေးမှုအခြေအနေက ရခိုင်ပြည်နယ်မှာလည်း သွားရောက် စစ်ဆေးခြင်းမျိုးရှိကြောင်း၊ ခုလောလောဆယ် ရခိုင်ပြည်နယ်ကို မသွားရောက်နိုင်သေးကြောင်း၊ CO-VID-19 ရောဂါကိစ္စများရှိကြောင်း၊ ရခိုင်ပြည်နယ်မှာ  သွားရောက်စစ်ဆေးရမည့် နယ်မြေများတွင်လည်း တိုက်ပွဲများဖြစ်နေကြောင်း၊ ထို့ကြောင့် တချို့ကိစ္စများကိုဒီမှာပဲ စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့ထုတ်ပြန်ထားသည့် အတိုင်းသာ ဒီကြားထဲမှာ   ဘာမှအခြေအနေအခက်အခဲမရှိဘူး ဆိုပါက   မိမိတို့ပြောထားသည့် TIME LINE အတိုင်းဝင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး   Myanmar Now သတင်းဌာနမှသတင်းထောက် ဦးဉာဏ်လှိုင်လင်း က  COVID-19   ရောဂါနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက်  ပြောထားတာရှိကြောင်း၊ ပထမအကြိမ် COVID-19   ရောဂါ   စတင်ဖြစ်ပွားသည့်အချိန်နှင့် ဒုတိယထပ်မံဖြစ်ပွားချိန်တွင်   ရန်ကုန်မှာ အခြေအနေ ဆိုးရွားသည့်အခါ တပ်မတော်က ကူညီခြင်းပြောထားကြောင်း၊ အဆိုပါ ပြောဆိုခြင်းသည်  တပ်မတော်အနေဖြင့် အစိုးရအဖွဲ့ထဲတွင်ပါခြင်းကြောင့် မည်သည့်အတွက် ပြောဆိုရကြောင်းနှင့်    အစိုးရခေါင်းဆောင်များနှင့်    တပ်မတော်ခေါင်းဆောင်များအကြား   ဆက်ဆံရေး အခြေအနေ မည်ကဲ့သို့ရှိသည်ကို   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက COVID-19   ရောဂါနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့်  လုပ်ဆောင်နေသည့် လုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများကို  ရှင်းလင်းပြောကြားထားပြီး ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ထဲတွင် တပ်မတော်ကို  ကိုယ်စားပြုသည့်သူများရှိသော်လည်း ယခုလိုထုတ်ဖော်ပြောဆိုရန် လိုအပ်သည့်အတွက်ကြောင့် ပြောဆိုရခြင်း ဖြစ်ကြောင်း၊ အစိုးရခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များကြား ဆက်ဆံရေးအခြေအနေက တပ်မတော်အနေဖြင့် အစိုးရထံ တင်ပြစရာရှိသည့် စစ်ဆင်ရေးလုပ်ငန်းများ၊    လုံခြုံရေးလုပ်ငန်းများ၊ အခြားအရေးကြီး ကိစ္စရပ်များနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး   Myanmar   Now သတင်းဌာနမှသတင်းထောက် ဦးဉာဏ်လှိုင်လင်းက ရွေးကောက်ပွဲနီးချိန်မှာ တချို့တပ်ရင်း၊ တပ်ဖွဲ့များရွှေ့ပြောင်းသည့်သတင်းများကို ကြားထားခြင်းရှိကြောင်း၊  လတ်တလောမှာ တိုက်ပွဲဖြစ်ပွားခြင်း မတွေ့ရသည့် ကချင်ပြည်နယ် ၊ ဆွမ်ပရာဘွမ်နှင့် တနိုင်းဒေသများတွင် တချို့တပ်ရင်း၊ တပ်ဖွဲ့များရွှေ့လာကြောင်း၊    အဆိုပါ နေရာတွင် မဲပေးမည်ဖြစ်ခြင်းနှင့် ပတ်သက်ပြီး မည်ကဲ့သို့ မှတ်ချက်ပြုချင် ပါကြောင်းနှင့် မည်သည့်အတွက်     ရွေးကောက်ပွဲနီးမှတပ်များအရွှေ့အပြောင်းများ     ဘယ်လောက်လုပ်ထားသလဲကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံခြုံရေးအခြေအနေအရ ဘယ်တပ်တွေ

ဘယ်နေရာမှာရှိနေခြင်းကို    မပြောနိုင်ကြောင်း၊ သို့သော် တပ်မတော်အခြေအနေကို အဆိုပါနယ်မြေများမှ ဒေသခံများအား  မေးကြည့်လျှင်သိနိုင်ပါကြောင်း၊ တပ်မတော်အနေဖြင့် လုံခြုံရေးကို ယခင်က ဆောင်ရွက်နေကြသည့် နေရာများတွင်သာ ဆောင်ရွက်လျက်ရှိကြောင်း၊  ယခင်က   အဆိုပါနယ်မြေတစ်ခုတွင်    တပ်ရင်းတစ်ရင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုအခါအခြားတပ်ရင်းတစ်ရင်းဖြင့်   လဲလှယ်ခြင်းမရှိကြောင်း၊ အဆိုပါဒေသခံများကို မေးကြည့်လျှင်ပိုပြီးသိနိုင်ကြောင်း၊ ယခင်ကတည်းက အဆိုပါဒေသတွင် အဲဒီတပ်များရှိနေခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲနီးချိန်မှ တပ်အရွှေ့အပြောင်းလုပ်ခြင်းမျိုး မဟုတ်ပါကြောင်း၊  ယခုလိုကာလမျိုးမှာ အရွှေ့အပြောင်းလုပ်ရန်ပိုပြီးခက်ခဲပါကြောင်း၊  COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလတွင် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မှ ပြန်ဝင်လာသည့် တပ်များသည် တပ်ထဲရောက်သည့်အချိန်မှာ Quarantine ဝင်နေရသည့် အခြေအနေမျိုး

ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့်    အဆိုပါကိစ္စရပ်မျိုးလုပ်ဆောင်ရန် အကြောင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး Myanmar Now သတင်းဌာနမှသတင်းထောက် ဦးဉာဏ်လှိုင်လင်းက တပ်မိသားစုများကို လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိကြောင်း တပ်မတော်ကပြောထားပြီး လွတ်လပ်စွာ မဲပေးခွင့်အတွက် မည်ကဲ့သို့ စီမံထားကြောင်းနှင့် မည်သို့သော အာမခံချက်မျိုးရှိသည်ကို ပြောပြနိုင်သလောက်ပြောကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် Myanmar Now သတင်းဌာနမှ သတင်းထောက်ကို မေးခွန်းပြန်မေးချင်ပါကြောင်း၊ Myanmar Now သတင်းဌာနမှ သတင်းထောက်များကို လွတ်လပ်စွာမဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး မည်ကဲ့သို့စီမံထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဆက်လက်ပြီး Myanmar Nowသတင်းဌာနမှ သတင်းထောက်ဦးဉာဏ်လှိုင်လင်းက ပြန်လည်ဖြေကြားရာ အဆိုပါကိစ္စကရှင်းပါကြောင်း၊ စကားက တစ်ခွန်းတည်းပါ၊ ဘယ်ကိုမဲပေးပါလို့မရှိကြောင်း   ဖြေကြားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းထောက်ပြောသလိုပါပဲ အဆိုပါလွတ်လပ်စွာ မဲပေးပိုင်ခွင့်ဆိုတာ   လူတစ်ဦးတည်း၏ အခွင့်အရေး၊   လူတစ်ယောက်ချင်းစီ၏ အခွင့်အရေး၊    လွတ်လပ်ခွင့်ဖြစ်ကြောင်း၊ ထို့ကြောင့်   လွတ်လပ်စွာမဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် ဘာမှစီမံခန့်ခွဲစရာ မလိုကြောင်း၊ တပ်မတော်သားများအနေဖြင့် ကြိုက်နှစ်သက်ရာနှစ်သက်သူကို   လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိကြောင်း၊ အဆိုပါကိစ္စအပေါ် တပ်မတော်အနေဖြင့် မည်ကဲ့သို့စီမံခန့်ခွဲရမလဲ၊ လူတစ်ဦးချင်း၏ အခွင့်အရေးပေါ်မှာ  ထပ်ပြီးစီမံခန့်ခွဲနေလျှင် စီမံခန့်ခွဲသည့်လူကချုပ်ချယ်ကန့်သတ်မှု ဆိုသည့်အရာ ဖြစ်ပေါ်လာနိုင်ကြောင်း၊ သတင်းထောက်ဖြေသည့်   အဖြေလိုမျိုးပဲ တစ်ဦးချင်း အခွင့်အရေးဖြစ်သည့် အတွက်ကြောင့်    တစ်ဦးချင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး One News Regional   သတင်းဌာနမှ သတင်းထောက်ဦးစိုးအောင်က COVID-19 ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး အစိုးရနှင့်ပူးပေါင်းသည့်ကိစ္စများတွင် ကုန်ကျစရိတ်များကို တပ်မတော်ဘတ်ဂျက်ထဲမှသုံးခြင်းလား၊ တပ်မတော်ထဲ၌   ယနေ့အထိ   ရောဂါဖြစ်ပွားသူ၊ သေဆုံးသူ၊   ပြန်လည်သက်သာလာသူ ဘယ်နှယောက်ရှိလဲ၊ ဘယ်လိုကူးစက်ခဲ့ပြီး ဘယ်နေရာတွေမှာစောင့်ရှောက်မှုပေးနေလဲ သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက COVID-19 ရောဂါနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ ပူးပေါင်းမှုတွေကို ပြောကြားပြီးဖြစ်ကြောင်း၊     ကုန်ကျစရိတ်များအတွက်တပ်မတော်ဘတ်ဂျက်ထဲမှ သုံးစွဲခြင်းမဟုတ်ဘဲ တပ်မတော် အရာရှိကြီးများမှ နှစ်လစာနှင့် အရာရှိ၊စစ်သည် များအနေဖြင့်  တစ်ရက်စာလှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း၊ လှူဒါန်းငွေစုစုပေါင်း ၄ ဒသမ ၅ ဘီလီယံကျော်ရှိပြီး ၎င်းလှူဒါန်းငွေနှင့် အရပ်ဘက်အလှူရှင်များမှ တပ်မတော်ကို လှူဒါန်းပေးထားသည့် သိန်း ၃၂၀၀ ကျော်ဖြင့် အရပ်ဘက်ဆေးရုံ၊ ဆေးခန်းများကို လှူဒါန်းမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊  ထို့ပြင် သံဃာတော်အရှင်သူမြတ်များနှင့်သီလရှင်များ   ဆွမ်းအခက်အခဲမရှိစေရန်အတွက်  လှူဒါန်းမှုများနှင့် အရပ်ဘက်များကို လှူဒါန်းနေသည်များမှာ ထိုငွေနှစ်ရပ်ထဲမှ လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ဆေးရုံများတွင်တန်ဖိုးသင့်ထမင်း၊ ဟင်းလျာများရောင်းချပေးသည်မှာ တိုင်းစစ်ဌာနချုပ်များ၏ အစီအစဉ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း၊ မြန်မာလူမျိုးများမှာ ဓလေ့တစ်ခုပုံစံဖြစ်နေသည်မှာ ဆေးရုံ၊ ဆေးခန်းများကို သွားသည့်အခါတွင် လူနာ၊ လူနာစောင့်နှင့်    လာကြည့်သူများရှိပြီး ၎င်းတို့အား အဆင်ပြေနိုင်စေရန် ရောင်းချပေးလျက် ရှိပါကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ရရှိသည့်အမြတ်ငွေကို တပ်မတော်သက်သာချောင်ချိရေးရန်ပုံငွေအား ပေးသွင်းခြင်းရှိပြီး  ၎င်းငွေထဲမှ  သုံးစွဲမှုရှိကြောင်း၊ Quarantine ထားရှိသည့် အရပ်သူ၊ အရပ်သားများအတွက်လည်း    ၎င်းငွေထဲမှ သုံးစွဲခြင်းဖြစ်ပြီး   Positive    လူနာများထားရှိရန်အတွက် Center လေးခုဖွင့်လိုက်သည့်အချိန်တွင် လိုအပ်လာသည့် ငွေကြေးများကို ၎င်းငွေများအပြင် တပ်မတော်နေ့အတွက် အလှူရှင်များမှလှူဒါန်းထားသည့်ငွေများထဲမှ   ၁၀  ရာခိုင်နှုန်း ထုတ်နုတ်သုံးစွဲသွားရန်   ရည်ရွယ်ထားကြောင်း၊ တပ်မတော်ထဲ၌ ရောဂါပိုးရှိသူ၊ ပြန်လည်သက်သာလာသူများနှင့် ပတ်သက်ပြီး ပြောပြီးဖြစ်ကြောင်း၊ သီးခြားစောင့်ကြည့်ရမည့်လူနာများအတွက်    ဆေးရုံများ ဆောင်ရွက်ပြီးဖြစ်ပြီး ယင်းဆေးရုံ များတွင် ကုသလျက်ရှိကြောင်း၊   အဓိကအနေဖြင့် မင်္ဂလာဒုံတွင်ရှိသည့် တပ်မတော်အသည်းရောဂါကု ဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်ပြီး One News Regional   သတင်းဌာနမှ   သတင်းထောက် ဦးစိုးအောင်က   ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည် ဆိုပါက လက်ရှိအစိုးရ သက်တမ်းကုန်ဆုံးသွားသည့်အချိန်ဖြစ်ပြီး   မိမိတို့နားလည်ထားသည့် အခြေခံဥပဒေအရ ဆက်လက်ဆောင်ရွက်ရမည်ကို နားလည်ထားကြောင်း၊ ယင်းအခြေအနေမျိုး ပေါ်ပေါက်လာလျှင် တပ်မတော်မှ   ဘယ်လိုနားလည်ထားပြီး အခြေခံဥပဒေအရ ဘယ်ပုဒ်မ၊ ဘယ်ပြဋ္ဌာန်းချက်အရ  ဆောင်ရွက်မလဲ၊  တပ်မတော်အကြီးအကဲများကြားတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ထားခြင်းများ ရှိ၊မရှိကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲရွှေ့ဆိုင်းခြင်း၊      မရွှေ့ဆိုင်းခြင်းမှာ ရွေးကောက်ပွဲကော်မရှင်ကိစ္စဖြစ်ပြီး တပ်မတော်အနေဖြင့် လုံခြုံရေးဆိုင်ရာအကြံပြုချက်ကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်း ဖြစ်သည့်အတွက် ၎င်းတို့ဆောင်ရွက်မည့် ကိစ္စဖြစ်ကြောင်း၊ အခြေခံဥပဒေများရှိပြီး ထိုကိစ္စအပေါ် အမြင်အမျိုးမျိုးရှိပြီး တပ်မတော်အကြီးအကဲများအနေဖြင့် ဆွေးနွေး တိုင်ပင်ခြင်းများ ယခုထိမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး One News Regional   သတင်းဌာနမှ သတင်းထောက်ဦးစိုးအောင် က တပ်မတော်၏အမြင်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  မိမိတို့အနေဖြင့်ပြောရမည်ဆိုလျှင်     အခြေခံဥပဒေထဲတွင် ပါဝင်သည့် စာပိုဒ်သာလျှင် တပ်မတော်၏ အမြင်ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး One News Regional   သတင်းဌာနမှ သတင်းထောက်ဦးစိုးအောင် က  ရွေးကောက်ပွဲရွှေ့ဆိုင်းသင့်၊  မသင့်၊ တပ်မတော်၏ အကြံပြုချက်ကို ဖော်ပြချက်ရှိသလား၊   သို့မဟုတ်    အကြံပြုချက်ကို မဖော်ပြရန် ကန့်သတ်ထားခြင်းနှင့် ဆုံးဖြတ်ထားခြင်း ရှိ၊မရှိကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယခုအချိန်ထိ   တပ်မတော်၏အကြံပြုချက် မရှိသေးကြောင်း၊ တပ်မတော်၏ အကြံပြုချက်မှာ လုံခြုံရေးနှင့်ပတ်သက်လျှင် အကြံပြုမည်ဖြစ်ပြီး တပ်မတော်သည် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်ယူနေခြင်း ဖြစ်သည့်အတွက်လုံခြုံရေးနှင့်ပတ်သက်လျှင်     အကြံပြုဆောင်ရွက်နိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး One News Regional   သတင်းဌာနမှ သတင်းထောက်ဦးစိုးအောင်က ယခုချိန်ထိ အကြံပေးရန် မရှိသေးဘူးဆိုလျှင် နောင်ပေါ်ပေါက်ခဲ့ပါက အကြံပေးရန် ရှိမည်လားဆိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  မိမိတို့အနေဖြင့်   လုံခြုံရေးနှင့်ပတ်သက်ပြီး အကြံပြုချက်ဆိုသည်မှာ  လက်နက်ကိုင် ပဋိပက္ခများရှိသည့် ဒေသများတွင် လုံခြုံရေးနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေဘယ်လိုရှိပြီး ပြည်သူလူထုနှင့် ပတ်သက်ပြီး လွတ်လပ်စွာမဲပေးနိုင်၊ မပေးနိုင် သုံးသပ်ချက်ကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်ပြီး ဧရာဝတီသတင်းဌာနမှသတင်းထောက် ဦးထက်နိုင်ဇော်က တပ်မတော်မှရန်ကုန်မြို့ရှိ အင်းစိန်(ရွာမ) ကျောင်းတိုက်ရှိ ဆရာတော်များကို COVID-19    ရောဂါပိုးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းများ ဆောင်ရွက် နေသည်ဟု သိရှိရကြောင်း၊ အခြားမြို့များရှိ သံဃာတော်များက    အခက်အခဲများရှိသဖြင့် အကူအညီတောင်းခံလာပါက တပ်မတော်မှစစ်ဆေးပြီး ကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ၊မရှိ သိလိုပါကြောင်း၊ လက်ရှိအချိန်အထိ တပ်မတော်အနေနှင့် ဘာသာရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း ဘယ်လိုအဖွဲ့အစည်းများကို ကူညီစောင့်ရှောက်မှု ပေးနေသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မေးခွန်းနဲ့ပတ်သက်ပြီး      အချက်အလက်နှင့်သာ ဖြေကြားသွားမည် ဖြစ်ကြောင်း၊ တပ်မတော်အနေနှင့်  COVID-19    ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနှင့် ကွပ်ကဲမှုအောက်ရှိ တပ်အလိုက် ညွှန်ကြားခဲ့ကြောင်း၊  COVID-19    ရောဂါဖြစ်ပွားနေသည့်အခါ ဆရာတော်၊   သံဃာတော်များအနေနှင့်ဆွမ်းခံရန်  အခက်အခဲ ဖြစ်လာနိုင်သည့်အတွက် ဆွမ်းအခက်အခဲမရှိ စေရေးအတွက် တပ်ရင်း/တပ်ဖွဲ့များ၊ တိုင်းစစ်ဌာနချုပ်များအလိုက် အထူးအလေးထားပြီး ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါကြောင်း၊   လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့သတင်းထုတ်ပြန်ချက်များတွင်လည်း  ပါရှိကြောင်း၊ နေ့စဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတွင်ရှိသော စာရင်းဇယားအရ အရှိန်မြင့်နေသော ကာလဖြစ်သည့် ဇွန်လအတွင်း ဆောင်ရွက်ခဲ့သည်ကို ပြောရမည်ဆိုပါက   ဆွမ်းရိက္ခာအမယ်၄ မျိုးလှူဒါန်းခြင်းကို   သံဃာတော် ၁၈၄၃၇ ပါး၊ သီလရှင် ၆၁၃၀ ပါး စုစုပေါင်း၂၄၅၆၇ ပါး၊    ကျောင်းအရေအတွက် ၁၆၂၈ ကျောင်းကို မိမိတို့အနေဖြင့်လှူဒါန်း ခဲ့ပါကြောင်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၇၇၈ သိန်းလှူဒါန်းခဲ့ပါကြောင်း၊ ဒါဟာ ဇွန်လတစ်လတည်းကို ထုတ်နုတ်ပြောခြင်းဖြစ်ပါကြောင်း၊ သတင်းထောက်မေးသွားတဲ့ မေးခွန်းထဲတွင်ပါသည့် ကျန်သောသံဃာတော်များရော၊ ဘာသာရေးခေါင်းဆောင်များနှင့်ပတ်သက်ပြီး ပြောသွားတာရှိပါကြောင်း၊    မိမိတို့တပ်မတော်အနေနှင့် မည်သည့် ဘာသာမဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊    ထိုသို့ပူးပေါင်းဆောင်ရွက်သွားမည့် အကြောင်းကိုလည်း မိမိတို့အနေဖြင့် လက်တွေ့ပြသခဲ့ပြီးဖြစ်ကြောင်း၊  မိမိတို့အနေနှင့်   သွားရောက်လှူဒါန်းခဲ့သည့်အထဲတွင် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများအပြင် ခရစ်ယာန်ဘာသာဘုရားကျောင်းများ၊ မွတ်စလင်ဘာသာဗလီများ၊ ဟိန္ဒူဘာသာဘုရားကျောင်းများကိုပါ သွားရောက်လှူဒါန်းခဲ့သည်ကို ယခုနှစ်အတွင်းလှူဒါန်းမှုများတွင် တွေ့နိုင်ကြောင်း၊  COVID-19    ရောဂါသည်မည်သည့်ဘာသာဝင်ဖြစ်စေ၊ မည်သူဖြစ်စေ၊ မည်သည့်ပါတီဝင်ဖြစ်စေ အကုန်ကူးစက်နိုင်ကြောင်း၊ ခွဲခြားမှုမရှိကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့်လည်း COVID-19   ရောဂါနှင့်ပတ် သက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မကြာခဏပြောသည့်အတိုင်း အမျိုးသားရေး အရေးကိစ္စဖြစ်သည့်အတွက် မိမိတို့အနေဖြင့် မည်သည့်အဖွဲ့အစည်းနှင့် မဆို၊  မည်သည့်ပုဂ္ဂိုလ်နှင့်မဆို  ပြည်သူလူထု၏ လိုအပ်ချက်မှန်သမျှကို အချိန်နှင့်တစ်ပြေးညီ   ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်ပြီး ဧရာဝတီသတင်းဌာနမှသတင်းထောက်     ဦးထက်နိုင်ဇော်က ဒုတိယမေးခွန်းအနေနှင့် ယခု COVID-19    ရောဂါကာလတွင် ရောဂါပိုးတွေ့ရှိမှု အလွန်များပြားလာကြောင်း၊ တစ်နိုင်ငံလုံးတွင်လည်း   ပျံ့နှံ့မှုများဖြစ်နေကြောင်း၊ ဗိုလ်ချုပ်လည်း ရှေ့ပိုင်းတွင်ပြောသွားတာရှိကြောင်း၊ ပြန်လာသည့်တပ်မတော်သားများလည်း  Quarantine ဝင်ရသည်များ၊ အခက်အခဲများလည်းရှိသည်ဟု သိရပါကြောင်း၊ စစ်ဆင်ရေးလုပ်သည့် အခါတွင်လည်း ထိုပြဿနာများနှင့် ရင်ဆိုင်ရမည်ဟု မိမိတို့ယူဆပါကြောင်း၊ အခြေအနေများက ယခုကဲ့သို့ အလွန်ဆိုးရွားနေသည့်အခါ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်ထားဖို့၊ အခြားအကျိုးရှိမည့်၊ ယခုလည်း လုပ်နေသည့် တည်ဆောက်ရေးကိစ္စများ၊ COVID-19    ရောဂါအမြစ်ဖြတ်လုပ်ငန်းများကို ပိုပြီးအာရုံစိုက်သင့်သည်ဟု ထင်ပါသလား၊ ယခုကာလတွင် အတိုင်းအတာတစ်ခုအထိ     တစ်နိုင်ငံလုံးအပစ်ရပ်ကြေညာထားဖို့ရှိ၊မရှိ      သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထင်ပါသလားဆိုသည့် မေးခွန်းကို ပြန်ဖြေရမည် ဆိုပါက ထင်ပါကြောင်း၊ သို့သော် လက်တွေ့လုပ်ဆောင်၍     မရတာဘဲရှိပါကြောင်း၊ ဘာကြောင့်လက်တွေ့ လုပ်ဆောင်၍မရသလဲ ဆိုတာ ယခုအချိန်တွင် တပ်မတော်အနေဖြင့် နယ်မြေများမှာ ထိုးစစ်ဆင်ခြင်းများ မရှိကြောင်း၊ မရှိအောင်လည်း   မိမိတို့လုပ်နေကြောင်း၊ သို့သော်  စစ်ရေယာဉ်ဖြတ်သွားဖြတ်လာ လုပ်နေတာကို တိုက်ခိုက်နေတာတွေ၊ ရွာထဲကနေပြီး တိုက်ခိုက်နေတာတွေ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့်နယ်မြေဒေသလုံခြုံရေးနှင့်   လိုအပ်သည့် လုံခြုံရေးဆိုင်ရာ   လုပ်ဆောင်ချက်များ လုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ ဒီအချိန်မှာ COVID-19    ရောဂါနှင့်ပတ်သက်ပြီး ကုလသမဂ္ဂက ထုတ်ပြန်ထားတာ ရှိကြောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မေတ္တာရပ်ခံချက် သဘောမျိုးထုတ်ပြန်ထားတာဖြစ်ကြောင်း၊  ထို့ကြောင့် မိမိတို့အနေဖြင့် စက်တင်ဘာလကုန်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးထားကြောင်း၊ သို့သော်အကြမ်းဖက် အဖွဲ့အစည်းများ ရှိသည့်နေရာများ  အကျုံးမဝင်ကြောင်း၊  တပ်မတော်အနေဖြင့် လုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အချိန်မှာတောင် ယခုလိုမျိုးတိုက်ပွဲဆင်နွှဲတာ   ချောင်းပစ်မြောင်းပစ်ရှိနေသေးရင် လျစ်လျူရှုထားလျှင် ပိုပြီးဆိုးလာနိုင်ကြောင်း၊ ထို့ကြောင့်လက်တွေ့ လုပ်ဆောင်နိုင်ရန် ခဲယဉ်းကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်ပြီး ဧရာဝတီသတင်းဌာနမှသတင်းထောက် ဦးထက်နိုင်ဇော်က မိမိပို့ထားသည့်မေးခွန်းက   မေးပြီးသွားပြီ ဆိုတော့ အခြားမေးခွန်းပြောင်းမေးချင်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ဘက်တွင် ARSA လှုပ်ရှားမှု ပိုတိုးလာတယ်လို့ ကြားရပါကြောင်း၊ ရွေးကောက်ပွဲကလည်း မကြာခင်မှာရှိတော့ ရွေးကောက်ပွဲနှင့်တိုက်ဆိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ရှိလာလိမ့်မယ်လို့ အိန္ဒိယဘက်က သတင်းတွေမှာ ဖော်ပြနေတာတွေတွေ့ရပါကြောင်း၊ တစ်ချိန်တည်းမှာပဲ တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်နေခြင်းများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာသံအမတ်ကြီးကို ခေါ်ယူဖိအားပေးခဲ့တာတွေ ရှိကြောင်း၊   နောက်ဒီဘက်က ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီအထိတိုင်ထားတာရှိကြောင်း၊ နယ်စပ်လုံခြုံရေးနှင့် ပတ်သက်ပြီး   ဘယ်လိုဆောင်ရွက်နေသလဲ၊ ဘင်္ဂလားဒေ့ရှ်ကတင်ပြတာတွေ ဖိအားပေးတာတွေ၊ ကုလသမဂ္ဂအထိ တိုင်ကြားထားမှု များကို ဘာများတုံ့ပြန်ပြောဆိုချင်ပါသလဲ မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  နယ်စပ်ဒေသလုံခြုံရေးအတွက်   ဘူးသီးတောင်၊ မောင်တောဘက်မှာတော့ AA နှင့် ARSA တို့လှုပ်ရှားမှုတွေပိုများလာတယ်၊ တစ်နယ်တည်းမှာကိုပဲ AA နှင့် ARSA ပြိုင်တူလှုပ်ရှားနေကြောင်း၊ သူတို့အချင်းချင်း တော့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း၊ တစ်ခါမှဖြစ်တာမျိုးမရှိကြောင်း၊ မြေပြင်မှာ ရရှိသည့်သတင်းများအရ   အချင်းချင်း

နားလည်မှုယူထားတာတွေ၊    ပူးပေါင်းဆောင်ရွက်တာတွေရှိကြောင်း၊ ထိုသို့ရှိခြင်းကြောင့် မိမိတို့လုံခြုံရေး တပ်ဖွဲ့ဝင် များက လုံခြုံရေးကို   သေချာဆောင်ရွက်လျက်ရှိကြောင်း၊ နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်တဲ့ဟာက အဲတာတွေပါသလို   စစ်ရေယာဉ်တွေကိစ္စတွေလည်း ပါတယ်လို့ပြောကြောင်း၊ မိမိတို့စစ်ရေယာဉ်များအနေဖြင့် တပ်တွေသယ်ယူ ပို့ဆောင်ရေးအတွက် ဆောင်ရွက်တာရှိကြောင်း၊ မိမိတို့နိုင်ငံ၏ နယ်နိမိတ်ထဲက နေသွားခြင်း ဖြစ်ကြောင်း၊   ဒီဘက်မှာ   လုံခြုံရေးဆိုင်ရာအင်အား တိုးချဲ့ခြင်းများ မရှိကြောင်း၊ လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်ပြီး ပိုမိုဂရုစိုက်ဆောင်ရွက်တာ တွေတော့ ရှိကောင်းရှိနိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံအတွင်းသာ ဆောင်ရွက်နေခြင်းဖြစ်ပြီး  မည်သည့်နိုင်ငံမှ  သွားရောက်ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း၊ မိမိတို့အချုပ်အခြာ ပိုင်သည့်နိုင်ငံက မိမိနိုင်ငံ၏လုံခြုံရေး ဆောင်ရွက်ခြင်းကို   ဘာကြောင့်ကန့်ကွက်ခြင်းဆောင်ရွက်တာကို  မိမိတို့ နားမလည်ကြောင်း၊ သို့သော် မိမိပြောလိုတာက AA နှင့် ARSA အနေဖြင့် ဘူးသီးတောင်-မောင်တောဘက်မှာ လှုပ်ရှားမှုများလာသလဲ၊ မိမိတို့၏လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို  ပိုမိုဆောင်ရွက်သည့်အခါ အခြားနိုင်ငံ တစ်ခုက ယခုလိုအတိအလင်းကန့်ကွက်ကြောင်း၊      ထိုသို့ကန့်ကွက်ရုံသာမက       ကုလသမဂ္ဂထိတိုင်တယ်ဆိုတော့    ဒီရဲ့နောက်ကွယ်မှာအခြားအစီအစဉ်တွေများရှိနေနိုင်သလား ဆိုတာ မိမိတို့သံသယဖြစ်မိကြောင်း၊ မိမိတို့အနေဖြင့်  မိမိတို့နိုင်ငံအနေဖြင့်၊  မိမိတို့ပြည်သူလူထုအနေဖြင့် ဒါနဲ့ပတ်သက်ပြီး လုံခြုံရေးသတိ၊ ကာကွယ်ရေးအမြင်ရှိရန် လိုအပ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး Frontier Myanmarသတင်းဌာနမှ သတင်းထောက်ကောင်းဆက်နိုင်က တပ်မတော်ဘက်မှ ဆွမ်ပရာဘွမ်-တနိုင်း၊ ရှမ်းမြောက်မှာ တပ်အင်အားတိုးချဲ့နေတယ်၊ အဲဒီတပ်အင်အားတိုးချဲ့သည့် စစ်သည်အင်အားက မဲစာရင်းကို အဲဒီမှာပဲ မဲပေးဖို့ ဒေသခံတချို့ မိမိတို့ကိုပြောတာရှိကြောင်း၊   ဟုတ်၊ မဟုတ်သိလိုကြောင်း၊ ဘာလို့တပ်အင်အား တိုးတာလဲ၊ နောက်တစ်ခု အဲဒီအခြေအနေက ရခိုင်ဘက်မှာ တာဝန်ကျတွေ၏  စစ်သည်အင်အားက အဲဒီနေရာမှာ မဲပေးမှာလား၊ ဘယ်လိုပေးမလဲ ဆိုသည့် အခြေအနေကို သိချင်ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ယခင်ကတည်းကတိုင် တိုးချဲ့ထားခြင်းမရှိကြောင်း၊ တိုးစရာလည်း  အကြောင်း မရှိကြောင်း၊ မိမိတို့လုံခြုံရေး ဆောင်ရွက်နေသည့်နေရာတွေမှာ ပဲရှိမည်ဖြစ်ကြောင်း၊ ဒါနှင့်ပတ်သက်လို့    ဒေသခံတွေကို မေးကြည့်ရင် သိမည်ဖြစ်ကြောင်း၊ သူတို့နယ်မြေတွေမှာ ယခင်ကတိုင် အဲဒီတပ်တွေရှိပြီးသား ဖြစ်မည် ဖြစ်ကြောင်း၊ ၎င်းတပ်တွေသည် လုံခြုံရေးအရသာ လှည့်လည်သွားလာနေတာဖြစ်ကြောင်း၊ ကျွန်တော်ဆိုလိုတာက မြန်မာပြည်တောင်ဘက်ဖျား ကော့သောင်းကနေ ပူတာအိုကို တက်လာစရာအကြောင်းမရှိကြောင်း၊ ပူတာအိုဒေသတွင် ရှိနေသည့်တပ်များသည် ထိုဒေသတွင် ယခင်ကတည်းကတိုင် လုံခြုံရေးတာဝန်ကျနေတာ ရှိကောင်းရှိမည်ဖြစ်ကြောင်း၊ ရှေ့တန်းတွေမှာ မဲပေးတာနှင့်ပတ်သက်ပြီး အများအားဖြင့် မိမိသိရှိရသလောက်က ရောက်ရှိသည့်နေရာမှာ မဲပေးလိမ့်မည်ဖြစ်ကြောင်း၊ ရောက်ရှိသည့်နေရာတောင် ရွေးကောက်ပွဲကော်မရှင်ကနေ ဖွင့်လှစ်ထားသည့် မဲရုံတွေမှာသွားပြီး မဲပေးတာ၊       ကြိုတင်ဆန္ဒမဲပေးခြင်းများရှိကြောင်း၊  ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

ဆက်လက်ပြီး Frontier Myanmarသတင်းဌာနမှ  သတင်းထောက်ကောင်းဆက်နိုင်က Facebook တစ်ခုတွင် ထိပ်တန်းလျှို့ဝှက်ချက်ဆိုသည့်သတ်မှတ်ချက်နှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ ထွက်သောစာတွင်    ရွေးကောက်ပွဲတွင် မိတ်ဖက်ပါတီ အောင်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားသည်ဟု သိရကြောင်း၊ တပ်မတော်က ထိုကဲ့သို့ညွှန်ကြားခြင်းရှိ၊ မရှိသိလိုကြောင်း သို့မဟုတ် တိုင်းစစ်ဌာနချုပ်တစ်ခုတည်းကပဲ သက်သက်လုပ်ဆောင်နေခြင်း ဟုတ်၊မဟုတ် သိလိုကြောင်း၊ မညွှန်ကြားထားပါက ယခုစာနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးသွားရန်ရှိ၊ မရှိနှင့်    ညွှန်ကြားထားသည်ဆိုပါက တပ်မတော်၏ မိတ်ဖက်ပါတီသည် မည်သည့်ပါတီ ဖြစ်သည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုစာနှင့်ပတ်သက်၍ မိမိအနေဖြင့် မီဒီယာအားလုံးကို ပြောကြားထားပြီးဖြစ်ပါကြောင်း၊ ထိုစာသည် စာအတုဖြစ်ကြောင်းနှင့် မည်သည့်အတွက်ကြောင့်   စာအတုဖြစ်ရသည်ကို ပြောပြီးဖြစ်ပါကြောင်း၊ တပ်မတော်တွင် စာရွက်စာတမ်းနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ချက်များရှိကြောင်း၊ ရွေးကောက်ပွဲနီးလာသည့် အချိန်မျိုးတွင် အစိုးရနှင့်တပ်မတော်ကြား၊ တပ်မတော်နှင့်နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများအကြား လုပ်ကြံမှုများ    ရှိနေဦးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး Frontier Myanmar သတင်းဌာနမှ သတင်းထောက်ကောင်းဆက်နိုင်က COVID-19 ရောဂါဖြစ်ပွားမှု ကြောင့် တပ်မတော်အတွင်း နေထိုင်သော မိသားစုဝင်များနှင့် တပ်မတော်သားများကို တပ်ထဲတွင်သာနေထိုင်ပါရန် ညွှန်ကြားထားသည်ဟု သိရှိရပါကြောင်း၊    ကိုဗစ်ကာလအတွင်းမှာပဲ ရွေးကောက်ပွဲပြုလုပ်မည်ဆိုပါက တပ်အတွင်း နေထိုင်သူများ အနေဖြင့် အပြင်ထွက်မဲပေးရန် အခက်အခဲ ရှိနိုင်ပါသလား၊ ကြိုတင်မဲပေးခိုင်းခြင်း ရှိပါသလား၊ အခြားမည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက   မရှိပါကြောင်း၊   ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ COVID-19 ကာလအတွင်း တပ်ထဲမှတပ်ပြင်ထွက်သည်ကို မိမိတို့အနေဖြင့် တင်းတင်းကျပ်ကျပ်ကိုင်တွယ်ကြပ်မတ်လျက်ရှိပါကြောင်း၊ ထိုသို့         တင်းကျပ်ရခြင်းအကြောင်းမှာ တပ်မတော်သည် အဖွဲ့အစည်းနှင့်နေသည့် အဖွဲ့ဖြစ်သောကြောင့် မိမိတို့အနေဖြင့် ပိုမိုတင်းကျပ်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် တပ်ပြင်ထွက်မဲပေးရန် အခက်အခဲမရှိကြောင်း၊ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်း များအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကြိုတင်မဲပေးခိုင်းခြင်း၊ အခြားအစီအစဉ်မျိုး မရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။  ။

မြဝတီ